ဇန်န၀ါရီ ၂၈၊ ၂၀၁၇
M-Media
– ဆော်ဒီက သွားဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အလ်-ဟာနုဖ် အလ်-အလ်ဒ်ဂီရှင်မ်ဟာ သွားနဲ့ ခံတွင်းဆိုင်ရာ အစားထိုးကုသမှုနယ်ပယ် ဖွံ့ဖြိုတိုးတက်ရေး သုတေသနစာတမ်းတစ်ခုနဲ့ ဥရောပ သွားဘက်ဆိုင်ရာ ပညာရှင်များအဖွဲ့အစည်း European Academy of Esthetic Dentistry ရဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။
သူမရဲ့ အဲဒီစာတမ်းကို ၂၀၁၄ ခုနှစ် အေသင်မှာ ပြုလုပ်ခဲ့တဲ့ သွားဘက်ဆိုင်ရာ ပညာရှင်များ နှစ်ပတ်လည် ညီလာခံမှာ တင်သွင်းခဲ့တာပါ။
ဒေါက်တာ အလ်-ဟာနုဖ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်အရင်က ဆော်ဒီနိုင်ငံကနေထွက်ကာ ဂျာမနီနိုင်ငံ ဖရိုင်းဘတ်မြို့က University of Freiburg တက္ကသိုလ်မှာ သွားဘက်ဆိုင်ရာ ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပါတယ်။ သူမရဲ့ တိုင်းပြည်နဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတစ်ခုမှာ တွေ့ရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း၊ လူ့အဖွဲ့အစည်းအသစ်မှာ အသားကျအောင် ကြိုးစားရင်းနဲ့ပဲ ဒီကာလအတွင်းမှာ အလ်-ဟာနုဖ်ဟာ အရာရာကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ ခွန်အားကို ရရှိခဲ့ပါတယ်။
အလ်-ဟာနုဖ်နဲ့ Alarabiya သတင်းဌာနတို့ရဲ့ တွေ့ဆုံမေးမြန်မှုကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။
မေး။ ပထမဆုံးအနေနဲ့ ရှင့်ရဲ့စာတမ်းက အကောင်းဆုံးသုတေသနစာတမ်းအဖြစ် ရွေးချယ် ဂုဏ်ပြုခံရမှုနဲ့ ပတ်သက်တဲ့အကြောင်းရယ်၊ သွားဘက်ဆိုင်ရာ နယ်ပယ်ထဲကို ဘယ်လို ရောက်ဖြစ်ခဲသလဲဆိုတာရယ် ပြောပြပေးပါ။
ဖြေ။ ကျွန်မ အရမ်းပျော်ပါတယ်။ ဂျာမနီမှာ ဘွဲ့လွန်သွားတက်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်မဟာ မိခင်တစ်ယောက် ဖြစ်လာတယ်။ စိန်ခေါ်မှုတွေ၊ ပြဿနာတွေအများကြီးကိုလည်း ကျွန်မ ကြုံတွေ့ခဲ့ရတယ်။ လဲသွားတော့မယ်လို့ ခံစားရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုရတဲ့အတွက်ကြောင့် ကျွန်မ တော်တော်လေး ကျေနပ်မိပါတယ်။ ဒီဆုက ကျွန်မဘ၀မှာ ဖရိုဖရဲဖြစ်မှုတွေကို ကျော်ဖြတ်နိုင်မှုအတွက် ရရှိခဲ့တဲ့ ဆုတံဆိပ်လို့ ကျွန်မ ယုံကြည်ပါတယ်။
