ဧပြီ ၁၇၊ ၂၀၁၇
M-Media
– အာဏာအလွဲသုံးစားလုပ်မှု၊ ခြစားမှု စွဲချက်များဖြင့် ရာထူးမှ ဖြုတ်ချခံလိုက်ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေးမှာ ယနေ့တွင် တရားဝင် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။
အစိုးရရှေ့နေများက သူမ ရင်ဆိုင်ရမည့် စွဲချက်များတွင် လာဘ်စားမှု၊ အကျပ်ကိုင်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားမှုတို့ ပါဝင်သည်ဟု ပြောကြားခဲ့သည်။
အသက် ၆၅ နှစ်အရွယ်ရှိပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပက်ဂျုံဟေးမှာ သူမ၏ မိတ်ဆွေ ချိုဆွန်အီလ်နှင့်အတူ နိုင်ငံရေးတွင် မျက်နှာသာပေးမည်ဟုဆိုကာ ကုမ္ပဏီများထဲမှ ငွေကြေးအများအပြားကို တောင်းခံခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
နှစ်ဦးစလုံးမှာ ထိုစွဲချက်များကို ငြင်းဆိုခဲ့ပြီး ပက်မှာ ပြီးခဲ့သည့်လက ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။
ချိုဆွန်အီလ်မှာလည်း သမ္မတနှင့် အဆက်အသွယ်ရှိမှုကို အသုံးပြု၍ သူမထိန်းချုပ်ထားသော ဖောင်ဒေးရှင်းတစ်ခုတွင် အလှူငွေ ဒေါ်လာသန်းနှင့်ချီထည့်ဝင်ရန်အတွက် ကုမ္ပဏီများကို ဖိအားပေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
Ref: BBC
Comments