မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|
လူတိုင်းဟာ လွတ်လွတ်လပ်လပ် ထင်မြင်ယူဆနိုင်ခွင့်ရှိသလို လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်လည်းရှိပါတယ်။ လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ ဝေမျှနိုင်ခွင့်တွေလည်းရှိပါတယ်။
လွတ်လပ်စွာပြောဆိုပိုင်ခွင့်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကြေငြာစာတမ်းရဲ့ အပိုဒ် ၁၉ မှာလည်း “လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက် မရှိဘဲ၊ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကိုထောက်ထားရန်မလိုဘဲ သတင်း အကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှနိုင်ခွင့် တို့လည်းပါဝင်သည်”လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂကထုတ်ပြန်တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကြေငြာစာတမ်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ပဲ၊ ကမ္ဘာနိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာလည်း လွတ်လွတ်လပ်လပ် ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ ဝေမျှနိုင်ခွင့်တွေရှိကြောင်းကို ထဲ့သွင်းရေးဆွဲထားကြပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၅၄ မှာလည့်း “ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်။
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ချိခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်” ရှိသည်လို့ ဖော်ပြထားပါတယ်။
လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ရဲ့မိတ်ဖက်ဖြစ်သလို အာဏာရှင်စနစ်ရဲ့ ရန်ဘက်လည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် အင်မတန် အရေးကြီးတဲ့ နိုင်ငံသားတို့ရဲ့မွေးရာပါလွတ်လပ်ခွင့်လည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ လူ့အခွင့်အရေးရဲ့ တန်ဖိုးဖြစ်သလို လွတ်လပ်ခြင်း၊တန်းတူညီမျှခြင်း၊တရားမျှတခြင်းတို့ဖြစ်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ရဲ့ အုတ်မြစ်ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လူတစ်ဦးချင်း၊ နိုင်ငံသားတစ်ဦးချင်း၊ ရသင့်ရထိုက်တဲ့အခွင့်အရေးလည်း ဖြစ်သလို၊ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးလည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ကို ဒီိမိုကရေစီနိုင်ငံတွေမှာရော၊ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းလျှောက်လှမ်းနေတဲ့နိုင်ငံတွေမှာပါ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထဲ့သွင်းရေးဆွဲထားရမှာဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်တွေနဲ့အတူ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အသင်းအဖွဲ့တွေ၊ အစည်းအရုံးတွေ ဖွဲ့စည်းခွင့်၊ တစ်ခြားလူမျိုး၊တစ်ခြားဘာသာတရားတွေကို မထိခိုက်ဘဲ၊ လွတ်လွတ်လပ်လပ် ကိုးကွယ်ယုံကြည်ပိုင်ခွင့်နဲ့အတူ မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအပေါ်မှာ လွတ်လွတ်လပ်လပ် ကျင့်သုံးပိုင်ခွင့်ဆိုတာတွေလည်းပါဝင်ရမှာဖြစ်တယ်။ ဒါမှလည်း နိုင်ငံတကာစံချိန်မီတဲ့ဒီမိုကရေစီကို ပြောင်းလဲနေပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ရှိတယ်ဆိုပေမယ့် မိမိတို့ပြောဆို၊ ရေးသား၊ထုတ်ဝေဖော်ပြမှုတိုင်းမှာ လူသားတွေရဲ့အခြေခံရပိုင်ခွင့်တွေ၊ လူတစ်ဖက်သားအပေါ် ပုတ်ခတ်မှုတွေ၊ အငြှိုးထားပြီး အာဃာတတရားကြီးထွားအောင် လှုံ့ဆော်မှုတွေနဲ့အမုန်းစကားဖြန့်ချိမှုတွေကိုတော့ ရှောင်ရှားရမှာဖြစ်ပါတယ်။ လူမျိုးရေး ကြောင့်ဖြစ်ဖြစ်၊ ဘာသာရေးကြောင့်ဖြစ်ဖြစ် တစ်ဖက်နဲ့တစ်ဖက်၊ လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု မုန်းတီးအောင်၊ သွေးကွဲအောင် ဖန်တီးမှုတွေကို ရှောင်ရှားရပါမယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၆၄ မှာလည်း “ လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်တီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန်ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။
လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု၊ မုန်းတီးမှု၊ သွေးကွဲအောင်လှုံ့ဆော်မှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး အတွက် အင်မတန်အရုပ်ဆိုးအကျည်းတန်ပြီး လူသားဝါဒရဲ့အခြေခံဥပဒေသတွေ၊ လူ့ဂုဏ်သိက္ခာကိုလေးစားတန်ဖိုးထားရမယ် ဆိုတဲ့အချက်တွေနဲ့လည်း ဖီလာဆန့်ကျင်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းတစ်ခုကိုဖြစ်ဖြစ်၊ လူမျိုးစုတစ်စုစုကိုဖြစ်ဖြစ် ခွဲခြားနှိမ်ချစော်ကားပြီး တိုက်ခိုက် ပြောဆို ရေးသားမှုတွေကို အမုန်းစကား(Hate Speech)လို့ ခေါ်တာဖြစ်တယ်။ အမုန်းစကား(Hate Speech)ဆိုတာ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု၊ ပိတ်ဆို့တားမြစ်မှုတွေ အတွက်ရည်ရွယ်ပြီး ၀ါဒဖြန့်ပြောဆိုမှုတွေကိုခေါ်တယ်။ လူတစ်ဦးတစ်ယောက်၊ လူတစ်စု၊ လူမျိုးစုတစ်စု၊ လူမျိုးတစ်ခု၊ ဘာသာတစ်ခုအပေါ်မှာ မလိုမုန်းထား၊နှိမ့်ချစော်ကားနေတာ၊ ခြိမ်းခြောက်ပြောဆိုနေတာတွေဟာ အမုန်းတရားဖြန့်ချိမှုပါပဲ။ လူမျိုး၊ ဘာသာ၊ လိင်နဲ့လူသားမျိုးနွယ်အချင်းချင်းကြားမှာ အမုန်းတရားဖြစ်ပေါ်စေဖို့၊ သွေးကွဲရန်ဘက်ဖြစ်စေဖို့ အတွေးခေါ်တွေနဲ့ အယူအဆတွေပြန့်နှံ့အောင် ၀ါဒမှိုင်းတိုက်မှုတွေကိုလည်း အမုန်းစကား(Hate Speech)လို့ ခေါ်ပါတယ်။ လူနည်းစုလူမျိုးတွေနဲ့ လူနည်းစုဘာသာဝင်တွေကို နာကျင်စေတဲ့စကားမျိုးပြောဆိုတာဟာလည်း အမုန်းစကားကို ဖြစ်ပေါ် စေပါတယ်။ ဒီလို လူမျိုးရေးစော်ကားတာ၊ ဘာသာရေးစော်ကားတာ၊ နာကြင်စေတဲ့စကားတွေပြောတာတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အမုန်းစကား(Hate Speech)တွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ မျိုးဖြုတ်သတ်ဖြတ်မှုတွေ အထိဖြစ်ကာ ထိန်းမနိုင်သိမ်းမရ အခြေအနေဆိုက်ရောက်ခဲ့ရတယ်ဆိုတာ သမိုင်းမှာသက်သေတွေ ရှိခဲ့ပါတယ်။
