ဧပြီ ၁၄၊ ၂၀၁၇
M-Media

– မြောက်ကိုရီးယားနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် တင်းမာမှုကို စစ်ရေးဖြင့် ဖြေရှင်း၍မရဟု တရုတ်နိုင်ငံက ယမန်နေ့တွင် ပြောကြားလိုက်ပြီး မိမိတို့၏ ကာကွယ်မှုကို ရယူလိုပါက နျူအစီအစဉ်ကို ရပ်တန့်ရန်လည်း မြောက်ကိုရီးယားကို တိုက်တွန်းခဲ့သည်။
အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson နှင့် တိုက်ရေယာဉ်အုပ်စုမှာ ကိုရီးယားကျွန်းဆွယ်အနီးသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောက်ရှိခဲ့ပြီး၊ မြောက်ကိုရီးယားကလည်း အမေရိကန်ကို နျူ လက်နက်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားကမူ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို လက်ဦးမှု ရယူတိုက်ခိုက်မှု မပြုလုပ်ခင်အရင် မိမိတို့ဆီမှ အကြံအဉာဏ်ရယူမည်ဟု ယုံကြည်နေသည်။
“စစ်တပ်အင်အားက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ စိန်ခေါ်မှုတွေကြားထဲမှာ အခွင့်အလမ်းဆိုတာ ရှိပါတယ်။ တင်းမာမှုတွေကြားထဲကပဲ ဆွေးနွေးပွဲတွေ ပြန်စဖို့ အခွင့်အလမ်းတစ်ခုလိုမျိုး ရှာတွေ့မှာပါ” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဘေဂျင်း၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် ဒေသတွင်းပြဿနာကို စတင်သူမှာ သမိုင်းနှင့်ချီ၍ တာဝန်ယူရမည်ဟုလည်း ၀န်ကြီးက ဆိုသည်။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ Global Times ၏ အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအနေဖြင့် တရုတ်က ကြေငြာထားသည့် အကြံပြုချက်ကို လိုက်နာပြီး နျူလုပ်ငန်းစဉ်များကို ရပ်တန့်ပါက မိမိတို့မှာ နျူကင်းစင် မြောက်ကိုရီးယားနိုင်ငံနှင့် အစိုးရအတွက် လုံခြုံရေးကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်မှုကို မကြာခင် လုပ်ဆောင်တော့မည်ဆိုသည့် သတင်းများကလည်း ဒေသတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားစေသည်။
Ref: Aljazeera