မတ် ၉၊ ၂၀၁၇
M-Media
– မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ‘နိုင်ငံတကာ အမျိုးသမီးများနေ့’ ကို ကမ္ဘာတစ်ဝှမ်းက ဆင်နွှဲခဲ့ကြပြီး လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Amnesty International က အရှက်ရမှု၊ ခြိမ်းခြောက်မှု၊ ထောင်တွင်းအကျဉ်းချမှု၊ အကြမ်းဖက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အရှေ့တောင်အာရှေဒေသအတွင်း လူ့အခွင့်အရေးအတွက် မားမား ရပ်တည်နေတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၆ ဦးကို ရွေးချယ်ခဲ့ပါတယ်။
“လူ့အခွင့်အရေးမှတ်တမ်းတွေအတွက် ဂုဏ်ယူလောက်တဲ့ အစိုးရမျိုး အရှေ့တောင်အာရှမှာ များများစားစား မရှိပါဘူး။ ဒါပေမယ့် ဒီဒေသတွင်းမှာ မတရားမှုကို ဆန့်ကျင်ဖို့ အန္တရာယ်ဆိုးတွေကို ရဲရဲဝင့်ဝင့် ရင်ဆိုင်နေကြတဲ့ အမျိုးသမီးတွေကတော့ မရေမတွက်နိုင်ပါဘူး” လို့ Amnesty International ရဲ့ အရှေ့တောင်အာရှနဲ့ အာရှပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ ချမ်ပါ ပတေးလ်က မှတ်ချက်ပြုခဲ့ပါတယ်။
“အခုနှစ် ‘နိုင်ငံတကာ အမျိုးသမီးများနေ့’ မှာ ကျွန်တော်တို့အနေနဲ့ ဒေသတွင်းက လူတော်တော်များများ အတုယူစရာကောင်းတဲ့၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေက ရှုတ်ချစရာမဟုတ်ဘဲ ချီကျူးစရာကောင်းနေတဲ့ နိုင်ငံ ၆ ခုက အမျိုးသမီး ၆ဦးကို ဂုဏ်ပြုချင်ပါတယ်”
၁။ ဆီရီကန် ချာရိုအန်ဆီရီ – ထိုင်း (Sirikan Charoensiri)
ရှေ့နေတစ်ယောက်ဖြစ်တဲ့ သူမဟာ နိုင်ငံတကာဥပဒေက အာမခံပေးထားတဲ့ လူ့အခွင့်အရေးကို ငြိမ်းချမ်းစွာ ကာကွယ်မှုကြောင့် စုံစမ်းစစ်ဆေး၊ တရားစွဲဆိုခံရတဲ့ သူတွေကို အမြဲတမ်းလိုလို ကာကွယ်ပေးသူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတာ့ သူမဟာ ထိုင်းလူ့အဖွဲ့အစည်းမှာ ဦးစီးဦးဆောင်ပြုနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ နိုင်ငံတော် သစ္စာဖောက်မှု၊ လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ ဥပဒေကို ချိုးဖောက်မှုကြောင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခြင်းကို ခံခဲ့ရသူပါ။ ဒါဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွက် အရေးယူခံရတဲ့ ပြည်သူတွေကို တရားရုံးမှာ ကာကွယ်ပေးခဲ့မှုနဲ့ ဆက်စပ်ပြီး စွဲချက်တင်ခံ ရတာလည်း ဖြစ်ပါတယ်။
ပေါန်ပန် ခွန်ကာချွန်ကစ်၊ အန်ချာနာ ဟီမီနာတို့အပါအ၀င် ထိုင်းနိုင်ငံမှာ တရားမျှတမှုအတွက် အလုပ်လုပ်နေကြတဲ့ လူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးတွေလည်း ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေ၊ အရှက်ရစေမှုတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။
၂။ မာရီယာ ချင် အဘ်ဒူလာ – မလေးရှား (Chin Abdullah)
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မာရီယာဟာ တရားစွဲဆိုခံရမှုမရှိဘဲ ထိန်းသိမ်းခံရကာ ၁၁ ရက်လောက် တိုက်ပိတ်ခံခဲ့ရပါတယ်။ အသက် ၆၀ အရွယ်ရှိပြီး သားသမီး ၃ ဦးရဲ့ မိခင်ဖြစ်သူ မာရီယာဟာ စကားပြော ပျော့ပြောင်းသူဖြစ်ပြီး ပါလီမန်ဒီမိုကရေစီကို ထိခိုက်စေတဲ့ လုပ်ရပ်တွေအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ (ဂ)၊ လုံးခြုံရေးဆိုင်ရာ ပြစ်မှုအက်ဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။
