ဇန်န၀ါရီ ၁၇၊ ၂၀၁၇
M-Media
– ဆာရာဒတ် ခါဒီမာလ်ရှာရီယာလို့ ခေါ်ဆိုပြီး ဆာရာ ခါဒင်မ်လို့သိကြတဲ့ အီရန်က အသက် ၁၉ နှစ်အရွယ် စစ်တုရင်မယ်လေးဟာ စစ်တုရင်အားကစားလောကမှာ အမြင့်ဆုံး ဆုတံဆိပ်တွေဖြစ်တဲ့ International Master နဲ့ Woman Grandmaster ဘွဲ့တွေကို ပိုင်ဆိုင်ထားသူပါ။
စစ်တုရင်ချန်ပီယံအများစုလိုပဲ ခါဒင်မ်ဟာ အသက် ၈ နှစ်အရွယ်ကနေစပြီး ကစားခဲ့တာ ဖြစ်ပါတယ်။ နောက်ထက် ၄ နှစ်အကြာမှာတော့ အသက် ၁၂ နှစ်အောက် ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
အီရန်ရဲ့ ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးတွေဟာ အားကစားပွဲ တော်တော်များများကို သွားရောက်ခွင့်မရကြပါဘူး။ အပြင်ထွက်ရင် ပုဝါဆောင်းရသလို၊ အားကစားပြိုင်ပွဲတွေမှာလည်း ပုဝါဆောင်းပြီး ယှဉ်ပြိုင်ရပါတယ်။
အခုအချိန်မှာ ကာဒင်မ်ရဲ့ အောင်မြင်မှုဟာ အားကစားလောကကို ၀င်ရောက်ဖို့တာဆူနေတဲ့ အီရန်လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီငယ်လေးတွေအတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။
အလ်ဂျာဇီးရား သတင်းဌာနဲ့ ဆာရာ ခါဒင်မ်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုကို M-Media ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
မေး – အသက် ၈ နှစ်အရွယ် စစ်တုရင်နဲ့စပြီး ထိတွေ့တယ်။ နောက် ၄ နှစ်ကြာတဲ့အခါမှာ ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တယ်။ အဲဒီအကြောင်းလေး ပြောပြပါအုံး။
ဖြေ – ကျွန်မ ၂ တန်းတုန်းက သူငယ်ချင်းတစ်ယောက်က စစ်တုရင်ကစားမယ်လို့ပြောတယ်။ အရင်က စစ်တုရင်ခုံကိုတောင် မမြင်ဖူးပါဘူး။ မိသားစုထဲမှာလည်း ကစားတဲ့လူ တစ်ယောက်မှ မရှိဘူး။ ဟိုဒီ လျှောက်ရွှေ့ပြီး နောက်ပိုင်း ကျွန်မ ကြိုက်လာတယ်။ ဒါ့ကြောင့် အပတ်တကုတ် ကြိုးစားအားထုတ်ပါတယ်။ ကလေးဘ၀ကတည်းက တစ်နေ့ကို ၆ နာရီ ၇ နာရီလောက် လေ့ကျင့်တယ်။ အဲဒီလို လေ့ကျင့်မှုရဲ့အကျိုးကို နောက်ထပ် ၄ နှစ်အကြာမှာ ခံစားရတယ်လို့ ထင်ပါတယ်။
မေး – အဲဒီတုန်းက စစ်တုရင်ဆိုတာ အီရန်မှာ လူကြိုက်မများသေးဘူး။ မိသားစုက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို အားပေးရဲ့လား။ ပညာရေးမှာရော ထိခိုက်မှုရှိခဲ့လား။
