6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၆၊ ၂၀၁၇
M-Media

– အစ္စလာမ်သာသနာနဲ့စပ်လျဉ်းပြီး မပြည့်မစုံလွဲချော်တဲ့ အချက်အလက်တွေ အလွန်များပြားနေပါတယ်။ အစ္စလာမ်ဟာ အကြမ်းဖက်သာသနာ၊ မွတ်စ်လင်မ်အမျိုးသမီးတွေဟာ အဖိနှိပ်ခံ ဆိုတဲ့ တယူသန်အစွဲတွေကို အနောက်တိုင်းမီဒီယာများက မပြတ်တမ်း သွတ်သွင်းလေ့ရှိတယ်။ “American Sniper” လို လူကြိုက်များ ရုပ်ရှင်တွေကလည်း အီရတ်လိုဒေသမျိုးကို သက်ဆိုင်ရာ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်း လုံးဝမပါဝင်ဘဲ စစ်မက်ဇုံဖုန်ထူတောအဖြစ် အသွင်ဆောင်စေခဲ့တယ်။ သူတို့ကိုယ်တိုင်က အကြောက်တရား၊ သောကများနဲ့အတူ ဗလီမီးရှို့ခြင်း၊ ကာယကံမြောက် လူတွေအပေါ် တိုက်ခိုက်ခြင်း ဆိုတဲ့ တဖက်သတ်အစ္စလာမ်ကြောက်လုပ်ရပ်များထဲ နစ်ဝင်နေတာ ထင်ရှားနေပါတယ်။

အဆိုပါ စိုးရိမ်သောကမျိုးရဲ့ အဓိကအကြောင်းရင်းကတော့ အသိပညာဗဟုသုတ ကင်းမဲ့ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ အမေရိကန်အများစု(၅၂ ရာခိုင်နှုန်း)က အစ္စလာမ်အကြောင်း လုံးဝ မသိရှိကြဘူး ဆိုပြီး ဖော်ပြထားပါတယ်။ ဒါ့အပြင် ၃၆ ရာခိုင်နှုန်းက ဒီသာသနာအကြောင်း ပိုမို သိရှိချင်နေပါတယ်လို့ ဆိုနေကြတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ အသက် ၃၀ အောက်လူငယ်များအနက် အစ္စလာမ်သာသနာအပေါ် အကောင်းမြင်သူ ၄၆ ရာခိုင်နှုန်းအထိ ရှိနေတာပါပဲ။

ဒီစာရင်းကိန်းညွှန်းတွေက ပညာပေးလိုသူများအဖို့ အခွင့်အလမ်းကောင်းတစ်ရပ်ကို လှစ်ဟပြနေပါတယ်။ ပညာပေးသွန်သင်သူများဟာ အထက်တန်းကျောင်းနဲ့ ကောလိပ်သမိုင်းသင်ရိုးများမှာပါ အစ္စလာမ့်သွန်သင်ချက်များကို အဆင့်မြင့်တင်ပေးဖို့ ကြိုးစားနေကြကြောင်း အစ္စလာမ့်အနုပညာရှင်နဲ့ ဗိသုကာပညာရှင်ဖြစ်တဲ့ ကျွန်တော်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းကပင် သတိပြုမိပါတယ်။

ဒါပေမယ့်လည်း ပြဿနာကတော့ – အစ္စလာမ့်ရေးရာသွန်သင်ချက်များကို သာသနာ့ကျင့်သုံးမှုနဲ့ ဘောင်ခတ်ထားခြင်း ခံနေရတာပါပဲ။ အနုပညာနဲ့ ယဉ်ကျေးမှုအပေါ် ဒီအကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး အမေရိကမှာလည်း ရံဖန်ရံခါမှသာ ဆွေးနွေးမိကြတယ်။

အစ္စလာမ့်ရေးရာသွန်သင်ချက်များမှ လိုအပ်မှုများ

အထက်တန်းသမိုင်းစာအုပ်တွေထဲမှာ အလယ်ခေတ်နဲ့ ပညာရေးပြန်လည်ဆန်းသစ်မှုခေတ်ကာလအတွင်း ဥရောပ၊ အာရှနဲ့ အာဖရိကတို့ရဲ့ ဆက်နွှယ်ပတ်သက်မှုသမိုင်းကြောင်းတို့ကို မဆိုစလောက်လေးသာ ဖော်ပြထားကြတယ်။ ဒီခေတ်ရဲ့ အနုပညာ၊ စာပေနဲ့ ဗိသုကာလက်ရာအကြောင်းဆိုရင် ပိုလို့တောင် နည်းပါးတာကို တွေ့ရပါတယ်။