ဒီပြင်းထန်တဲ့ ဥပဒေဟာ တရားရေးဆိုင်ရာ ဆောင်ရွက်မှုတွေမရှိဘဲ လူတစ်ယောက်ကို လျှို့ဝှက်နေရာမှာ ကာလကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။ မာရီယာရဲ့ တစ်ခုတည်းသော ရာဇ၀တ်မှုက ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့နဲ့ ကောင်းမွန်တဲ့ အစိုးရဖြစ်ရေး တိုက်တွန်းတဲ့ ‘Bersih’ ဆန္ဒပြမှုမှာ မလေးပြည်သူ ထောင်ပေါင်းများစွာနဲ့အတူ ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်မှုဖြစ်ပါတယ်။
မာရီယာဟာ Bersih ဆန္ဒပြမှုနဲ့ ဆက်စပ်ပြီး ရာဇ၀တ်မှု ပုဒ်မအမျိးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ မလေးရှားက တက်ကြွလုပ်ရှားသူ ၁၅ ယောက်ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ပြီ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပွဲတွေကို ဆောင်ရွက်မှု၊ ပူးပေါင်းပါဝင်မှုအတွက်လည်း ၂၀၁၂ ငြိမ်းချမ်းစွာ ဆန္ဒပြမှု အက်ဥပဒေနဲ့ အကြိမ်ကြိမ် စစ်ဆေးမေးမြန်း တရားစွဲဆိုမှုကိုလည်း မာရီယာက ခံခဲ့ရပါတယ်။
၃။ တက်ပ် ဗန်နီ – ကမ္ဘောဒီးယား (Tep Vanny)
အိမ်ယာအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဗန်နီဟာ ၂၀၁၆ သြဂုတ်လတည်းက ဖနွမ်းပင်ရဲ့ Prey Sar CC2 အကျဉ်းထောင်မှာ ဖမ်းဆီး အကျဉ်းချခံခဲ့ရပါတယ်။ သူ့ကို ဒီလိုအကျဉ်းချခြင်းဟာ သူမရဲ့ အသံကို တိတ်သွားအောင်နဲ့ အခြားသော တက်ကြွလှုပ်ရှားသူတွေကို ကျောချမ်းစရာ သတင်းစကား ပေးလိုက်တာဖြစ်ပါတယ်။
ဗန်နီနဲ့ သူ့ရဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေဟာ မြို့တော် ဖနွမ်ပင်ရဲ့ Boeung Kak Lake ဒေသမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ အတင်းအဓမ္မရွှေ့ပြောင်းခံရမှုနဲ့ ပတ်သက်ပြီး ၁၀ နှစ်နီးပါးလောက် ဆန္ဒပြခဲ့တာ ဖြစ်ပြီး အာဏာပိုင်တွေရဲ့ ရန်လိုတဲ့ တုန့်ပြန်မှုတွေကို ရရှိခဲ့ပါတယ်။
သူနဲ့ အခြားအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေဟာ ဒီကိစ္စအတွက် တရားလက်လွတ် ဖမ်းဆီးခံရတာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရပြီး သူတို့ရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွက် တရားမဲ့တဲ့ တရားစွဲဆိုမှုနဲ့ ထောင်ချခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ဆက်လက် ရပ်တည်သွားဖို့ ဆုံးဖြတ်ထားကြပါတယ်။
၎။ လီလာ ဒီ လီမာ – ဖိလစ်ပိုင် (Leila de Lima)
ပြီးခဲ့တဲ့လမှာ သမ္မတ ဒူတာတေးဟာ ဝေဖန်သူ တော်တော်များများကို နှုတ်ဆိတ်စေဖို့ သူ့ရဲ့ မူးယစ်လုပ်ငန်းအပေါ် စစ်ဆင်နွှဲမှုကို တိုးချဲ့ လုပ်ဆောင်ခဲ့ပါတယ်။ တရားရေးဝန်ကြီးဟောင်းနဲ့ ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ဥက္ကဌဟောင်းဖြစ်တဲ့ အထက်လွှတ်တော်အမတ် လီလာ ဒီ လီမာဟာ နိုင်ငံရေးလှုံ့ဆော်မှု စွဲချက်တွေနဲ့ တရားစွဲဆိုခံရပြီး လက်ရှိ မနီလာက ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။ ပြစ်မှုထင်ရှားမယ်ဆိုရင်တော့ သူမဟာေ
ထာင်ဒဏ် ၁၂ နှစ်လောက်အထိ ကျမှာပါ။
စစ်ဆင်ရေးမှာ လူပေါင်း ၂၀၀၀ ကျော်လောက် သေဆုံးမှုအတွက် နိုင်ငံတကာက တရားလက်လွတ် သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိတဲ့အချိန် ပြီးခဲ့တဲ့နှစ် သြဂုတ်လက အထက်လွှတ်တော် ကြားနာမှုအတွင်းမှာ လီမာဟာ သဘောထားကွဲလွဲတဲ့စကားတွေ ပြောဆိုခဲ့တာကြောင့် ဒူတာတေးဟာ လီမာကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒူတာတေးဟာ လီမာကို ဦးတည်တဲ့ အားမနာပ ပြောဆိုမှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့လ