ဖြေ – စစ်တုရင်ကစားတာက စိတ်ကိုတည်ငြိမ်စေတယ်၊ ပညာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ သိထားတာကြောင့် မိသားစုက သဘောကျပါတယ်။ ဒါပေမယ့် ဒါက ကျွန်မအတွက် ဘာမှမထူးပါဘူး။ (ရယ်လျက်) စစ်တုရင်စကစားကတည်းက ကျောင်းကို မမှန်တော့ဘူး။
စာမေးပွဲဖြေတဲ့အချိန်လောက်မှ ကျောင်းသွားတယ်။ စာကိုလည်း မဖြေခင် ၂ ရက်လောက်မှ ကျက်ဖြစ်ပါတယ်။
မေး – ဒါဆိုရင် အထက်တန်းဘယ်လိုအောင်ခဲ့သလဲ။
ဖြေ – ဖေဖေက ရူပနဲ့ သင်္ချာကို ကူလုပ်ပေးတယ်။ သူက သင်္ချာတော်တယ်လေ။ အခြား ဘာသာရပ်တွေကိုတော့ ကျွန်မကိုယ်တိုင် လုပ်ရတာပေါ့။ အဆင့်မကောင်းပေမယ့်။ စာမေးပွဲတိုင်းတော့ အောင်ခဲ့ပါတယ်။
မေး – စစ်တုရင်ကိုပဲ ဦးစားပေးတော့မယ်လို့ ဘယ်အချိန်မှာ ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ – အသက် ၁၂ နှစ်အရွယ် ကမ္ဘာ့ချန်ပီယံ ဖြစ်ပြီးတဲ့ အချိန်မှာပါ။ ကျွန်မဟာ ဒီချန်ပီယံဘွဲ့ကိုရရှိတဲ့ တတိယမြောက် အီရန်နိုင်ငံသားပါ။ အဲဒီနောက်ပိုင်းမှာ စစ်တုရင်က ကျွန်မအတွက် ဖရော်ဖက်ရှင်နယ်ဖြစ်လာပါတယ်။ စာဆက်မသင်ချင်တော့ဘူး။ တက္ကသိုလ်မှာ ဂရပ်ဖစ်ဒီဇိုင်းဘာသာရပ် သင်ယူဖို့ အစီအစဉ်ရှိတယ်။ လျှောက်တော့လျှောက်ထားတာပဲ ရမလားတော့ မပြောတတ်ဘူး။
မေး – စစ်တုရင်အားကစားမှာ ပရော်ဖက်ရှင်နယ်အဆင့်ကို သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တော့ ခင်ဗျားအသိုင်းအ၀ိုင်းကလူတွေရဲ့ တုန့်ပြန်မှုက အပြုသဘောဆောင်ရဲ့လား။
ဖြေ – အင်း …. အစုံပေါ့ရှင်။ တစ်ချို့သူငယ်ချင်းတွေက အားပေးတယ်။ တစ်ချို့ကျတော့ အားမပေးကြဘူး။ တစ်ချို့က ဒါဟာ အားကစားကောင်းတစ်ခုဖြစ်တယ်။ ဉာဏ်ထက်တဲ့သူတွေနဲ့ သင်တော်တဲ့ အားကစားနည်းဖြစ်တယ်လို့ ပြောကြတယ်။ ကျွန်မကတော့ ဒီလိုမထင်ပါဘူး။ တစ်ချို့တွေက စစ်တုရင်ကစားနည်းကို ဒီလိုထင်တာ ရှိသလို၊ တစ်ချို့ကြတော့ ပြင်းစရာကာင်းတဲ့ ကစားနည်းလို့ ထင်ကြတယ်။
ဟိုဖက်ဒီဖက် ဒီလိုပဲ ပြောကြတာပေါ့။
မေး – ဒီကစားနည်းက ဘ၀အတွက်ရော အထောက်အကူဖြစ်ရဲ့လား။
ဖြေ – စစ်တုရင်ကစားနည်းက အာရုံစူးစိုက်မှုနဲ့ တွေးခေါ်မြော်မြင်မှုကို ကောင်းစေတယ်။ အထူးသဖြင့် အသက် ၈ နှစ်ဆိုတဲ့ ကလေးငယ်တစ်ယောက်ရဲ့ တွေးခေါ်ပုံကိုပေါ့။ အဲဒီအရွယ်မှာ တစ်နေ့ကို ၅ နာရီလောက် တွေးရတဲ့ စစ်တုရင်ကစားနည်းဟာ ဘ၀နဲ့ တွေးခေါ်မြော်မြင်မှုတို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
မေး – စစ်တုရင်အားကစားမယ်တစ်ယောက်အဖြစ် အီရန်မှာ အခက်အခဲတွေဘာတွေများ ရှိလား။
ဖြေ – ကျွန်မ ဒီလို မကြာခဏ အမေးခံရတယ်ရှင့်။ အမျိုးသားစစ်တုရင်ကစားသမားတစ်ယောက်နဲ့ ဘာမှမကွာပါဘူး။ နည်းပြတွေလည်းတူတယ်၊ ပြိုင်ပွဲတွေလည်း တူတယ်။ ဘာခြားနားချက်မှ မရှိပါဘူး။
စစ်တုရင်ကစားနည်းဟာ အီရန်မှာ ဖွံ့ဖြိုးလာတယ်။ စစ်တုရင်မကစားတဲ့ သူတွေဆီကတောင်မှ ချီးကျူးတာမျိုးတွေ ကျွန်မကြားရတယ်။ သူတို့တွေက စစ်တုရင်မကစားပေမယ့် ကျွန်မပွဲတွေကို အားပေးတယ်။ ကျွန်မရဲ့ တိုးတက်မှုကိုလည်း ချီးကျူးကြပါတယ်။
အမျိုးသားလက်ရွေးစင်အသင်းမှာဆို ကစားသမားလေးတွေက အသက် ၁၂ နှစ်၊ ၁၃ နှစ်၊ ၁၅ နှစ်နဲ့ ၁၆ နှစ်လောက်ပဲ ရှိပါသေးတယ်။ အနာဂတ်က သိပ်ပြီးတောက်ပနေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အီရန်မှာ စစ်တုရင်ဟာ ဘောလုံးပြီးတဲ့နောက် ဒုတိယလူကြိုက်အများဆုံး အားကစားဖြစ်တယ်လို့ သတင်းတွေက ဖော်ပြတာကို ကျွန်မတွေ့ရတယ်။ ဒါ ထူးခြားပါတယ်။
နောက်တစ်ခု ပိုကောင်းလာတာက အမျိုးသမီးငယ် တော်တော်များများ စိတ်ဝင်စားလာကြပြီး ယောက်ျားလေးတွေထက်တောင် ပိုကောင်းကြတာပါ။
မေး – နိုင်ငံတကာအဆင့်မှာတော့ ဒါမျိုး (အမျိုးသမီးတွေတက်လာတာမျိုး) မရှိဘူးဖြစ်နေတယ်။ ဘာ့ကြောင့်လဲ။ အမျိုးသမီးတွေ grandmaster ရတာ ဘာ့ကြောင့် နည်းနေတာလဲ။
ဖြေ – မပြောတတ်ဘူးရှင့်။ အီရန်မှာ စစ်တုရင်အားကစားမယ်တွေဟာ အမျိုးသားတွေထက် ပိုနည်းတယ်။ ဒါပေမယ့် ဒါက ဒီကွာဟချက်အတွက် အကြောင်းပြချက်လို့ မထင်ပါဘူး။
မိန်းကလေးငယ်တွေက အခြားသော အားကစားနည်းတွေကို ပိုစိတ်ဝင်စားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့်မှာ အမျိုးသမီးတွေအတွက် စစ်တုရင်ပြိုင်ပွဲတွေ များများစားစားလိုအပ်တယ်။ ဒါမှသာ ကျွန်မတို့ ပိုပြီး ၀င်ပြိုင်နိုင်မှာပါ။
Ref: Aljazeera
Comments