ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
M-Media
– ဆာနီယာ မီရ်ဇာဟာ အိန္ဒိယနိုင်ငံရဲ့ အအောင်မြင်ဆုံး အမျိုးသမီး တင်းနစ်မယ်ဖြစ်ပြီး နှစ်ယောက်တွဲ Grnad Slam ဆု ဖလားကို ၆ ကြိမ်တိုင်တိုင်ရရှိထားပါတယ်။ ဆွစ်ဇာလန်က နာမည်ကျော်တင်းနစ်မယ် မာတီနာ ဟင်းဂစ်နဲ့ မီရ်ဇာတို့အတွဲဟာ ၂၀၁၅ ခုနှစ်မှာ အမျိုးသမီးနှစ်ယောက်တွဲ ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မီရ်ဇာဟာ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ကဖြစ်ပြီး တင်းနစ်လောက စုစုပေါင်းဝင်ငွေဟာ ကန်ဒေါ်လာ ၆ သန်းလောက် ရှိနေပြီဖြစ်ပါတယ်။
Qatar Total Open တင်းနစ်ပြိုင်ပွဲဝင်နေတဲ့ မီရ်ဇာကို သူမရဲ့ ဘ၀အကြောင်း၊ တင်းနစ်လောကထဲမှာ ရုန်းကန်ရမှုအကြောင်း၊ ဘောလီးဝုဒ်က အားကစားအပေါ် ရိုတ်ခတ်မှု၊ ကျား၊ မ တန်းတူညီမျှမှု လှုပ်ရှားရေး စတာတွေနဲ့ပတ်သက်လို့ အလ်-ဂျာဇီးရား သတင်းဌာနက မေးမြန်းထားမှုကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။
မေး။ ။ ခင်ဗျားဟာ ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ Grand Salm ဆုဖလားကိုလည်း ၆ ကြိမ် ရခဲ့ဖူးပါတယ်။ ခင်ဗျားကို ဘယ်အရာက အဆက်မပြတ် လှုံ့ဆော်ပေးတာလဲ၊ နောက်ထပ် အောင်မြင်မှုတွေကော ထပ်ရချင်သေးလား။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ တင်းနစ်ကစားရတာကို ကြိုက်တယ်။ ယှဉ်ပြိုင်ရတာကိုလည်း ကြိုက်ပါတယ်။ အောင်နိုင်မှုအရသာ၊ တင်းနစ်ကွင်းထဲဝင်ရတာကို နှစ်သက်ပါတယ်။ အောင်မြင်ဖို့ ကြိုးစားတယ်ဆိုတာမှာ အရေအတွက်က အဓိကမကျပါဘူး။ ကျွန်မတို့ဟာ Grand Slam ပဲဖြစ်ဖြစ်၊ သာမန်ပြိုင်ပွဲပဲဖြစ်ဖြစ် ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစားပါတယ်။ ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်ရရင်တော့ ကောင်းတာပေါ့ရှင်။ ဒါပေမယ့် အဲဒီအဆင့်မှာ ကျွန်မ ၂ နှစ်လောက် ရှိခဲ့ပါတယ်။ ဆက်လက်ကြိုးစားနေပြီး ပြိုင်ပွဲဖိအားဒဏ်ကို ခံနိုင်သမျှ ကာလပတ်လုံး ကစားသွားဖို့ စိတ်ကူးရှိပါတယ်။
မေး။ ။ ခင်ဗျားရဲ့ Ace Against Odds ဆိုတဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိမှာ ကွင်းတွင်း၊ ကွင်းပြင် ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေအကုန်လုံးအကြောင်း ခင်ဗျားရေးထားတယ်။ ဒီစာအုပ်ရေးဖို့ လိုတယ်လို့ ဘာ့ကြောင့် ခံစားရတာလဲ။
ဖြေ။ ။ ဒီစာအုပ်ပြီးဖို့ ၈ နှစ်နီးပါးလောက် ကြာခဲ့တယ်ရှင့်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မမှာ ရေးစရာတွေက အများကြီးပဲ။ အဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်နေတယ်။ ကွင်းတွင်းနဲ့ ကွင်းပြင်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဖော်ပြဖို့က သိပ်များတယ်လေ။