လူထုကိုပြောကြားတဲ့ မိန့်ခွန်းမှာ သူသာ လီမာဖြစ်ရင် ကြိုးဆွဲချသေမယ်လို့ ပြောကြားခဲ့ပါတယ်။
သူ့ကို ရဲတပ်ဖွဲ့က ဖမ်းမခေါ်သွားခင် အချိန်လေးမှာ လီမာက “ကျွန်မကို ဖမ်းဆီးမှုဟာ အာဏာကို ဆာလောင်နေတဲ့၊ အကျင့်ပျက်ခြစားပြီး အလွဲသုံးစားလုပ်နေတဲ့ အစိုးရ ပြန်လည်ရောက်ရှိလာတဲ့ လက္ခဏာဆိုး တစ်ခုလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၅။ တရန် သီ နဂါ – ဗီယက်နမ် (Trần Thị Nga)
နဂါဟာ မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ပြီး ဟာနမ်ပြည်နယ်အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူလည်း ဖြစ်ပါတယ်။ သူမဟာ ဇန်န၀ါရီလက ဗီယက်နမ် ရာဇ၀တ်မှု အက်ဥပဒေအောက်က အပိုဒ် ၈၈ ဖြစ်တဲ့ နိုင်ငံတော်ကို ဆန့်ကျင်သည့် ၀ါဒဖြန့်မှု ပြုလုပ်ခြင်းဆိုတဲ့ ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီပုဒ်မကို ဗီယက်နမ်အစိုးရက သဘောထားကွဲလွဲသူတွေကို ကာလရှည် ထောင်ဒဏ်ချမှတ်မှုအတွက် အသုံးပြုလေ့ရှိပါတယ်။ ဗီယက်နမ်မှာ ယုံကြည်ချက်ကြောင့် အ
ကျဉ်းချခံနေရသူ အကျဉ်းသား ၉၃ ဦးမှာ နဂါလည်း ပါဝင်ပါတယ်။
ထိုင်ဝမ်မှာ အလုပ်လုပ်ရင်း ရွှေ့ပြောင်းလုပ်သားတစ်ယောက်အဖြစ် ကျူးလွန်းမှုတွေကို ခံခဲ့ရတဲ့ နဂါဟာ ဆိုးဆိုးရွားရွား ယာဉ်တိုက်မှုတစ်ခုကနေ ပြန်ကောင်းလာတဲ့အခါမှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သင်ယူလေ့လာခဲ့ပါတယ်။ဗီယက်နမ်ကို ပြန်လာပြီးနောက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မနားမနေ အသိပညာပေးခဲ့ပြီး ‘ဗီယက်နမ်အမျိုးသမီး လူ့အခွင့်အရေး ကွန်ယက်’ ကိုလည်း ၀င်ရောက်ခဲ့ပါတယ်။ လှုပ်ရှားမှုတစ်ချို့မှာ နဂါဟာ သာမန်အ၀တ်အစားဝတ်ထားတဲ့
အမျိုးသားတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေဟာ သူမရဲ့ သားသမီး ၄ ယောက်အရှေ့မှာ ဖြစ်ပွားခဲ့တာပါ။
၆။ ဝေေ၀နု – မြန်မာ (Wai Wai Nu)
ဝေေ၀နုဟာ သူမရဲ့ မွေးချင်း ၂ ယောက်၊ မိသတွေနဲ့အတူ မြန်မာစစ်အစိုးရလက်ထက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ သူတို့အားလုံးဟာ အခန်းတစ်ခုထဲမှာ ပိတ်ထားခံရပြီး ရှေ့နေငှားခွင့် မပေးသလို၊ စကားပြောခွင့်လည်း မပေးခဲ့ဘဲ တရားစွဲဆိုပြီး ထောင်ချခဲ့ပါတယ်။ အဲဒီအချိန်မှာ ဝေေ၀နုဟာ အသက် ၁၈ နှစ်အရွယ် ဥပဒေကျောင်းသူဖြစ်ပြီး သံတိုင်တွေရဲ့အနောက်မှာ ၁၇ နှစ် နေရမယ်လို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။
အကျဉ်းထောင်ထဲမှာ မတရားမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ဝေေ၀နုဟာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေစလုပ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ တိုင်းပြည်မှာ တရားမဲ့မှုတွေ ပပျောက်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူ အကျဉ်းထောင်ထဲက ထွက်လာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်မှာ ဥပဒေနဲ့ ကျောင်းပြီးခဲ့ပြီးနောက် Women’s Peace Network-Arakan နဲ့ Justice for Women လူ့အခွင့်အရေးအဖွဲ့နှစ်ခုကို တည်ထောင်ခဲ့ပါတယ်။
ဝေေ၀နုဟာ မြန်မာနိုင်ငံက အဖိနှိပ်ချုပ်ချယ်ခံ ရိုဟင်ဂျာလူ့အဖွဲ့အစည်းကဖြစ်ပြီး တန်းတူညီမျှမှု၊ သည်းခံမှုတို့ကို မြှင့်တင်ပေးဖို့အတွက် အာဝဇ္ဇန်းရွှင်ရွှင်နဲ့ အကြောက်အရွံ့မရှိ အသိပညာပေးမှုတွေကို လုပ်ဆောင်နေသူတစ်ယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။
Ref: amnesty.org
Comments