ဥပမာအားဖြင့် နယူးယော့ခ် လူထုအထက်တန်းကျောင်းရဲ့ ကမ္ဘာ့သမိုင်းဖတ်စာအုပ် အခန်း ၁၀ ထဲမှာ “မွတ်စ်လင်မ်လောက” အကြောင်းကိုတော့ ဖော်ပြထားပါရဲ့။ သို့သော် အေဒီ ၇ ရာစုကနေ ၁၇ ရာစုထိ နှစ်တစ်ထောင်ကျော် သမိုင်းရှည်ကြီးထဲက “အာရဗ်စစ်တပ်တွေနဲ့ အစောပိုင်းခေတ်သစ်မွတ်စ်လင်မ်အင်ပါယာတွေ” အကြောင်းကိုသာ ဇောင်းပေးပြီး အကျဉ်းသဘော ဖော်ပြလိုက်ကြတယ်။

ဖာသွိမိုက်ခေတ်၏အနုပညာကို မွေးစားပုံဖော်ထားသည့် Palatine ဓမ္မာရုံ

အဲ့ဒီလို အကျဉ်းရုံးလေးသာ ကွက်ကွက်လေးဖော်ပြလိုက်တဲ့အတွက် ဒီကာလအတွင်း ယဉ်ကျေးမှုဖလှယ်ကူးလူးခြင်းတွေအကြောင်း လစ်ဟာပျောက်ဆုံးသွားရတယ်။ ဥပမာ အလယ်ခေတ် စပိန်မှာဆိုရင် Troubadour စာဆိုကျော်များဟာ အရဗီဘာသာစကားကနေ စပ်ဆိုနည်းတွေကို မွေးစားအသုံးပြုခဲ့ကြတယ်။ စပိန်နိုင်ငံတောင်ပိုင်းမှာက ၁၅ ရာစုရောက်တဲ့အထိ အာရဗီဟာ တရားဝင်ရုံးသုံးဘာသာစကား ဖြစ်ခဲ့တယ်။ အလားတူစွာပဲ စစ္စလီက ၁၂ ရာစု Palatine ဓမ္မာရုံဟာလည်း ၁၀ နဲ့ ၁၂ ရာစုအကြား အီဂျစ်မင်းဆက် ဖာသွိမိုက်တို့ရဲ့ နန်းဆောင်ပုံဟန်များအတိုင်း ရွှေချဆေးခြယ်ထားခဲ့တာပါ။

လူတွေရဲ့ ရွှေ့ပြောင်းသွားလာမှု၊ အတွေးအမြင်များပေါ် အခြေတည်တဲ့ အဆိုပါ ဖလှယ်ကူးလူးမှုတွေကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။

အစ္စလာမ့်ယဉ်ကျေးမှုသမိုင်းကို နက်နက်ရှိုင်းရှိုင်း နားမလည်ဘဲ အစ္စလာမ့်သမိုင်းကို ပြောပြဖို့ မဖြစ်နိုင်ဘူးလို့ အဓိက ဆိုချင်တာပါ။

၁၉ ရာစုနှစ်ကျမှ တီထွင်အသုံးပြုလိုက်တဲ့ “အရှေ့အလယ်ပိုင်း” ဆိုတဲ့ အသုံးအနှုန်းမှာ အစ္စလာမ်နဲ့နီးစပ်နေတဲ့ ဒေသတွင်းက လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပေါင်းစပ်ဖြစ်တည်မှုတွေ သို့မဟုတ် ဘာသာတရားတွေ မပါဝင်ပါဘူး။ ဒါပေမယ့် ဒီအသုံးအနှုန်းကို ဒီအတိုင်းပဲ ဒီနေ့ထက်ထိ ဆက်လက်အသုံးပြုနေကြပါတယ်။

