ဇန်န၀ါရီ ၄၊ ၂၀၁၇
M-Media
– ၂၀၁၆ ခုနှစ်အတွင်း ပရိသတ်အားပေးထောက်ခံမှုနှင့်ချစ်ခင်မှုကို တခဲနက်ရရှိခဲ့တဲ့ အာရပ်ထိပ်သီး အားကစားသမား ၁၀ ဦးကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။
၁။ ရုသ် ဂျီဘက် – Ruth Jebet

၂၀၁၆ သြဂုတ် ၁၅ ရက်၊ နွေရာသီအိုလံပစ်အားကစားပွဲတော်၊ Rio de Janeiro ရှိ အိုလံပစ်ခန်းမ ဆုပေးပွဲအခမ်းအနား၌ ဘာရိန်းနိုင်ငံ၏အလံကို ကိုင်ဆောင်ထားသော အမျိုးသမီး မီတာသုံးထောင် ခရီးကြမ်းတာဝေးပြေးခုန်ပစ်၏ ရွှေတံဆိပ်ဆုရှင် ရုသ် ဂျီဘက်
ယခုနှစ် အိုလံပစ်ပွဲတော်အတွင်း အာရပ်ကမ္ဘာက အလုံးအရင်းနှင့် ၀င်ရောက်တိုးဝင်ယှဉ်ပြိုင်လာခဲ့သည့်အလျောက် ရွှေတံဆိပ် ၃ ဆုအပါအ၀င် ဆုတံဆိပ်များစွာ ဆွတ်ခူးခဲ့သည်။ ရုသ် ဂျီဘက် သည် အမျိုးသမီး မီတာသုံးထောင် ခရီးကြမ်းတာဝေးပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ သို့သော် 2016 IAAF Diamond League မှ ကမ္ဘာ့စံချိန်ချိုးရန်ကိုမူ နောက်ထပ် ခြေလှမ်းတစ်လှမ်း လိုနေသေးသည်။ သူမသည် ကင်ညာနိုင်ငံ၌ မွေးဖွားသည်။ နိုင်ငံတကာပြိုင်ပွဲတွင် ဘာရိန်းနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်သည်။ သူမ၏မွေးရပ်မြေအား ကိုယ်စားမပြုခဲ့ခြင်းမှာ သူမ၏အောင်မြင်မှုအတွက် သူမ၏ရွေးချယ်မှုဖြစ်သည်။
၂။ အဟ်မဒ် အဘူဂေါ့ရှ် – Ahmad Abu Ghaush

၂၀၁၆ သြဂုတ် ၁၈ ရက်၊ နွေရာသီအိုလံပစ်အားကစားပွဲတော်၊ ဘရာဇီးနိုင်ငံ Rio de Janeiro ရှိ အိုလံပစ်ခန်းမ ဆုပေးပွဲအခမ်းအနား၌ ၆၈ ကီလိုတန်း အမျိုးသားတိုက်ကွမ်ဒိုပြိုင်ပွဲ၏ ရွှေတံဆိပ်ဆုရှင် ဂျော်ဒန်နိုင်ငံမှ အဟ်မဒ် အဘူဂေါ့ရှ်အား တွေ့ရစဉ်
အာရပ်တိုက်ကွမ်ဒိုချန်ပီယံ အဟ်မဒ် အဘူဂေါ့ရှ်သည် ဂျော်ဒန်နိုင်ငံကို ကိုယ်စားပြု၍ ၆၈ ကီလိုတန်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ သူရယူပေးခဲ့သောဆုမှာ ၁၉၈၀ ခုနှစ်ကတည်းက ကမ္ဘာ့အိုလံပစ်ပွဲသို့ စတင်ဝင်ရောက်လာသည့် ဂျော်ဒန်နိုင်ငံအတွက် ပထမဦးဆုံးသော ရွှေတံဆိပ်ဆု အဖြစ် သမိုင်းဝင်ခဲ့သည်။
၃။ ဖာဟာအစ် အလ်ဒီဟန်နီ – Fehaid Al-Deehani
ဤသူမှာ အိုလံပစ်ခေါင်းစဉ်အောက်မှ ပါဝင်ယှဉ်ပြိုင်စေရန် တွန်းအားပေးခံရသည့် ကူဝိတ်နိုင်ငံသား သေနတ်ပစ်သမားတစ်ဦးဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲအတွက် ကူဝိတ်အစိုးရ၏ အပြည့်အ၀ပူးပေါင်းမှု မရှိခဲ့သောကြောင့် ကိုယ်စားပြုခွင့် ရပ်ဆိုင်းခံရသည်။ ထို့ကြောင့် ကူဝိတ်အားကစားသမားများအဖို့ အလွတ်တန်းအားကစားသမားအနေနှင့်သာ စာရင်းသွင်းရန် တွန်းအားတစ်ရပ်ဖြစ်လာသည်။ ထိုအခွင့်အရေးအားဖြင့် ကူဝိတ်နိုင်ငံသား အရာရှိတစ်ဦးဖြစ်သူ အလ်ဒီဟန်နီသည် ပထမဦးဆုံးသော ၂၀၁၆ ခုနှစ် အလွတ်တန်းသေနတ်ပစ် ရွှေတံဆိပ်ဆုရှင် ဖြစ်လာသည်။
၎။ ဆာဂျူ တိုးမား – Sergiu Toma
သူသည် အိုလံပစ်အားကစားပွဲတော်အတွက် နောက်ဆုံးမှ စာရင်းသွင်းသူဖြစ်သည်။ မော်လ်ဒိုဗာ ဇာတိသားဖြစ်သော်လည်း ယူအေအီးနိုင်ငံကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်သည်။ ဂျူဒိုအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး ၎င်းမှာ ယူအေအီးအတွက် ဒုတိယမြောက် အိုလံပစ်ဆုတံဆိပ် ဖြစ်သည်။ ယူအေအီး၏ ပထမဆုံးသော အိုလံပစ်ဆုတံဆိပ်ကို ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲ၌ သေနတ်ပစ်သမား အဟ်မဒ် အလ်မခ်သူးမ်မှ ရယူပေးခဲ့သည်။
၅၊ ၆။ ၀ုဂ်ျဒန် ရှဟာကန်နီ (နှင့်) စာရာ အသ်သာရ် – Wojdan Shaherkani & Sarah Attar

