မတ် ၁၊ ၂၀၁၇
M-Media

ရဲတပ်ဖွဲ့က ရိုဟင်ဂျာအရပ်သားများကို ထိုးနှက်ကန်ကျောက်နေသည့် ဗီဒီယိုမှ မြင်ကွင်းတစ်ခု။ မြန်မာအစိုးရ ထိုကဲ့သို့ ကျူးလွန်သည့်ရဲများကို အရေးယူထားသည်ဟု ပြောကြားထားသည်။
– ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားများ မြင့်တက်လာမှုကို NLD အကြီးတန်းအဖွဲ့ဝင် ဦးဝင်းထိန်က ပယ်ချလိုက်ပြီး ရိုဟင်ဂျာမွတ်စလင်များ ညှင်းပမ်းနှိပ်စက်ခံရမှုများ ရှိနေသည်ဆိုသည့် စွပ်စွဲချက်များမှာ ‘ဘက်လိုက်ပြီး တရားမျှတမှုမရှိ’ ဟု ပြောကြားလိုက်သည်။
နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံခဲ့ရပြီးနောက် အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၄ လတာကြာမြင့်နေသည့် စစ်ဆင်ရေးအတွင်း လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ရှိနိုင်သည်ဟု ကုသမဂ္ဂက ပြောကြားထားသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီမှာ ရခိုင်မြောက်ပိုင်း မတည်ငြိမ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ ၇၀၀၀၀ ကျော်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပြီး ၎င်းတို့ ညှမ်းပမ်းနှိပ်စက်မှုများအတွက် တရားဝင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် လာမည့်တစ်ပတ်တွင် တိုက်တွန်းဖွယ် ရှိနေသည်။
“ယန်ဟီးလီလုပ်နေတာတွေက မမျှတပါဘူး။ ဘက်လိုက်မှုရှိပါတယ်။ ဒီလို မမျှတတဲ့ အစီရင်ခံစာအတွက် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ဂရုမစိုက်သလို၊ စိတ်လည်းမပူပါဘူး” ဟု ဦးဝင်းထိန်က ယနေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
မြန်မာအစိုးရက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ စွပ်စွဲထားသကဲ့သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်မှု မရှိဟု ပြောဆိုထားပြီး၊ ယမန်နေ့က ပြုလုပ်ခဲ့သည့် စစ်တပ်၏ သတင်းစာရှင်းလင်းပွဲတွင် မိမိတို့ တပ်ဖွဲ့ဝင်များမှာ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို မြန်မာအစိုးရက ဖွဲ့စည်းထားပြီး လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလကမူ ထိုအဖွဲ့မှ မည်သည့်လုပ်ဆောင်နိုင်စွမ်းမှ မရှိဟု ပြောကြားထားသည်။
အမည်မဖော်လိုသည့် ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးက ၎င်းတု့အဖွဲ့မှာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ကုလက လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ ရှိသည်ဆိုသည့် စွပ်စွဲချက်မှာ ‘တစ်ဖက်သက်စွပ်စွဲချက်’ ဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့သည်။
စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ကလည်း ထိုကိစ္စရပ်များအတွက် သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ စုံစမ်းနေသည်။
Ref: Yahoo
Comments