အနုပညာနဲ့ အရေးပါအခရာကျတဲ့ အချိတ်အဆက်များ

ဒါဆိုရင် ပညာပေးလမ်းညွှန်သူများအနေနဲ့ ဒီအပေါ် ဘယ်လိုအသိအမြင် မြှ့င်တင်အပ်ပါသလဲ ?
ကျွန်တော့်အမြင်ရှုထောင့်အရ တကယ်လို့များ အထောက်အထားတွေကို ဘာသာရေးတစ်မျိုးတည်းနဲ့ ဖွင့်ဆိုခြင်း မပြုဘူးဆိုရင်တော့ မြင်ကွင်းတစ်ခုလုံးကို ဆေးခြယ်ပေးနိုင်ပါလိမ့်မယ်။ ဆိုလိုတာက ပညာပေးလမ်းညွှန်သူများဟာ စာဆိုနဲ့ အနုပညာရှင်များ၊ ဂီတပညာရှင်နဲ့ ဗိသုကာများအားဖြင့် ဖြတ်သန်းယှက်နွှယ်ဖြစ်ပေါ်လာတဲ့ ယဉ်ကျေးမှုကူးလူးဖလှယ်ချက်များအပေါ်မှာလည်း အာရုံစိုက်အလေးထားနိုင်ရပါမယ်။ အထက်တန်းကျောင်းရော တက္ကသိုလ်မှာပါ စိတ်ကူး၊ ဂီတ၊ စာပေ အစရှိသော အနုပညာက အစ္စလာမ်နဲ့ အခြားကမ္ဘာ့သမိုင်းများအကြားက အရေးပါအခရာကျတဲ့ အချိတ်အဆက်တို့ကို ရှင်းလင်းပုံဖော်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဥပမာပေးရရင် ပညာတန်ဆောင်ခေတ်အကြောင်းသင်ကြားတဲ့ သင်တန်းက ၁၅ ရာစုနှစ် အီတလီ ပန်းချီဆရာ Gentile Bellini ဟာ အစ္စတန်ဘူလ်ပြည့်ရှင် Mehmet II ရဲ့ ညီလာခံသဘင်မှာ ဘယ်လောက်ကျော်ကြားသွားကြောင်း ရှင်းပြပေးနိုင်ပါမယ်။ Mehmet II က တော်ဝင်နန်းပုံတူပန်းချီကားတစ်ချပ် ပုံဖော်ဖို့ တာဝန်ပေးခဲ့တယ်။ ပြီးတော့ ဒါကို ဥရောပတစ်ခွင်က ဘုရင်မင်းတွေဆီ ပို့ဆောင်ခဲ့တယ်။ သူ့ရဲ့အနုပညာလက်ရာဟာ ဒေလီ၊ အစ္စတန်ဘူလ်၊ ဗင်းနစ္စ၊ အမ်စတာဒမ် စတဲ့ အစောပိုင်းခေတ်မီမြို့ပြကြီးတွေအကြား ဖြစ်တည်နေတဲ့ အနုပညာကူးလူးဖလှယ်မှုဆိုင်ရာ အံ့မခန်း စံနမူနာတစ်ခု ဖြစ်သွားစေခဲ့တယ်။

ဒီလိုသင်တန်းမျိုးက သင်တန်းတက်သူများကို ဒတ်ခ်ျပန်းချီဆရာ Rembrandt ရဲ့ မဂိုလက်ရာ အသေးစားပန်းချီကားချပ်တွေ စုဆောင်းတဲ့အကြောင်း သိစေဖို့လည်း အထောက်အကူပြုစေနိုင်ပါတယ်။ ၁၆ ရာစုမှ ၁၈ ရာစုနှစ်များအတွင်း အီရန်မင်းဆက် ဆာဖာဝီ အင်ပါယာက ပိုးထည်များဟာ အလွန်ကျော်ကြားလူကြိုက်များလှတဲ့အတွက် ပိုလန်ဘုရင်များက သူတို့ရဲ့ဝတ်ရုံတွေကို အစ္စဖာဟန်မှာ ယက်လုပ်စေခဲ့ကြတယ်။

ဒီအနုပညာဖလှယ်မှုဟာ ဥရောပရဲ့ ပညာစုံဆန်းသစ်ခြင်းခေတ်ကာလအထိ ရွေ့လျားနေခဲ့တယ်။ အဲ့ဒီခေတ်က နိုင်ငံရေးဗဟိုပြုအတွေးအမြင်တွေ၊ ဒဿန၊ သိပ္ပံ၊ ဆက်သွယ်ရေးတွေဖက် တမဟုတ်ချင်း ဦးစိုက်ထိုးဝင်လာကြတဲ့ ကာလတစ်ရပ်ဖြစ်တယ်။ Montesquieu လို ကလောင်ရှင်များက မိမိတို့ရဲ့ သာသနာ့ရေးရာထုံးတမ်းများနဲ့ပတ်သက်ပြီး နည်းလမ်းတကျဝေဖန်သုံးသပ်ဖို့ အရှေ့အလယ်ပိုင်းဖက် ဦးလှည့်ခဲ့ကြတဲ့အကြောင်းလည်း ဒီလိုသင်တန်းမျိုးက ခင်းကျင်းပြဆိုပေးသွားပါလိမ့်မယ်။

