မတ် ၁၈၊ ၂၀၁၇
M-Media
– ဘာသာစကားဆိုတာ ဇီဝရုပ် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေသလို အချိန်တိုင်း၊ မျိုးဆက်တိုင်း ပြောင်းလဲတိုးတက်နေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဘာသာစကားတစ်ခုနဲ့ အဲဒီဘာသာစကားကနေ နောက်ထပ် ခွဲထွက်လာတဲ့ ဘာသာစကားတစ်ခုဟာ သိသိသာသာ ကွဲပြားခြားနားသွားတာမျိုး မရှိပါဘူး။ ဒ့ါကြောင့် ဘာသာ
စကားတစ်ခုက အခြား ဘာသာစကားတစ်ခုထက် ပိုပြီး သက်တမ်းရင့်တယ်လို့ ပြောလို့ မရနိုင်ပါဘူး။ ဘာသာစကားအားလုံးဟာ လူသားတွေလိုပဲ အိုးမင်းဟောင်း နွမ်းတတ်ပါတယ်။ အခုဖော်ပြမယ့် ဘာသာစကားတွေကတော့ နည်းနည်း ထူးခြားပြီး ရှေးလည်း ပိုကျပါတယ်။
ဟီဘရူး
ဟီဘရူးဘာသာစကားဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၄၀၀ ၀န်းကျင်လောက်အထိ နိစ္စဓူဝသုံး စကားဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းက ဂျူးလူမျိုးတွေ အခမ်းအနားတွေမှာသာ အသုံးပြုတော့တဲ့ အဆင့်ကို ရာက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ ဇီယွ
န်ဝါဒ ခေါင်းဆောင်လာမှုနဲ့အတူ ဟီဘရူးဘာသာစကားဟာ ပြန်လည်ရှင်သန်လာခဲ့ပြီး လက်ရှိ အစ္စရေးရဲ့ တရားဝင် ရုံးသုံး ဘာသာစကား ဖြစ်လို့နေပါတယ်။ ယခုခေတ်သုံး ဟီဘရူးဟာ ဓမ္မဟောင်းကျမ်းမှာ အသုံးပြုတဲ့ ပုံစံနဲ့ ကွာခြားပေမယ့် မွေးရာပါ ဟီဘရူစကားတတ်သူတွေဟာ ဓမ္မဟောင်းကျမ်းက ဟီဘရူးစာလုံးတွေ သူတို့နဲ့ ဆက်စပ်နေတဲ့ စာတွေကို ကောင်းကောင်း နားလည်ကြပါတယ်။ ခေတ်သစ် ဟီဘရူးစကားကို စပြောကြတဲ့ အစောပိုင်းဂျူးတွေရဲ့ မိခင်ဘာသာစကားဟာ ယီဒစ်ရှ် (Yiddish) ဖြစ်ပြီး လက်ရှိမှာတော့ ခေတ်သစ် ဟီဘရူးဘာသာစကားဟာ အခြားသော ဂျူးဘာသာစကားတွေအပေါ်မှာ လွှမ်းမိုးသွားခဲ့ပါပြီ။
တမီလ်
တမီလ်ဘာသာစကားဟာ လူပေါင်း ၇၈ သန်းလောက် ပြောဆိုနေတဲ့ ဘာသာစကားဖြစ်ပြီး သီရိလင်္ကာနိုင်ငံနဲ့ စင်ကာပူတို့မှာ အစိုးရမှ တရားဝင် ဘာသာစကားတစ်ခု အဖြစ်အသိအမှတ်ပြုထားပါတယ်။ နောက်ပြီး တမီလ်ဘာသာစကားဟာ ခေတ်သစ်ကာလအထိ ရှေးဟောင်း ဂန္တ၀င်ပုံစံနဲ့ ရှင်သန်လာတဲ့ တစ်ခုတည်းသော ဘာသာစကားလည်း ဖြစ်ပါတယ်။ ဒါဝီဒီယန် ဘာသာစကား မိသားစုကနေ ဆင်းသက်လာတာဖြစ်ပြီး အိန္ဒိယတောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ မျိုးကွဲပေါင်းမြောက်များစွာ ရှိနေပါတယ်။ ပြီးတော့ တမီလ်နန်ဒူးပြည်ရဲ့ ရုံးသုံးဘာသာစကားလည်း ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာ ခရစ်တော်မပေါ်ခင် ၃ ရာစုလောက်က တမီလ်စာနဲ့ ရေးသားထားမှုတွေကို တွေ့ရှိခဲ့ရပြီး အဲဒီအချိန်ကတည်းက ဆက်တိုက် တည်တံ့လာခဲ့တာ ဖြစ်ပါတယ်။ ခရစ်တော်မတိုင်ခင် နှစ်ပေါင်း ၆၀၀ လောက်အရင် အသုံးပြုခဲ့တဲ့ အခြား အိန္ဒိယဘာသာစကား သက္ကတနဲ့ မတူတာက တမီလ်ဟာ လက်ရှိမှာ ကမ္ဘာပေါ် အသုံးများဆုံး ဘာသာစကားစာရင်းမှာ အဆင့် ၂၀ နေရာ ရှိနေတာဖြစ်ပါတယ်။ သက္ကတဘာသာစကားကတော့ လက်ရှိမှာ တိမ်ကောသွားပါပြီ။
လစ်သူယေးနီးယန်း