မိသားစု သွားဆရာဝန်က ကျွန်မ စံထားစရာပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး သူ့ကြောင့်ပဲ သွားဘက်ဆိုင်ရာ လောကထဲ ၀င်ရောက်လာတာပါ။ ငယ်ငယ်တုန်းက ကျွန်မ ချယ်ရီသီးကို ပထမဆုံးမြင်ဖူးပြီး စားကြည့်တဲ့အကြောင်း သူ့ကို စိတ်လှုပ်ရှားပြီး သွားပြောတာကို မှတ်မိပါသေးတယ်။ နောက်တစ်ခေါက်လာပြတဲ့အချိန် ချယ်ရီးသီးနည်းနည်းယူလာဖို့ သူက ကျွန်မကို ပြောပါတယ်။ ကျွန်မ ယူသွားခဲ့ပြီး သူက တိရစ္ဆာန်ပုံစံ ဘီစကွတ်တွေ ပြန်ပေးပါတယ်။ သူ့ရဲ့ ဒီအြ ပုအမူကို ကျွန်မ သဘောကျခဲ့ပြီး ကြီးလာရင် သွားဆရာဝန်တစ်ယောက် ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
မေး။ ရှင် ဂျာမနီမှာ ၆ နှစ်နေခဲ့တယ်နော်။ ဘာ့ကြောင့် ဒီတိုင်းပြည်ကို ရွေးဖြစ်တာလဲ။
ဖြေ။ အဲဒီအချိန်တုန်းက ပညာတော်သင်အခွင့်အလမ်း အများကြီးရှိနေတဲ့အချိန်ပါ။ သွားဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်မအမျိုးသားနဲ့ ကျွန်မတို့က နောက်ထပ် ဘာသာစကားတစ်ခု သင်လို့ရမယ့် နိုင်ငံကို ရွေးခဲ့တာပါ။ ကျွန်မတို့ အဓိကထားတာက ဆေးဘက်ဆိုင်ရာနဲ့ သွားဘက်ဆိုင်ရာမှာ အဆင့်အမြင့်ဆုံးတိုင်းပြည် ဖြစ်ရမယ်ဆိုတဲ့ အချက်ပါ။ ဂျာမနီဟာ ကျွန်မတို့ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခဲ့ပါတယ်။
မေး။ နိုင်ငံခြားသားတစ်ယောက်၊ ပုဝါဆောင်းထားသူတစ်ယောက်အနေနဲ့ ရှင့်ရဲ့ အတွေ့အကြုံလေးကို ပြောပြပါအုံး။ ဒီအချက်တွေကြောင့် ဖယ်ကျဉ်ခံရတယ်လို့ ခံစားရသလား။
ဖြေ။ အစကတော့ ကျွန်မဟာ မတူကွဲပြားသူတစ်ယောက်၊ နိုင်ငံခြားသားတစ်ယောက်အဖြစ် ခံစားခဲ့ရပါတယ်။ ဒါပေမယ့် အချိန်တွေကြာလာတဲ့အခါမှာ ဒီခံစားချက်က ကျွန်မရဲ့ စိတ်ထဲမှာ အစိုင်အခဲဖြစ်နေပြီး ဒါကိုလည်း ကျွန်မကိုယ်တိုင် ဖန်တီးနေတာလို့ သိလာပါတယ်။ ခေါင်းဆောင်းပုဝါက ကျွန်မနဲ့ တစ်ခြားသူတွေကြားမှာ ကွာဟချက်ဖြစ်နေတယ်။ ဒါဟာ ကျွန်မရဲ့အထင် ဖြစ်နိုင်သလို၊ အခြားသူတွေရဲ့ အထင်လည်း ဖြစ်နိုင်ပါတယ်။ မပြောတတ်ပါဘူး။
မေး။ Fragile Isolation ဆိုတဲ့ စာအုပ်ရေး ရေးဖြစ်ခဲ့ပုံကို ပြောပြပါအုံး။
ဖြေ။ ကျွန်မက အချိန်တိုင်း စာရေးချင်တဲ့ပိုးရှိတယ်။ ရထားစီးတဲ့အချိန် ဒါမှမဟုတ် ဆေးရုံမှာ ထိုင်စောင့်နေရတဲ့အချိန်၊ အချိန်တော်တော်ကြာကြာ တစ်ယောက်တည်း ရှိနေတဲ့ အခါမျိုးတွေမှာ စာရေးဖြစ်ပါတယ်။ ကျွန်မရေးတာတွေကတော့ ရောက်တက်ရာရာပါပဲ။ စာရွက်အပိုင်းအစတွေမှာ လျှောက်ခြစ်တယ်။ သူငယ်ချင်းမိတ်ဆွေတွေဆီကို စာတိုက်က၊ IPad နဲ့ စမတ်ဖုန်းတွေကနေတစ်ဆင့် ပို့တဲ့ စာတွေမှာလည်း ကျွန်မ စိတ်ထဲရှိတာရေးပါတယ်။ စာအုပ်တစ်အုပ်ရေးဖို့ကို ဘယ်တုန်းကမှ အတွေးမပေါ်ခဲ့ပေမယ့် ပညာတော်သင်ကာလ ပြီးသွားတဲ့အခါမှာ ကျွန်မရဲ့ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်ထဲ အသားကျသွားတဲ့ ကျွန်မရဲ့တစ်နိုင်ငံတည်းသား အလုပ်သင်တပည့်တွေရဲ့ အတွေ့အကြုံအကြား မတူညီမှုတွေကို သွားတွေ့ခဲ့ပါတယ်။
မေး။ မိခင်တစ်ယောက်၊ ဘွဲ့လွန်ပညာသင်တစ်ယောက်၊ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ရှင့်အနေနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရာမှာ ခင်ပွန်းက ဘယ်လို ကူညီဖေးမပေးခဲ့သလဲ။
ဖြေ။ ကျွန်မခင်ပွန်းရဲ့ ကူညီမှု၊ ထောက်ပံ့မှုသာ မရဘူးဆိုရင် ကျွန်မအနေနဲ့ ဒီလို အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က တစ်ခုတည်းဖြစ်တယ်ဆိုတာ သူ ယုံကြည်တယ်။ ပိုပြီး မြင့်မားတဲ့ ပညာကို သင်ယူဖို့အတွက် ကျွန်မတို့နှစ်ယောက်စလုံး အတူတူ နိုင်ငံခြားကို ထွက်သွားတယ်။ နိုင်ငံခြားမှာ မိသားစုဝင်တိုးလာခဲ့တယ်။ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျွန်မတို့ အတူတကွ ကြိုးစားခဲ့ကြရတာပါ။
မေး။ ရှင်တို့ ဒုက္ခသည်စခန်းတွေကိုလည်း သွားခဲ့ကြတယ်နော်။ ဒီလို တကယ့်လက်တွေ့ဘ၀ကို ထိတွေ့မှုက ရှင့်ရဲ့ စာအုပ်မှာ လွှမ်းမိုးမှု ရှိသလား။ စာအုပ်ရေးဖို့အတွက် ပိုမိုတွန်းအားဖြစ်စေခဲ့သလား။
ဖြေ။ ဒီအတွေ့အကြုံက အတွေးအမြင်တော်တော်များများကို ဖြစ်စေခဲ့ပါတယ်။ ကျွန်မပြောလို့ရတာက ဒုက္ခသည်တော်တော်များများမှာ စိတ်ဝမ်းကွဲမှုတွေ၊ ရန်ငြှိုးတွေ၊ အငြင်းပွားမှုတွေ၊ မုန်းတီးမှုတွေ အမြစ်တွယ်နေတယ်။ မျိုးဆက်သစ်တွေကလည်း တစ်ခြားတိုင်းပြည်မှာ ခိုလှုံမှုကို ကောင်းတယ်လို့ မြင်လာနေတယ်။ သူတို့ရဲ့ မိသားစုတွေကတော့ အထုတ်ထုပ်ပြီး အိမ်ပြန်ဖို့အတွက် တိုင်းပြည်တည်ငြိမ်ရေးမျှော်လင့်ရင်းနဲ့ပဲ ကိုယ်ရော၊ စိတ်ရော ချုံးချုံးကြနေပါပြီ။
Ref : Alarabiya
Comments