မေ ၁၊ ၂၀၁၇
M-Media
– အသက် ၄၃ နှစ်အရွယ် အီရန်အမျိုးသမီး ဖာတေမာဟ် ဒါနက်ရှ်ဗာဟာ နိုင်ငံအတွင်းမှာ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦဖြစ်ပြီး၊ မြို့တော်တီဟီရန်ရဲ့ မြို့တော်ကောင်စီဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။
သူမဟာ အမျိုးသားတွေသာ လွှမ်းမိုးထားတဲ့ သတ္တုတွင်းလုပ်ငန်းမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ပြီး လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်း ၇ ခုကို ဦးဆောင်နေသူပါ။ အီရန်စီးပွားကူးသန်းဝန်ကြီးဌာန အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖာတေမာဟ်ဟာ အီရန်ပြည်သူတွေ ကြုံတွေ့နေရတဲ့ လူမှုဒုက္ခတွေကိုလည်း ဖော်ထုတ် တင်ပြနေသူဖြစ်ပါတယ်။
ဝင်ငွေရဲ့ ၄ ပုံတစ်ပုံကို သူမကိုယ်ပိုင် ပရဟိတအဖွဲ့ဖြစ်တဲ့ Mehrafarin ကို ထည့်ဝင်လှူဒါန်းနေပြီး ဒီအဖွဲ့ဟာ အမျိုးသမီးတွေ၊ ဖင်ခင်ရဲ့ စွန့်ပစ်ခြင်းခံရတဲ့ ကလေးတွေကို ကူညီပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
သူမကတော့ လမ်းပေါ်က လေလွင့်ကလေးငယ်တွေကို ပြုစုပျိုးထောင်ပေးရတဲ့အတွက် ဂုဏ်ယူမဆုံး ဖြစ်နေပြီး မိဘမဲ့တွေကို ထောက်ပံ့၊ လေ့ကျင့်ပေးကာ လူ့အဖွဲ့အစည်းမှာ အောင်မြင်နိုင်မယ့် အခွင့်အရေးတွေရအောင်လည်း ဆောင်ရွက်ပေးနေပါတယ်။
ကလေး ၄ ယောက်ရှိတဲ့ သူမဟာ သားသမီးတာဝန်ကိုလည်း မပျက်ကွက်ဘဲ သူမကတော့ ဒါတွေအားလုံကို လုပ်ဆောင်နေရတာဟာ ပန်းခင်းတဲ့လမ်းမျိုး မဟုတ်ဘူးဆိုတာ ၀န်ခံခဲ့ပါတယ်။ သူ့ရဲ့ သက်တမ်းတစ်လျှောက်မှာ အီရန်စီးပွားရေးအသိုင်းအ၀ိုင်းက ရိုးရာစွဲကြီးသူတွေရဲ့ ဝေဖန်မှုကိုလည်း ကြုံတွေ့ခဲ့ရပြီး သူမက ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ကာ နိုင်ငံအတွင်း အခြားအမျိုးသမီးတွေအတွက် သတင်းစကားတစ်ခု ပေးရမယ်ဆိုတဲ့ အတွေးမျိုးလည်း ရှိနေပါတယ်။
သူမလျှောက်လှမ်းခဲ့တဲ့ ခရီးလမ်း၊ အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ အီရန်အမျိုးသမီးတွေအပေါ်မှာ အနောက်နိုင်ငံတွေက မြင်နေတဲ့ သမရိုးကျအမြင်တွေကို ရင်ဆိုင် တွန်းလှန်ရမှုတွေအကြောင်း အလ်-ဂျာဇီးရား သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဖြေကြားထားပါတယ်။
မေး။ ။ ဘယ်အရာက ရှင့်ကို စီးပွားရေးလောကထဲ ဆွဲသွင်းခဲ့တာလဲ။
ဖြေ။ ။ စီးပွားစီမံဘာသာရပ်မှာ ကျွန်မ မဟာဘွဲ့ရခဲ့တယ်။ နောက်ပိုင်းမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတုန်းက အိမ်ထောင်မကျသေးဘူး။ ဒါပေမယ့် ဒီစီးပွားရေးဟာ အီရန် လူ့အဖွဲ့အစည်းမှာ ဖြစ်နေကျအရာမဟုတ်ဘဲ အမျိုးသားတွေ လွှမ်းမိုးထားတဲ့ စီးပွားရေး – အထူးသဖြင့် သတ္ထုတွင်းနဲ့ သွင်းကုန်ထုတ်ကုန်ကဏ္ဍမှာပါ။
သတ္တုတွင်းလုပ်ငန်းကို ကျွန်မ ၀င်ရောက်ခဲ့ပြီး၊ နိုင်ငံခြားတိုင်းပြည်တွေကို သတ္တုတွေ တင်ပို့ခဲ့ပါတယ်။ လုပ်ငန်းက တိုးတက်ခဲ့ပြီး ကျွန်မလည်း တော်တော်လေး အောင်မြင်ပါတယ်။