အလားတူစွာ ကဗျာလင်္ကာအတန်းကလည်း ဂျာမန်စာရေးဆရာ Wolfgang von Goethe ရဲ့ ရေးသားချက်များနဲ့ အစ္စလာမ်အကြားက အချိတ်အဆက်တွေကို ပြသပေးမှာ ဖြစ်ပါတယ်။ သာဓကအားဖြင့် “West-Eastern Diwaan” ဆိုတဲ့ သူရဲ့ ကဗျာလင်္ကာစုစည်းချက်တစ်ခုပါပဲ။

ကျောင်းသူကျောင်းသားအများစုအဖို့ အစ္စလာမ်အပေါ် မိမိတို့ရဲ့တင်ကြိုမှန်းဆချက်တွေ လွှမ်းမိုးနေတာတောင်မှ ဒီအချိတ်အဆက်များကို သိမြင်သွားစေနိုင်ပါလိမ့်မယ်။ ဥပမာ အလယ်ခေတ်ဗိသုကာလက်ရာအကြောင်း အတန်းထဲ ကျွန်တော် သင်ကြားချိန်မှာ ကမ္ဘာရှေးအကျဆုံးနဲ့ လက်ရှိထိ လည်ပတ်နေတဲ့ တက္ကသိုလ်ကြီးနှစ်ခုဟာ မြောက်အာဖရိကတိုက်၊ မော်ရိုကိုမှာရှိတဲ့ Fez နဲ့ ကိုင်ရို ဖြစ်တဲ့အကြောင်း သိလိုက်ရတဲ့အခါ ကျောင်းသူကျောင်းသားတွေက အံအားတကြီးဖြစ်သွားခဲ့ကြတယ်။

စင်စစ်မှာတော့ သမိုင်းအချက်အလက်ထဲက ခေတ်ပြိုင်နိုင်ငံရေးကို တစ်ကန့်စီ ခွဲထုတ်ပြဖို့၊ နှစ် ၂၀၀၀ နီးပါး သက်တမ်းရှိ ဘာသာတရားတစ်ခုရဲ့ မတူကွဲပြားမှုနဲ့ ယဉ်ကျေးမှုကို ပြည့်ပြည့်စုံစုံ သင်ကြားဖို့ မလွယ်ကူလှပါဘူး။

နယူးယော့ခ်မြို့က Metropolitan အနုပညာပြတိုက်မှာ “Jerusalem 1000-1400: Every People Under Heaven” လို့ ခေါင်းစဉ်တပ်ထားတဲ့ ပြပွဲတစ်ရပ်ကို ပညာပေးလမ်းညွှန်သူများက လေ့လာကောင်းလေ့လာမိကြပါလိမ့်မယ်။ အဲ့ဒီပြပွဲဟာ ခရစ်ယာန်၊ ဂျူး၊ အစ္စလာမ် ဆိုတဲ့ (တမန်တော်) အေဘရာဟင်နဲ့ ဆက်နွှယ်နေတဲ့ ဘာသာတရားများက တစ်ခုနဲ့တစ်ခု လွတ်လပ်စွာကူးလူးဆက်စပ်နေပုံကို အနုပညာ၊ ဂီတ၊ စာပေရဲ့ ဘောင်အတွင်းကနေ ဖော်ကျူးထားပါတယ်။ ဂျေရုဆလင်မြို့တော်ဟာ မတူကွဲပြားတဲ့ တစ်ရာ့တစ်ပါးသောလူမျိုးများ အခြေစိုက်ရာဒေသဖြစ်ကြောင်း၊ ဒီမြို့ရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးဖြစ်စဉ်အတွင်းထဲမှာ အနုပညာများက အဓိကအခန်းကဏ္ဍမှာ ပါဝင်နေကြောင်း မြင်တွေ့ကြရမှာပါ။

အမေရိကမှ မွတ်စ်လင်မ်များ

ဒီအချိတ်အဆက်များဟာ အတိတ်ကာလတစ်ခုထဲတင်မက လက်ရှိခေတ်များအထိ ဖြစ်တည်နေဆဲပါ။ အမေရိကကို ကြည့်ကြပါစို့။ အစ္စလာမ်ဟာ ရာစုနှစ်များစွာ ရှိနေပြီး ယဉ်ကျေးမှုသန္ဓေရဲ့အစိပ်အပိုင်းတစ်ရပ်အထိ ဖြစ်နေပါပြီ။

