News @ M-Media

အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည့်ကိစ္စ စုံစမ်းရန် အိမ်ဖြူတော် တောင်းဆို

မတ် ၆၊ ၂၀၁၇
M-Media

– ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်မှုကာလအတွင်း ၎င်း၏ ဖုန်းပြောဆိုမှုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကြားဖြတ်နားထောင်ခဲ့သည်ဟု လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲပြောကြားမှုကို စုံစမ်းရန် အိမ်ဖြူတော်က အောက်လွှတ်တော်အား ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။

ထရမ့်မှာ သောကြာနေ့က ထိုစွပ်စွဲချက်ကို ၎င်း၏ Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး သမ္မတအိုဘားမားမှာ အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟု ဆိုသည်။ လက်ယာစွန်း သတင်းဌာနတစ်ခုဖြစ်သော Breitbart News ၏ ရင်းမြစ်မခိုင်မာဘဲ ဖော်ပြသည့် အချက်အလက်ကို အခြေခံ၍ ထရမ့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ရှိသူ ရှောင် စပိုက်ဆာက အောက်လွှတ်တော်အနေဖြင့် ထိုကိစ္စအား စုံစမ်းစစ်ဆေးပေးရန် အလိုရှိနေသည်ဟု ဆိုသည်။ ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာရာ ဆန်ဒါးစ်ကလည်း ထိုကိစ္စ အမှန်တကယ် ဖြစ်ပွားပါက အုပ်ချုပ်ရေးပိုင်းတွင် အကြီးကျယ်ဆုံး အာဏာအလွဲသုံးစားပြုမှုနှင့် အကောက်ကြံမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

အိုဘားမားက ထရမ့်၏ စွပ်စွဲချက်များမှာ လုံးဝ မှားယွင်းမှုဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ပြောကြားခဲ့သည်။

အမေရိကန်ဥပဒေအရ သမ္မတအနေဖြင့် ထိုကဲ့သို့ ဖုန်းများကို ကြားဖြတ်နားထောင်ရန် အမိန့်ပေး၍မရဘဲ သံသယဖြစ်စရာ အကျိုးအကြောင်း ခိုင်ခိုင်မာမာ ပြနိုင်မှသာလျှင် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သော ကိစ္စဖြစ်သည်။

ထရမ့်၏ ထိုစွပ်စွဲချက်မှာ မှားယွင်းသည်ဟု ယူဆထားသည့် FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမေးက တရားရေးဌာနအနေဖြင့် ထိုစွပ်စွဲချက်ကို လူသိရှင်ကြား ငြင်းဆိုရန် တောင်းဆိုခဲ့သည်ဟု အကြီးတန်း တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား၍ နယူးယောက်တိုင်းမ်စ် သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း တရားရေးဌာနမှာ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း မရှိချေ။

Ref : CNA