လူတွေကတော့ ကျွန်မနဲ့ ပက်သတ်ပြီး ကောင်းတာတွေ၊ ဆိုးတာတွေ အားလုံးကို မီဒီယာမှာ ပြောကြတယ်။ အရာရာတိုင်းကို ရုန်းကန်ခဲ့ရမှု၊ တင်းနင်းကစားသမားမိသားစုဘ၀ ဖြတ်သန်းမှုတွေကို မိသားစုနဲ့ ပရိတ်သတ်တွေ ကျွန်မထံက ကြားရမယ်ဆိုတဲ့အကြွေး ကျွန်မပေါ်မှာ တင်နေတယ်လို့ ခံစားရတယ်။ ကျွန်မနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ဘာရေးရေး ဒါဟ တစ်ဆင့်စကားနဲ့ အမြဲတမ်း သွားရတာပါ။ ကျွန်မရဲ့ ကိုယ်ပိုင်ပြောကြားမှု မဟုတ်ပါဘူး။
ဒီစာအုပ်ရေးရတဲ့ အဓိက နောက်ခံအကြောင်းအရင်းက အိန္ဒိယတိုက်ငယ်မှာရှိတဲ့ လူငယ်သွေးသစ်တွေ – အထူးသဖြင့် အမျိုးသမီးငယ်လေးတွေ – အားကျပြီး ကြိုးစားလာဖို့၊ တင်းနစ်ရိုက်တံကိုင်ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားစေဖို့ပဲဖြစ်ပါတယ်။
မေး။ ။ ဘောလီးဝုဒ်ဟာ မာရီ ကွမ်၊ မီလ်ခါ ဆင်းတို့လို အားကစားကြယ်ပွင့်တွေရဲ့ အကြောင်း ရုပ်ရှင်တွေ ရိုက်ခဲ့ပါတယ်။ ဒီရုပ်ရှင်တွေက လူငယ်တွေအပေါ်မှာ ဘယ်လို သက်ရောက်မှုရှိပါသလဲ။
ဖြေ။ ။ ကျွန်မတို့ အိန္ဒိယတိုက်ငယ်က ပြည်သူတွေဟာ ခရစ်ကတ်ကစားနည်းကို အရူးအမူးစွဲလမ်းကြတဲ့ ဓလေ့က လာကြတာပါ။ (ခရစ်ကတ်ကစားနည်းပါတဲ့) အိုလံပစ်နဲ့ အာရှအားကစားပြိုင်ပွဲ ဒါမှမဟုတ် ဓနသဟာယ အားကစားပြိုင်ပွဲတွေမတိုင်ခင် ၂ လအရင်လောက်ကစပြီး ကျွန်မတို့တိုင်းပြည်ဟာ အားကစားတိုင်းပြည်ကြီးအဖြစ် ပြည်သူတွေက ပုံစံပြောင်းသွားတယ်။ အဲဒီပွဲတွေ ပြီးသွားရင်တော့ အားလုံး မီးသေသွားကြပါတယ်။ သိထားရမှာက ကျွန်မတို့ဟာ ခရစ်ကတ်မဟုတ်တဲ့ အားကစားနည်းတွေမှာလည်း ချန်ပီယံဖြစ်တဲ့ နိုင်ငံဆိုတာပါပဲ။
အားကစားနည်းအများစုဟာ ခရစ်ကတ်ကစားနည်းက ရရှိနေတဲ့ အကူအညီမျိုး၊ အားပေးမှုမျိုး၊ ကြည့်ရှုမှုမျိုး မရပါဘူး။ ဒါပေမယ့် ရှင်ပြောခဲ့တဲ့ ရုပ်ရှင်တွေကြောင့် ဒီလူတွေဟာ ဘယ်လိုလူမျိုးတွေလည်းဆိုတာကို တိုင်းပြည်က သိရှိခဲ့ကြပါတယ်။
ဘောလီးဝုဒ်ဟာ ကျွန်မတို့မှာ ရှိတဲ့အရာတွေထဲက အကြီးမားဆုံး လုပ်ငန်းကြီးတစ်ခု ဖြစ်နိုင်ပါတယ်။ ပြီးတော့ လူအများကြီးဆီရောက်ပြီး၊ တကယ့်ကို အောင်မြင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
မေး။ ။ နောင်အနာဂတ်မှာ ခင်ဗျားအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်မျိုး ကြည့်ချင်သလား။
ဖြေ။ ။ ပြောနေဆိုနေကြတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဘာမှ အကောင်အထည်မပေါ်သေးပါဘူး။ ကျွန်မက သိုသိုသိပ်သိပ် နေတတ်သူပါ။ ဒါ့ကြောင့် ကျွန်မဘ၀အကြောင်း လုံးဝ ဖွင့်ပြောလိုက်ဖို့ တောင်းဆိုတဲ့အခါ အခက်အခဲရှိပါတယ်။ စာအုပ်ထဲမှာတောင်မှ ကျွန်မအတွက် ရေးဖို့ခက်တဲ့ အကြောင်းအရာတစ်ချို့ ရှိပါတယ်။