၂၀၁၂ သြဂုတ် ၃ ရက် လန်ဒန်ရှိ ExCel arena တွင်ကျင်းပသော ၇၈ ကီလိုအထက်အမျိုးသမီးဂျူဒိုင်ပြိုင်ပွဲ၌ ဆော်ဒီအာရေဗျကိုယ်စားပြု ၀ုဂ်ျဒန် ရှဟာကန်နီ (အဖြူ)မှ ပေါ်တိုရီကိုနိုင်ငံမှ Melissa Mojica (အပြာ)နှင့် ယှဉ်ပြိုင်နေစဉ်
ယခုနှစ် ဆော်ဒီအာရေဗျ၏ အထူးအလေးထားရသော အားကစားသမားနှစ်ဦးမှာ အမျိုးသမီးများဖြစ်နေသည်။ ဆုတံဆိပ်များမရရှိသည့် အားနည်းချက်ရှိသော်လည်း ဤအမျိုးသမီးနှစ်ဦးသည် အတားအဆီးများစွာကို ကျော်ဖြတ်၍ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အားကစားစင်မြင့်ပေါ်သို့ တက်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သူများဖြစ်သည်။ အမျိုးသမီး အားကစားမယ်များ မပါဝင်စေသည့်အတွက် ဆော်ဒီအာရေဗျအား ပြိုင်ပွဲဝင်ခွင့် ပိတ်အံ့ဆဲဆဲတွင် ၀ုဂ်ျဒန် ရှဟာကန်နီ (နှင့်) စာရာ အသ်သာရ် တို့က မိမိတို့၏နိုင်ငံကိုယ်စားပြုအဖြစ် စာရင်းသွင်းကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဟိဂျာ့ဗ် ခေါင်းဆောင်းပုဝါ ဆင်ယင်ခွင့်ရရှိရေးမှသည် ဆော်ဒီအစိုးရနှင့်ပြည်သူတို့က ၎င်းတို့အား အမျိုးသမီးများအဖြစ်အမြင်မထားရှိဘဲ အားကစားသမားများအဖြစ် အသိအမှတ်ပြုခွင့်ရရှိနိုင်ရေးအထိ ပြဿနာပေါင်းများစွာကို ဖြေရှင်းခဲ့ကြသည်။ ၀ုဂ်ျဒန် ရှဟာကန်နီ သည် ၂၀၁၂ ကလည်း အိုလံပစ်အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်သည်။
၇။ မုဟမ္မဒ် ခမစ္စ ခလဖ် – Mohammed Khamis Khalaf
သူသည် Rio အိုလံပစ်အားကစားပွဲတော်၌ ယူအေအီးနိုင်ငံအတွက် သူ၏ ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သည်။ ပထမအကြိမ်မှာ ၂၀၀၄ အေသင်အိုလံပစ်အားကစားပွဲတော်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ၈၈ ကီလိုတန်း အကြီးတန်းအလေးမပြိုင်ပွဲ၌ ၂၂၀ ကီလို အမြန်မတင်ခြင်းဖြင့် ပထမဆုကို ဆွတ်ခူးသည်။ ခလဖ်သည် ကလေးဘ၀က ပိုလီယိုရောဂါကြောင့် ခြေထောက်များ မသန်စွမ်းခဲ့သော်လည်း ဤအားကစားတွင် ပြိုင်ဖက်မရှိ ရွှေတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
၈။ အိုမာ အလ်ဆိုမာ – Omar Al Somah