ဥရောပရဲ့ ဘာသာစကားအများစုဟာ အင်ဒို-ဥရောပ ဘာသာစကားအနွယ်ဝင်တွေဖြစ်ပေမယ့် ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၃၅၀၀ လောက် အရင်ကတည်းက တစ်ခုနဲ့တစ်ခု ကွဲပြားသွားတယ်လို့ မှတ်ယူထားပါတယ်။ နောက်ပိုင်းမှာ ဂျာမနီ၊ အီတလီ၊ အင်္ဂလိပ်တို့လို ဒါဇင်နဲ့ချီတဲ့ အခြား ဘာသာစကားတွေအဖြစ် ဖွံ့ဖြိုးလာခဲ့ပြီး သူတို့ မျှဝေသုံးစွဲခဲ့ကြတဲ့ ပုံစံတွေဟာ တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် အင်ဒို-ဥရောပ မိသားစုဝင်ထဲက ဘောလ်တစ်ဒေသ ဘာသာစကားတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယန်းဟာ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၃၅၀၀ လောက်ကတည်းက သုံးစွဲခဲ့တယ်လို့ ဘာသာစကားပညာရှင်တွေက ယူဆထားတဲ့ ပရိုတို-အင်ဒို-ဥရောပ (PIE) က ပုံစံအများစု ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လစ်ယူယေးနီးယန်း ဘာသာစကားဟာ အခြားသော ညီနောင်ဘာသာစကားတွေထက် PIE ရဲ့ အသံထွက်တွေ၊ သဒ္ဒါစည်းမျဉ်းတွေ တော်တော်များများကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါ့ကြောင့် လစ်သူယေးနီးယန်းကို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဘာသာစကားတွေထဲက တစ်ခုအဖြစ် မှတ်ယူကြတာ ဖြစ်ပါတယ်။
ဖာရစီ
ဖာရစီကို ကြားဖူးချင်မှ ကြားဖူးကြမှာဖြစ်ပေမယ့် ဒီစကားကို အီရန်၊ အာဖဂန်နစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ အခြားနိုင်ငံတော်တော်များများမှာ သုံးစွဲကြပါတယ်။ ပါရှားဆိုတဲ့ စကားလုံးကို လူတိုင်း ကြားဖူးကြမှာဖြစ်ပြီး၊ မီးခွက်စောင့် ဘီလူးပုံပြင်နဲ့ တွဲမြင်ကြမှာပါ။ ပါရှန်နဲ့ ဖာရစီဘာသာစကားဆိုတာ နာမည်သာကွဲပြီး အားလုံးတူပါတယ်။ ဖာရစီဟာ ပါရှန်အင်ပါယာမှာ အသုံးပြုတဲ့ ရှေးဟောင်း ပါရှားစကားကနေ တိုက်ရိုက် ဆင်းသက်လာတာ ဖြစ်ပါတယ်။ ခေတ်သစ် ပါရှန်စကားကတော့ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၈၀၀လောက်မှာမှ ပေါ်ပေါက်လာတာဖြစ်ပြီး အခြားသော ခေတ်ပေါ်ဘာသာစကားတွေနဲ့ ကွဲလွဲတာက အဲဒီကတည်းကစလို့ အပြောင်းအလဲ အနည်း ငယ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ် ပါရှန်စကားပြောဆိုသူတစ်ယောက်ဟာ အေဒီ ၉၀၀ လောက်က ပါရှန်စာအုပ်တစ်အုပ်ကို အင်္ဂလိပ်တစ်ယောက် အေဒီ ၉၀၀ လောက်ကရေးတဲ့ အင်္ဂလိပ်စာအုပ်ဖတ်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးတွေ မရှိဘဲ ဖတ်နိုင်တယ်လို့ ရှိတ်စပီးယားက ပြောခဲ့ပါတယ်။
အိုက်စလန်ဒစ်
အိုက်စလန်ဒစ် ဘာသာစကားဟာ အင်ဒို-ဥရောပ အုပ်စုဝင် ဘာသာစကားဖြစ်ပြီး ဂျာမန်မြောက်ပိုင်း အုပ်စုခွဲမှာ ပါဝင်ပါတယ်။ (အင်္ဂလိပ်ကလည်း ဂျာမန်အုပ်စုဝင်ဖြစ်ပေမယ့် အနောက်ဂျာမန်ဘက်ကပါ။) ဂျာမန်အုပ်စုဝင် ဘာသာစကား အများစုဟာ တစ်ဖြည်းဖြည်း တိုးတက်လာခဲ့ပြီး အခြားသော အင်ဒို-ဥရောပအုပ်စုဝင် ဘာသာ စကားတွေက ပုံစံအချို့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် အိုက်စလန်ဒစ် ဘာသာစကားကတော့ ရှေးရိုးပုံစံအတိုင်း တောက်လျှောက် တည်ရှိလာခဲ့ပြီး ဒီပုံစံတွေ တော်တော်များများကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ၁၄ ရာစုကနေ ၂၀ ရာစု အတွင်းမှာ အိုက်စလန်နိုင်ငံကို ဒိန်းမတ်တွေ အုပ်ချုပ်မှုကလည်း အိုက်စလန်ဒစ် ဘာသာစကားအပေါ် သိပ်ပြီး သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါ့ကြောင့် နော့စ်လူမျိုးတွေ တိုင်းပြည်ထဲ ၀င်ရောက်အခြေချကတည်းက ပါလာခဲ့တဲ့ ဒီ အိုက်စလန်ဒစ် ဘာသာစကားဟာ ပြောင်းလဲမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အိုက်စလန်ဒစ်စကား ပြောဆိုတဲ့သူတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာအရင်က ရေးသားခဲ့တဲ့ ၀တ္ထုတွေကိုလည်း အလွယ်တကူ ဖတ်နိုင်ကြပါတယ်။
(ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်)
Ref : The Culture Trip
Comments