မေး။ ။ WTA Tour တင်းနစ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်နေတဲ့ လက်တစ်ဆုပ်စာ မွတ်စလင်အမျိုးသမီးတွေထဲမှာ ခင်ဗျားလည်း ပါတယ်။ အိန္ဒိယကနေ မွတ်စလင်အမျိုးသမီး တင်းနစ်မယ်တွေ သိပ်မထွက်တာ ဘာ့ကြောင့်လို့ ခင်ဗျားထင်လဲ။
ဖြေ။ ။ အိန္ဒိယက မွတ်စလင်ရော၊ မွတ်စလင်မဟုတ်သူ တင်းနစ်မယ်တွေ မထွက်တာပါ။ ဒါက ဘာသာတရားနဲ့ မပတ်သက်ဘူးရှင့်။ ပြီးတော့ မွတ်စလင်တွေရဲ့ ပြဿနာလည်းမဟုတ်ဘူး။ ကျွန်မတို့ တိုက်ငယ်မှာ အမျိုးသမီးတွေနဲ့ ပတ်သက်လာပြီဆိုရင် ဒါမျိုးက ယဉ်ကျေးမှု ပြဿနာပါ။ ကျွန်မတို့က မိန်းကလေးတွေကို လင်ပေးစားမယ်။ အသားမမည်း စေချင်ဘူး။ ချက်တက်ပြုတ်တတ်အောင် သင်ပေးမယ်။ ယောက်ျားလေးတွေ လုပ်သလိုမျိုးတော့ ပေးမလုပ်ကြဘူး။
ဒီစကားတွေကို ကျွန်အသက် ၆ နှစ်လောက်ထဲက ကြားနေရတာပါ။ မိန်းကလေးဆိုတာ ဒါတွေ ဒါတွေကို လုပ်ရမယ်။ အပြင်ထွက်ပြီး မကစားရဘူးလို့ ဆုံးမခံခဲ့ရတာကို ကျွန်မအပါဝင် အိန္ဒိယတိုက်ငယ်က မိန်းကလေးငယ်တိုင်းက ပြန်ပြော ပြနိုင်မှာပါ။
မေး။ ။ ကျား၊ မ တန်းတူမညီမှု ပြဿနာက အိန္ဒိယအပါအ၀င် တောင်အာရှတစ်ဝှမ်းမှာ ဖြစ်နေတုန်းပဲ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပရိုကစားသမားတစ်ယောက်ဖြစ်လာတဲ့ ခင်ဗျားအပေါ်မှာ လူတွေရဲ့ ဆက်ဆံမှု ပြောင်းလဲသွားတာမျိုး ကြုံဖူးလား။
ဖြေ။ ။ ကျွန်မ ကုလသမဂ္ဂအတွက် အလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်။ တောင်အာရှမှာ သူတို့ရဲ့ ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ ကျား၊ မ တန်းတူညီရေးက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပြီး တောင်အာရှရဲ့ ပြဿနာသာမဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။ ဒီနေ့အချိန်အထိ ဆီရီနာဝီလီယံဟာ သူအနေနဲ့ ဘာ့ကြောင့် အကြီးကျယ်ဆုံး အားကစားမယ်၊ တင်းနစ်မယ် ဖြစ်လဲဆိုတာ မေးခွန်းထုတ်ခံနေရတယ်။ သူတို့က သူမဟာ အကြီးကျယ်ဆုံး အမျိုးသမီးတင်းနစ်ကစားသမား ဖြစ်တဲ့အကြောင်းပဲ ပြောကြတယ်။ ဒါပေမယ့် သူမဟာ တင်းနစ်သမားတွေထဲမှာ အကြီးကျယ်ဆုံးတစ်ယောက် ဖြစ်နိုင်ပါတယ်။
ကျွန်မရဲ့ဘ၀မှာ ပြဿနာတွေအများကြီး ဖြစ်ခဲ့တယ်။ ကျွန်မ ယောက်ျားလေးတစ်ယောက် ဖြစ်မယ်ဆိုရင်လည်း ဒါတွေကနေ ရုန်းထွက်မိမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒါက ကမ္ဘာ့နည်းကမ္ဘာ့ဟန် ဖြစ်နေလို့ပါပဲ။ ကျွန်မတို့ဟာ အမျိုးသားတွေကြီးစိုးတဲ့ကမ္ဘာမှာ နေထိုင်ရတယ်။ ဒါကို လက်မခံမချင်း၊ ဒါမှမဟုတ် လက်မခံဘူးဆိုရင်၊ တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် မဖြစ်ဘူးဆိုရင်၊ ဒီပြဿနာကို ကျွန်မတို့ မဖြေရှင်းနိုင်ပါဘူး။