၂၀၁၂ မေလ ၅ ရက် ကူဝိတ် ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲတွင် တွေ့ရသော အလ်ကဒ်စီယာအသင်းသား အိုမာ အလ်ဆိုမာ (၀ဲဖက်)နှင့် အလ်အရ်ဘီအသင်းသား အဟ်မဒ် အဗ်ဒုလ်ဂဖ္ဖာ
ဘောလုံးအားကစားလောကတွင် ထင်ရှားသော အာရပ်ကစားသမားများကို မရှိသလောက်သာ တွေ့မြင်ကြရ၏။ အိုမာ အလ်ဆိုမာသည် ဤစာရင်းဝင် ပထမဦးဆုံးကစားသမားဖြစ်သည်။ သူသည် ဆီးရီးယားနိုင်ငံသားဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ကပင် အလ်အဟ်လီအသင်းအတွက် ကစားသည်။ Saudi Pro League ပြိုင်ပွဲတွင် ပြိုင်ပွဲရာသီ၏ အကောင်းဆုံးကစားသမားဆုဖြစ်သော ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိသည်။ လက်ရှိအချိန်သည် သူသည် သွင်းဂိုး ၁၄ ဂိုးဖြင့် ဦးဆောင်နေသဖြင့် ထိုဆုကို ထပ်မံရရှိဦးမည့် အလားအလာရှိနေသည်။
၉။ ရီယာ့ဒ် မရ်ဟက်ဇ် – Riyad Mahrez

FC Copenhagen အသင်းသား သောမတ်စ် ဒီလာနီနှင့် ဘောလုံးယှဉ်ကစားနေသော Leicester City အသင်းသား ရီယာ့ဒ် မရ်ဟက်ဇ်
ဤအာရပ်ကစားသမားကမူ ကျန်သူထက် ပို၍ အနည်းငယ် လူသိများ၏။ အခြားသူများနှင့် ကွဲပြားခြားနားသည့် အနေအထားတစ်ခုတွင် ရှိနေ၍ဖြစ်သည်။ ရီယာ့ဒ် မရ်ဟက်ဇ် သည် အလ်ဂျီးရီးယားနိုင်ငံသား တောင်ပံကစားသမားတစ်ဦးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အထူးအောင်မြင်ခဲ့သော Leicester City အသင်းအတွက် ကစားနေသည်။ ပြီးခဲ့သော အားကစားရာသီတွင် Leicester City အသင်း၏အောင်မြင်မှုနှင့်အတူ သူ၏ကြေးမှာ ပေါင် ၄.၅ သန်းမှ သန်း ၃၀ ၀န်းကျင်အထိ မြင့်တက်သွားသည်။ မျှော်လင့်ချက်ကင်းမဲ့နေသော၊ ရုန်းကန်နေရသော အခြားအာရပ်အားကစားသမားများအဖို့ မရ်ဟက်ဇ်အား စံပြုအပ်သည်။ သူ၏အနေအထားက မည်သူမည်ဝါဖြစ်စေ၊ မည်သည့်နေရာကလာသည်ဖြစ်စေ ကျားကုတ်ကျားခဲကြိုးစားခြင်းနှင့် နစ်မြုပ်လုံးပန်းသာ အခရာကျကြောင်း ပြသနေသည်။
၁၀။ ယူစ်ရာ မာဒီနီ – Yusra Mardini
အသက် ၁၈ နှစ်အရွယ် ဆီးရီးယားသူ ရေကူးမယ် ယူစ်ရာ မာဒီနီသည် ၂၀၁၆ ဘရာဇီးအိုလံပစ်ပွဲတော်ကာလအတွင်း ကမ္ဘာတစ်ဝှန်း၏ ချစ်ခင်အားပေးမှုကို ရရှိခဲ့သူဖြစ်သည်။ သူမသည် ကမ္ဘာ့ပထမဆုံး ဒုက္ခသည်များအသင်းကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည်။ ပြည်တွင်းစစ် အရှိန်မြင့်မားစဉ် သူမသည် ဆီးရီးယားမှ ဥရောပသို့ ထွက်ခွာလာခဲ့သည်။ အန္တလန်တိတ်သမုဒ္ဒရာကို တူရကီမှ ဖြတ်သန်း၍ ဥရောပတွင် ခိုလှုံခွင့်တောင်းခံခဲ့သော ရွှေ့ပြောင်းဒုက္ခသည် သန်းပေါင်းများစွာအနက် အပါအ၀င်တစ်ဦးဖြစ်သည်။ သူမသည် စီးနင်းလိုက်ပါလာသော ရာဘာလှေ နစ်မြုပ်စဉ် ရေထဲဆင်း ကူးခတ်တွန်းယူ ခရီးဆက်ခဲ့သည်သာမက ရေမကူးတတ်သူများကိုပါ ကူညီကယ်ဆယ်ခဲ့သူလည်းဖြစ်၏။
Ref : Al Arabiya
Comments