မစ္စစ္စပီမြစ်ဝှမ်းကနေ ရှီကာဂိုမိုးကုပ်စက်ဝိုင်းအနားသတ်မျဉ်းအထိ မွတ်စ်လင်မ်တွေက ကောင်းကျိုးဆောင်ပေးဆပ်ခဲ့ကြတယ်။ ဒီပေးဆပ်မှုတွေက မထင်မရှား ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဥပမာ – တောင်ပိုင်းဒေသက အနောက်အာဖရိကန်ကျွန်တွေဟာ ဘလူးစ်တေးဂီတကို အဓိက မိတ်ဆက်ပေးခဲ့သူတွေဖြစ်တယ်။ သူ့ရဲ့ ရှုပ်ထွေးနက်နဲတဲ့ အသံထုတ်သီဆိုပုံနဲ့ စည်းချက်ဂီတများဟာ အစ္စလာမ့်ခ၀ပ်မှုထုံးတမ်းစဉ်လာများနဲ့ ပေါင်းစပ်ထားပါတယ်။ သို့သော်လည်း ဒီအရာတွေထဲက ကျောခိုင်းခံရတာ မနည်းလှပေဘူး။

ဗိသုကာပညာလည်း ဒီအတိုင်းပဲ ဖြစ်ရပါတယ်။ ခေတ်သစ်အမေရိကန်ဗိသုကာပညာများအနက် စံပြလက်ရာတစ်ခုဟာ ရှီကာဂိုမြို့က Sears တာဝါကြီးဖြစ်ပါတယ်။ ဒီတာဝါကို ဘင်္ဂလားဒေ့ရှ်နွယ် အမေရိကန်လူမျိုး အင်ဂျင်နီယာ ဖဇ်လုရ် ရဟ်မာန်းခန်းက ပုံစံထုတ်ခဲ့တာပါ။

အနုပညာနဲ့ ဗိသုကာပညာနဲ့ပတ်သက်ပြီး မွတ်စလင်မ်တို့ရဲ့ အားထုတ်ပေးဆပ်မှုများက အမေရိကရဲ့ မတူကွဲပြားမှုကို ထင်ဟပ်စေယုံမျှသာမက ဒီတိုင်းပြည်ထဲက အစ္စလာမ်ရဲ့မတူကွဲပြားမှုကိုပါ ပေါ်လွင်နေစေပါတယ်။ အမေရိကမှာရှိတဲ့ မွတ်စ်လင်မ်များထံမှာ လူမျိုး၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ စုံလင်ကြွယ်ဝလှပါတယ်။ ဒီအသိအမြင်က အမေရိကန်မွတ်စ်လင်မ်လူငယ်များအဖို့ အရေးကြီးပါတယ်။ ရံဖန်ရံခါ ပြင်ပလူအဖြစ် မိမိဖာသာ ခံစားမိစေတဲ့ တိုင်းပြည်ထဲမှာ သူတို့တစ်တွေက ကိုယ်ပိုင်ရပ်တည်မှုအတွက် ရုန်းကန်နေကြရတယ်။

အထူးသဖြင့် အနုပညာနဲ့ ၀ိဇ္ဖာပညာရပ်ဆိုင်ရာ ပညာပေးလမ်းညွှန်သူများအဖို့ အရေးကြီးအခန်းကဏ္ဍတစ်ရပ်အနေနဲ့ ဒီဘာသာရေးအသိအမြင်ထဲ ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းကျောင်းပေးရပါမယ်။ ဒါဆိုရင်ဖြင့် ကျောင်းသူကျောင်းသားများဟာ မတူကွဲပြားမှုထဲရှိတဲ့ ညီညွတ်စုစည်းမှုအပေါ် သိမြင်နားလည်သွားစေမှာဖြစ်ပါတယ်။ ၁၃ ရာစုနှစ်က ဂန္ထ၀င် မွတ်စ်လင်မ်စာဆိုကြီး ရူမီရဲ့ အကျော်ကြားဆုံး ကဗျာတစ်ပုဒ်နဲ့ အဆုံးသတ်လိုက်ပါရစေ။

“ဘာသာတရားအားလုံးက သီချင်းတစ်ပုဒ်တည်းကိုသာ သီကျူးနေကြတာပါ။ ကွာခြားမှုများကတော့ မြင်ယောင်မှန်းဆမှုနဲ့ အတ္တတရားလေးပါပဲ”

မူရင်း – What’s missing in the teaching of Islam ; The Conversation
ပြန်ဆိုသူ – သြရသ ရေချမ်း

Comments are closed.