News @ M-Media

ဘန်လေကွင်းလယ်လူ ဘောလုံးပွဲလောင်းမှုကြောင့် ၁ နှစ်ခွဲ ကစားခွင့် ပိတ်ပင်ခံရ

ဧပြီ ၂၇၊ ၂၀၁၇
M-Media

– ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းမှ ကွင်းလယ်လူ ဂျိုယေး ဘာတန်မှာ ဘောလုံးပွဲလောင်းသည့် ပြစ်မှုထင်ရှားသောကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၁၈ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

ဘာတန်မှာ ၂၀၀၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ၊ ၂၀၁၆ ခုနှစ် မေလ ၁၃ ရက်နေ့အထိ ဘောလုံးပွဲများ၊ ပြိုင်ပွဲများတွင် လောင်းကစားမှုပေါင်း ၁၂၆၀ ပြုလုပ်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၎င်းက အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်။

ဘာတန်ကမူ ထိုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

FA က ထုတ်ပြန်သော ကြေငြာချက်တွင် အသက် ၃၄ နှစ်အရွယ် ဘာတန်ကို ဘောလုံးနှင့်ပတ်သက်သည့် ကိစ္စအားလုံးမှ ချက်ခြင်း ရပ်ဆိုင်လိုက်ပြီဖြစ်ပြီး၊ ဒဏ်ငွေ စတာလင်ပေါင် ၃ သောင်း ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။ ထို့ပြင် အနာဂတ်တွင် ထိုကဲ့သို့သော ကိစ္စများ မပြုလုပ်ရန်လည်း သတိပေးခဲ့သည်။

သို့သော်လည်း ဘာတန်မှာ လုပ်ပွဲကိစ္စများတွင် ပါဝင်ခြင်းရှိသည်ဆိုသည့် မှတ်ချက်မျိုး FA ၏ ကြေငြာချက်တွင် မပါရှိခဲ့ပေ။

ဘာတန်က ထုတ်ပြန်သောကြာငြာချက်တွင် ၎င်းအနေဖြင့် လောင်းကစား စွဲနေကြောင်း၊ မိမိကစားသည့်အသင်း ရှုံးနိမ့်မည်ဆိုသည့်ဘက်မှ လောင်းခဲ့မှု အနည်းငယ်ရှိသော်လည်း ထိုပွဲများတွင် မိမိ ပါဝင်ကစားခွင့် မရကြောင်း ဖော်ပြထားသည်။

Ref: Alarabiya