ဒီဇင်ဘာ ၃၀ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ပိတ်လှောင်ခံနေရတဲ့ ကမန်တိုင်းရင်းသားတွေ လွတ်လပ်စွာ သွားလာခွင့်နှင့် အိုးအိမ်တွေ ပြန်လည်တည်ဆောက်ပေးဖို့ ကမန်တိုင်းရင်းသား လူမူကွန်ရက်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထံ လိပ်မူပြီး စာပို့တောင်းဆိုလိုက်ပါတယ်။
တိုင်းရင်းသားစာရင်း မှာ ပါရှိတဲ့ ကမန်တွေ လူ့အခွင့်အရေးအပြည့်အဝ မရဘဲ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးကတည်းက ဒုက္ခသည်စခန်းတွေမှာ ၅ နှစ်ကျော် ပိတ်လှောင်ခံနေရကြောင်း ၊ဒုက္ခသည်စခန်းက ကမန်လူမျိုးတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို မူလနေရာမှာ ပြန်လည်တည်ဆောက်ပေးဖို့၊ လွတ်လပ်စွာခရီးသွားလာခွင့်ပေးဖို့၊ တရားဝင်သန်းခေါင်စာရင်းပြောင်းရွှေ့ခွင့်တွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ထည့်သွင်းေ၇းသား တောင်းဆိုထားတာကို တွေ့ရပါတယ်။
“၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေမှာ ကမန် တိုင်းရင်းသားတွေဟာ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တွေမှာ ရခိုင်အစွန်းရောက်တွေက မီးရှို့ဖျက်ဆီး လုယက်မှု့တွေကြောင့် အိုးအိမ်တွေ ပျက်စီးပြီး ဒုက္ခသည် စခန်းထဲမှာ၂၀၁၂ခုနှစ်ကနေ ယခုအချိန်ထိရှိနေပါတယ်။ ပညာ သင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ဆေးဝါးကုသမှု မရပါဘူး။ ဒါကိုကျနော်တို့က နိုင်ငံတော် အစီအစဉ်ဖြင့် ကမန်တိုင်းရင်းသားတွေကို မူလနေရာမှာ အိမ်တွေပြန်ဆောက်ပေးဖို့ တောင်းဆိုတာပါ။” ကမန်တိုင်းရင်းသား လူမှုကွန်ရက်အဖွဲ့ ဥက္ကဌ ဦးထွန်းငွေက M-Media ကို ပြောပါတယ်။
ကမန်တိုင်းရင်းသားတွေဟာ ရခိုင်မျိုးနွယ်စာရင်းတွင်ပါဝင်က အစိုးရက တရားဝင်သတ်မှတ်ထားသည့် တိုင်းရင်းသားစာရင်းတွင်ပါဝင်ပြီး အများစုမှာ အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်သူတွေ ဖြစ်ပါတယ်။
Comments