အမုန်းစကား(Hate Speech) အများစုဟာ တကယ်တော့ ရိုးသားပြီး မိမိလူမျိုး၊ မိမိဘာသာကိုချစ်မြတ်နိုးတဲ့လူထုကို သည်းခြေကြိုက်စကားလုံးတွေဖြစ်တဲ့ လူမျိုးရေး၊ဘာသာရေးစကားတွေ ခုတုံးလုပ်ပြီး လှုံ့ဆော်ဝါဒဖြန့်ကြတာကြောင့် အကြမ်းဖက်မှုတွေဖြစ်ရတာဖြစ်တယ်။ လူမျိုးမတူသူတွေကြား၊ ဘာသာမတူသူတွေကြား သံသယနဲ့အထင်အမြင် လွဲမှားမှုတွေ ကြောင့် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေပေါ်ပေါက်လာရတာဖြစ်တယ်။ သံသယတွေ၊ အထင်အမြင်လွဲမှားမှုတွေကို အရင်းစစ်ကြည့်လိုက်ရင် အမုန်းစကား(Hate Speech)တွေကြောင့်ဆိုတာ ထင်ရှားပါတယ်။ လူ့အဖွဲ့အစည်းတွေအတွင်းမှာ အမုန်းစကား (Hate Speech)တွေ ပြန့်နှံ့လာတဲ့အခါ တစ်ဖက်လူ့အဖွဲ့အစည်း၊ တစ်ဖက်လူမျိုးစုတွေကို တိုက်ခိုက်ဖို့ အင်အားစုတွေ အလိုလိုပေါ်ပေါက်လာလေ့ရှိပါတယ်။
အဲဒီအင်အားစုတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘာသာရေးနဲ့ဆိုင်တဲ့ခွဲခြားဆက်ဆံမှုတွေ၊ ကိုးကွယ်ယုံကြည်တဲ့ ဘာသာမတူသူတွေကို ခွဲခြားဆက်ဆံဖို့၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အတူနေလာကြပြီး ဒီမြေမှာမွေး၊ ဒီမြေမှာသေကြရမယ့်သူတွေကိုတောင် ကိုယ်လိုသူလိုညီရင်းအစ်ကို စိတ်မထားနိုင်ကြတော့ဘဲ၊ တစ်နိုင်ငံတည်းသားတွေလို့မမြင်နိုင်ကြတော့ဘဲ ခွဲခြားဆက်ဆံမှုတွေပြုလုပ်လာကြတယ်။ နိုင်ငံသားအချင်းချင်းတွေဖြစ်နေ ပါလျက်နဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်တွေနဲ့ စီးပွားရေးအဆက်အဆံမလုပ်ဖို့၊ ဘာသာမတူသူတွေရဲ့ဈေးဆိုင်တွေမှာမ၀ယ်ဖို့၊ ဘာသာမတူသူတွေကို မြို့ရွာတွေတွေမှာနေထိုင်ခွင့်မပြုဖို့၊ မြို့ရွာတွေကနေမောင်းထုတ်ဖို့၊ ဘာသာရေးအဆောက်အဦတွေကို အကြောင်းအမျိုးမျိုးရှာပြီး ပိတ်သိမ်းဖို့စတာတွေ ရေးသား ပြောဆို ဟောပြော ၀ါဒမှိုင်းတိုက်နေတာတွေဟာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်နဲ့ရောထွေးသွားကြပြီး၊ အမုန်းစကား(Hate Speech) ဖြန့်ချိမှုအဆင့်ကို ရောက်သွားပါတော့တယ်။
အဲဒီ အမုန်းစကား(Hate Speech)တွေဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတဲ့စကားတွေဟာ ဘယ်လို လူနည်းစု ဘာသာဝင်တွေကို လူများစုတွေက အခွင့်အရေးမပေးဘဲ ကန့်သတ်ထားရမယ်။ ဘယ်ဘာသာဝင်တွေရဲ့ဆိုင်တွေကိုတော့ ဈေးမ၀ယ်ဘဲရှောင်ကြဉ်ရမယ်၊ ဘယ်ဘာသာဝင်တွေကို မြို့ရွာတွေမှာနေထိုင်ခွင့်မပြုရဘူး၊ ဘယ်ဘာသာဝင်တွေရဲ့ ဘာသာရေး ဆိုင်ရာအဆောက်အဦးတွေကို ဖျက်သိမ်းရမယ်။ ဘယ်ဘာသာဝင်နဲ့တော့ လက်ထပ်ခွင့်မရှိဘူးစတဲ့ လူမျိုးနဲ့ လိင်အရ သီးသန့် ခွဲခြားသတ်မှတ်ဖို့ တိုက်တွန်းနှိုးဆော်တာမှန်သမျှ အမုန်းတရားဖြစ်ပေါ်ဖို့လှုံ့ဆော်မှုပါပဲ။ ဒါကို လွတ်လပ်စွာ ပြောဆိုခွင့်လို့ဆိုပြီး ခွင့်ပြုပေးရမှာမဟုတ်တဲ့အပြင် လွတ်လပ်စွာပြောဆိုခွင့်ကိုပါ ထိခိုက်နစ်နာအောင်ပြုလုပ်တဲ့အတွက် ဥပဒေနဲ့တားမြစ်ရမှာ ဖြစ်ပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်ဆိုတာက လူနည်းစုဘာသာဝင်တွေနဲ့ လူမျိုးမတူသူတွေကို ခွဲခြားဆက်ဆံဖို့မဟုတ်ပါဘူး။ လူမျိုးရေး၊ဘာသာရေးခွဲခြားဖို့ အမုန်းစကားတွေအတွက် ပြောဆိုခွင့်မဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်ကို အောက်ခြေကနေ လှိုက်စားမယ့် အမုန်းစကားပြောဆိုမှုတွေ၊ လူမျိုးရေး ဘာသာရေးဖယ်ထုတ်လိုမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ မဖြစ်ပေါ်အောင် တားဆီးပြီး လွတ်လပ်စွာပြောဆိုခွင့်တွေနဲ့မရောယှက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံဖို့၊ လူမျိုးရေး ဘာသာရေးဖယ်ထုတ်ဖို့ အမုန်းစကားဖြန့်ချိနေမှုတွေကို လက်ခံပေးနေတဲ့နိုင်ငံဟာ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ပျက်စီးရာ ပျက်စီးကြောင်းဖန်တီးဖို့ အုတ်မြစ်ချနေခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာတော့ အမုန်းစကားဖြန့်ချိနေမှုကို ဥပဒေနဲ့တားမြစ်ထားတာတွေရှိပါတယ်။ နိုင်ငံသားတွေဖြစ်တဲ့ လူမျိုးစုတွေအချင်းချင်း၊ ဘာသာတွေအချင်းချင်း သိက္ခာချရေးသားပြောဆိုတာ၊ စော်ကားနှိမ်ချပြောဆို ရေးသားတာမျိုးပြုလုပ်လာရင် အစိုးရကိုယ်တိုင် တရားစွဲဆိုပြစ်ဒဏ်ပေးကြတယ်။ လူတစ်ဦးကိုအထင်အမြင်သေးတဲ့စကားမျိုး၊ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့စကားမျိုးပြောခြင်းဟာ ဂုဏ်သိက္ခာထိခိုက်စေတဲ့အဆင့်မှာသာရှိပြီး တစ်ဦးချင်းနဲ့ဆိုင်တဲ့ပြစ်မှု ဖြစ်ပေမယ့် လူမျိုးရေး ဘာသာရေးတစ်ခုခုကို အထင်သေးအမြင်သေး စော်ကားပြောဆို ရေးသား ဟောပြောနေမှုတွေကတော့ လူ့အဖွဲ့အစည်းကြား ရှင်းရခက်တဲ့အမုန်းမျိုးစေ့ချတာဖြစ်လို့ တိုင်းပြည်အတွက်ရော၊ နောင်မျိုးဆက်တွေအတွက်ရော ထိခိုက်စေနိုင်တဲ့အတွက် ရေရှည်မှာ အင်မတန်ကြီးမားတဲ့ ရာဇ၀တ်ပြစ်မှုပဲဖြစ်တယ်။
လူမျိုးတစ်မျိုးနဲ့ ဘာသာရေးတစ်ခုခုအပေါ် အမုန်တရားဖြစ်ပေါ်အောင် ပြောဆိုရေးသားဟောပြောမှုတွေကြောင့် ပြောဆိုတဲ့လူများစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကသာ အပြောခံရတဲ့ လူနည်းစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကို အကြမ်းဖက်မှုတွေ သွားရောက်ကျူးလွန်နိုင်တဲ့အတွက် အမုန်စကားဖြန့်ချိသူတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ တိုင်းပြည် အတွက် ကြောက်စရာကောင်းတဲ့ မတည်ငြိမ်မှုဖန်တီးသူတွေလို့ သတ်မှတ်လို့တော့မရပါဘူး။ အပြောခံရတဲ့ လူနည်းစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကလည်း အကြမ်းဖက်မှုတွေကို တန်ပြန်ကျူးလွန်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ တိုင်းပြည်အတွက်ပါ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ မတည်ငြိမ်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အမုန်စကားဖြန့်ချိမှုတွေဟာ ပြောသူဘက်ကဖြစ်ဖြစ်၊ အပြောခံရတဲ့ဘက်ကဖြစ်ဖြစ် အားလုံးထိခိုက်နစ်နာရတဲ့ အပြင် တိုင်းပြည်အပြောင်းအလဲအတွက်ရော၊ တိုင်းပြည်တည်ငြိမ်မှု၊ တိုးတက်မှုတို့အတွက်ပါ နစ်နာစေပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ ဘာသာစုံ၊ နိုင်ငံသားစုံရှိနေတဲ့လူ့အဖွဲ့အစည်းမှာ အခက်အခဲတွေကြားက ဒီမိုကရေစီစနစ်ကိုပြောင်းလဲဖို့ ကြိုးစားနေရတဲ့အချိန်ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးမှုကိုအခြေခံပြီး တားမြစ်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ပြောင်းလဲဖော်ဆောင်နေချိန်မှာ အမုန်းစကား (Hate Speech)ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့အတွက် ဥပဒေကြမ်းရေးဆွဲနေပြီဖြစ်ကြောင်းနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူရမှာဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေမှာ ရှိတဲ့ ၀ိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမမှာ ဇူလိုင်လ ၁၄ ရက်နေ့ကပြုလုပ်တဲ့ သတ္တမအကြိမ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကာဒဿမ အစည်းအဝေးဒုတိယနေ့အစည်းအဝေး တက်လာချိန် မီဒီယာတွေမေးမြန်းတဲ့အခါ ပြောကြား သွားသလို၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နဲ့ မေလအတွင်းက မန္တလေးမှာတစ်ကြိမ်၊ ရန်ကုန်မှာ တစ်ကြိမ်တွေ့ဆုံပွဲမှာ အဲဒီအဖွဲ့ရဲ့ နာယကတွေနဲ့ အဖွဲ့ဝင်တွေတင်ပြချက်တွေကြောင့် အဲဒီဥပဒေရေးဆွဲဖို့ဖြစ်လာတဲ့အကြောင်း အခုလိုပြောကြားခဲ့ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပဲ၊ မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်းဟာ မိမိယုံကြည်ရာ၊ နှစ်သက်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိတယ်။ ကိုးကွယ်တဲ့ဘာသာအားလုံးကိုလည်း နိုင်ငံတော်အစိုးရက အသိအမှတ်ပြုတယ်။ စောင့်ရှောက်မယ်ဆိုပြီးပြဌာန်းချက်ရှိပါတယ်။ အဲဒါမှာ ဘာသာတစ်ခုက ဘာသာတစ်ခုကို၊ လူတစ်စုကနေ ဘာသာမတူတဲ့လူတစ်စုကို ထိခိုက်ပုတ်ခတ်ခြင်း၊ အနိုင်ကျင့်ခြင်းမရှိစေရဆိုတာလည်း ကာကွယ်ပေးတဲ့ အပိုဒ်လည်းရှိပါတယ်။ ဒါ အခြေခံဥပဒေပြဌာန်းချက်ပါ။ အခြေခံဥပဒေဆိုတာကတော့ နိုင်ငံတစ်ခုရဲ့ မိခင်ဥပဒေဖြစ်လို့မလို့ ခုနကအကြောင်းအရာတွေ အပေါ်မှာ အသေးစိတ်ဖော်ပြရေးသားနိုင်ဖို့ သူ့မှာအခြေအနေမပေးပါဘူး။ အဲဒီမှာ ခုနက အရေးကြီးတဲ့ဥပဒေပုဒ်မတွေကို နောက်ဆက်တွဲဥပဒေအဖြစ် ပြန်လည်ပြီးမှရေးဆွဲပါမယ်။ အဲဒါကြောင်မို့လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အကြီးအကဲတွေရဲ့တင်ပြချက်အရ အမုန်းစကား(Hate Speech)တွေ ဖြန့်ဝေမှု၊သွေးခွဲမှုကြောင့်မို့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ၊ပဋိပက္ခတွေ မပေါ်ပေါက်စေနိုင်ဖို့အတွက်ကို အမုန်းစကား(Hate Speech) တားဆီးရေးဥပဒေ မူကြမ်းတစ်ခု ရေးဆွဲဖို့ အတွက် ဆုံးဖြတ်ကြပါတယ်”လို့ပြောခဲ့ပြီးဖြစ်ပါတယ်။
အဲဒီ ဥပဒေမူကြမ်းကို ၀န်ကြီးဌာနကရေးဆွဲမှာမဟုတ်ဘဲ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့က အငြိမ်းစားဥပဒေ ပညာရှင်တွေနဲ့ရေးဆွဲပြီး သာသနာရေးဝန်ကြီးဌာနက လေ့လာသုံးသပ်ပြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုပို့ပြီး သဘောထား မှတ်ချက်တောင်းယူမယ်၊ ပြီးရင် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းအတည်ပြုမှာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောခဲ့ပါသေးတယ်။
“လွှတ်တော်မှာအတည်ပြုပြီးတဲ့နောက် နောက်ဆုံးအခြေအနေနဲ့ကိုက်ညီတဲ့၊ ခေတ်စနစ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ကိုက်ညီတဲ့ဥပဒေကြမ်းတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဥပဒေတစ်ရပ်အတည်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီဥပဒေအရပဲ ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ လူမျိုးပေါင်းစုံကိုကာကွယ်ပေးနိုင်တဲ့ အနေအထားတစ်ရပ်ပေါ်ပေါက်လာမှာ သေချာပါတယ်” လို့ပြောခဲ့သလို လက်ရှိအခြေအနေမှာ အမုန်းစကားပြောဆိုနေကြသူတွေကိုလည်း တည်ဆဲဥပဒေအရပဲ အရေးယူရမှာ ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုအချိန်အထိတော့ အမုန်းစကား(Hate Speech) ပြောဆိုရေးသားဟောပြောနေသူတွေဟာ ဒီမိုကရေစီစနစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အခွင့်ကောင်းယူကာ ဗရမ်းဗတာဆန်ဆန် အမုန်းစကားဖြန့်ချိမှုတွေကိုပြုလုပ်နေကြဆဲ၊ ရေးသားနေကြဆဲ၊ ဟောပြောနေကြဆဲဖြစ်သလို လူမျိုးရေး၊ဘာသာရေး သွေးခွဲ ရန်တိုက်မှုတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ကြပါတယ်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုအသုံးချပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးစတာတွေ မတည်မငြိမ်ဖြစ်အောင်၊ ဆူပူမှုတွေဖြစ်အောင်၊ အရပ်သား အစိုးရသစ်အကြပ်အတည်းဖြစ်အောင်၊ အရပ်သားအစိုးရသစ်နဲ့လူထုကြား အမြင်မှားအထင်မှားတွေ ပေါ်ပေါက်လာအောင်၊ လူထုခေါင်းဆောင်၊ နိုင်ငံတော်တော်၏ အတိုင်ပင်ခံအပေါ် နိုင်ငံတကာက အပြစ်တင်ဝေဖန်မှုတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေမှုတွေရှိနေဆဲပဲဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံသားတို့ဘ၀လုံခြုံ အေးချမ်းစေဖို့အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးမဟုတ်ဘဲ၊ တရားဥပဒေစိုးမိုးမှု စံချိန်စံညွှန်းနဲ့အညီ အမုန်းစကား(Hate Speech) တားဆီးရေးဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲ အတည်ပြုဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းနဲ့ အဲဒီဥပဒေပေါ်ပေါက်လာမှသာ ဘာသာတစ်ခုနဲ့တစ်ခု၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ လူ့အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်စေအောင်၊ အကြမ်းဖက်မှုတွေပေါ်ပေါက်စေအောင်၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်အေးချမ်းမှု ကိုပျက်ပြားအောင် လှုံ့ဆော်ဖန်တီးနေသူတွေ၊ သွေးခွဲရန်တိုက်နေသူတွေကို ကျူးလွန်တဲ့အတိုင်းအတာပေါ်မူတည်ပြီး ပြစ်မှု ပြစ်ဒဏ်တွေချမှတ်နိုင်မှာဖြစ်ပါတယ်။
ဒါမှသာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကြော်သံနဲ့အတူ လူထုနှစ်ပေါင်းများစွာမျှော်လင့်ပြီး အားကိုးတကြီး ထောက်ခံ ရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ် အေးချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အမုန်းစကား(Hate Speech)တွေ ကင်းကင်းရှင်းရှင်းနဲ့ အမြန်ဆုံးပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ ဘာသာစုံ ပြည်ထောင်စုသား နိုင်ငံသားအားလုံးကလည်း စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ သဟဇာတဖြစ်စွာပူးပေါင်းဆောင်ရွက်ကြမှသာ အမုန်းတရားကင်းစင်ပြီး ချစ်ခြင်းတရားတွေနဲ့ပြည့်နှက်နေတဲ့ နိုင်ငံတော်သစ်ကို မိမိတို့ရဲ့နောင်လာနောက်သားမျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းနိုင်ခဲ့မှာဖြစ်ပါကြောင်းနဲ့ လူ့ဘောင် လောကအတွက် အကောင်းဆုံးအကျိုးပြုသူတွေအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ကြဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။
မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|
Comments