မေး။ ။ ခင်ဗျားဟာ ‘ဆာနီယာ မီရ်ဇာ တင်းနစ်အကယ်ဒမီ’ ကို ဖွင့်လှစ်ခဲ့ပြီး၊ ခင်ဗျားရဲ့ ဇာတိမြို့မှာ အခြေခံအဆင့် အကယ်ဒမီလည်းဖြစ်ပါတယ်။ နောက်ထပ် ဆာနီယာ မီရ်ဇာတစ်ယောက် ပေါ်ထွက်လာဖို့ ဘယ်လောက် နီးနေပြီလို့ ခင်ဗျားခံစားရလဲ။
ဖြေ။ ။ တကယ်တော့ နီးကပ်သင့်သလောက်ကို မနီးသေးပါဘူး။ တရုတ်နိုင်ငံမှာ လီနာပေါ်ထွက်လာသလိုမျိုး နိုင်ငံတစ်နိုင်ငံမှာ နာမည်ကြီး ကစားသမားတစ်ယောက် ပေါ်ထွက်လာပြီဆိုရင် သူ့နောက်ကနေ အမြဲတမ်း ၃၊ ၄ ယောက်လောက် လိုက်လာတတ်တယ်။ အိန္ဒိယကတော့ ဒါမျိုးဖြစ်ဖို့ စောင့်နေရတုန်းပါ။
နောက်ထပ် ဆာနီယာတစ်ယောက် ဒါမှမဟုတ် ပိုကောင်းတဲ့သူ တစ်ယောက် ဖြစ်လာဖို့အတွက် ကလေးတွေကို ကူညီရမယ့်၊ အားထုတ်ရမယ့် အရာတွေကို လုပ်ပေးဖို့ ဘာကိုမဆို ကျွန်မ ကြိုးစား ဆောင်ရွက်သွားမှာပါ။
ကျွန်မဟာ အမြဲတမ်း ကစားနေမှာ မဟုတ်ပါဘူး။ တင်းနစ်မှာ ကျွန်မတို့လျှောက်ခဲ့ရတဲ့လမ်းက ရှည်လျားကြမ်းတမ်းပါတယ်။ ကျွန်မ စကစားတုန်းကဆိုရင် တင်းနစ်ကွင်းတောင် မရှိသလောက်ပါ။ နောက်ချေးနဲ့လုပ်ထားတဲ့ ကွင်းတွေမှာ ကစားခဲ့ရပါတယ်။ အခုတော့ ကျွန်မတို့ဟ ချန်နိုင်းမှာ နှစ်စဉ် ATP တင်းနစ်ပြိုင်ပွဲကို ကျင်းပနိုင်ပြီး အရင်တုန်းကလည်း WTA ပြိုင်ပွဲ ကျင်းပတဲ့ မြို့ ၃ မြို့ ရှိခဲ့ပါတယ်။
မေး။ ။ ခင်ဗျားဟာ အိန္ဒိယမှာ သမရိုးကျတွေထဲက ဖောက်ထွက်လာသူဖြစ်တယ်။ ခင်ဗျား အနားယူသွားတဲ့အချိန်မှာ ဘယ်လိုအမွေအနှစ် ကျန်ခဲ့စေချင်သလဲ။
ဖြေ။ ။ ‘ဆာနီယာ မီရ်ဇာ တင်းနစ် အကယ်ဒမီ’ တည်ထောင်ရတဲ့ အကြောင်းအရင်းက ဒါပါပဲ။ တင်းနစ်ဟာ သိပ်ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိရတာကြောင့် အသက် ၃ နှစ်ကနေ ၈ နှစ်အထိ ကလေးငယ်တွေနဲ့ ကျွန်မ စနေတယ်။ ဆာနီယာတွေ၊ ဒါမှမဟုတ် ဆာနီယာထက်ကောင်းတဲ့သူတွေ ပေါ်ထွက်လာဖို့ ကျွန် မမျှော်လင့်ပါတယ်။
အဆုံးတစ်နေ့မှာတော့ ကျွန်မ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်ဖို့ ရုန်းကန်ကြိုးစားခဲ့ရတာတွေအတွက် လူတွေ သတိရနေဖို့ မျှော်လင့်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့် ကြွယ်ဝမှု၊ ကျန်းမာရေးနဲ့ ကျော်ကြားမှုတွေကို ရရှိထားပါတယ်။ ကျွမ်းကျင်တဲ့ နယ်ပယ်မှာရော၊ ပြင်ပကမ္ဘာမှာပါ မှန်ကန်တဲ့အရာတွေကို လုပ်ဖို့ ကြိုးစား ရုန်းကန်ရတဲ့သူ တစ်ယောက်ယောက်အတွက် ကျွန်မဟာ သတိရ အမှတ်ရစရာ လူတစ်ယောက်ဖြစ်မယ်လို့လည်း မျှော်လင့် မိပါတယ်။
Ref: Aljazeera
Comments