ဒီလုပ်ငန်းမှာ အောင်မြင်တဲ့ တစ်ဦးတည်းသော အမျိုးသမီးလုပ်ငန်းရှင်ဖြစ်တာကြောင့် ကျွန်မကို အာရုံစိုက်မှု တော်တော်များများ ရှိလာတယ်ဆိုတာ နောက်ပိုင်းမှာ ကျွန်မ သိလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ အန္တရာယ်ကို ရင်ဆိုင်နိုင်မှုနဲ့ ရဲဝံ့မှုတွေလို အရည်အချင်းအချို့ ကျွန်မမှာ ရှိတာကြောင့် အခြားသူတွေနဲ့ မတူဘူးဆိုတာလည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။
ပထမဆုံး စီးပွားရေး သဘောတူညီချက်မှာ တန်ဖိုးက ကန်ဒေါ်လာ ၂ သန်းဖိုးပါ။ ဒါပေမယ့် ကျွန်မမှာ ဒေါ်လာ ၂၀၀ ပဲရှိပါတယ်။ လူတွေက ကျွန်မ ဘယ်လိုလုပ်ခဲ့လဲဆိုတာ သိချင်ကြတယ်။ ကျွန်မကတော့ ဒါဟာ ညှိနှိုင်းဆွေးနွေးမှု အနုပညာနဲ့ ဖြတ်သန်းခဲ့တာလို့ ရှင်းပြပါတယ်။
မေး။ ။ အမျိုးသားတွေ ကြီးစိုးတဲ့ ဒီကမ္ဘာမှာ ရှင် ရွက်လွှင့်တဲ့အခါ ဘယ်လို စိန်ခေါ်မှုတွေကို ကြုံတွေ့ရသလဲ။
ဖြေ။ ။ ကျွန်မ အမြဲတမ်း ရည်မှန်းချက်တွေချတယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေကို ဦးစားပေးတယ်။ အဲဒီရည်မှန်းချက်တွေကို ကျော်ကြည့်ပြီး ‘ဒါက ဘာမှမဟုတ်ဘူး။ လုပ်လိုက်စမ်း’ လို့ အမြဲတမ်း ကျွန်မကိုယ်ကျွန်မ ပြောပါတယ်။
ဒီရည်မှန်းချက်တွေထဲမှာ သားသမီး ၄ ယောက်ယူဖို့လည်း ပါဝင်ပါတယ်။ ကျွန်မရဲ့စီးပွားအရေး အမြင့်ဆုံးရောက်နေချိန်မှာ ဒီကလေးတွေကို မွေးခဲ့တာပါ။ ကျွန်မ သိပ်အလုပ်များတယ်။ ဒါပေမယ့် မွေးခဲ့တယ်။ ဒီအတွက် ကျွန်မ အရမ်းပျော်ပါတယ်။ ယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ပါ။
အဲဒီအချိန်မှာ အီရန်ရဲ့ ကုန်သည်ကြီးများအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ဖို့ စိတ်ထက်သန်လာတယ်။ အဖွဲ့မှာ သတ္တုတွင်းလုပ်ငန်းက အမျိုးသမီးအဖွဲ့ဝင်ဆိုတာ မရှိသေးဘူး။ ကျွန်မ အဖွဲ့ဝင်ဖြစ်တဲ့အခါ အကြီးတန်းအဖွဲ့ဝင်တွေက ကျွန်မကို လှောင်တယ်။ ဒီလို ‘အမျိုးသမီးငယ်’ တစ်ယောက်ဟာ ဒီလောကထဲ မလာသင့်ဘူးလို့ ပြောတယ်။ ကျွန်မ ထွက်သင့်တယ်လို့ စကြတယ်။ အဲဒီတုန်းက အမြွှာကိုယ်ဝန်ကို လွယ်ထားရပြီး သိပ် အလုပ်ရှုပ်နေတဲ့အချိန်ပါ။
ဒါပေမယ့် ကုန်သည်ကြီးများအသင်းရဲ့ ရွေးကောက်ပွဲမှာ ကျွန်မဟာ ဒုတိယ မဲအများဆုံးရသူ ဖြစ်လာတယ်။ နိုင်ငံတစ်ခုလုံး ငလျင်လှုပ်သလို အုံးအုံးကြွက်ကြွက်ဖြစ်သွားတယ်။ အမျိုးသားတွေလွှမ်းမိုးတဲ့ ဒီလိုနယ်ပယ်မှာ အမျိုးသမီးတစ်ဦးက ဒီလို မဲတွေ ရသလားပေါ့။ မိုးကြိုးပစ်လိုက်သလိုပါပဲ။
အမျိုးသားအဖွဲ့ဝင်တွေက ဖုန်းဆက်ပြီး ကျွန်မ နှုတ်ထွက်သင့်တယ်လို့ ပြောကြတယ်။ ပြီးတော့ အမျိုးသမီးတစ်ဦးက သူတို့အပေါ် ကြီးကြပ်တာကို လက်မခံနိုင်ဘူးလို့ ပြောကြတယ်။ အဲဒီတုန်းက ကျွန်မဟာ သိပ်နွမ်းလျနေပြီး၊ ဒီဖုန်းတွေကိုလည်း ဖြေရပါတယ်။ ဒါပေမယ့် ကျွန်မ နှုတ်ထွက်လိုက်ရင် ကျွန်မတို့လူ့အဖွဲ့အစည်းက အမျိုးသမီးတွေအပေါ်မှာ သစ္စာဖောက်ရာ ရောက်သွားမယ်လို့ ကျွန်မ တွေးခဲ့ပါတယ်။
အခြားသူတွေအတွက် ကျွန်မ လမ်းဖောက်ပေးခဲ့တယ်။ အခုအချိန်မှာတော့ အထူးကော်မတီတွေကို ဥက္ကဌအဖြစ် ကြီးကြပ်နေတဲ့ အခြား အမျိုးသမီး ၃ ဦး ရှိလာပါပြီ။
မေး။ ။ အစ္စလာမ့်ဥပဒေအောက်မှာနေရတဲ့ အမျိုးသမီးတွေရဲ့ ဘ၀နဲ့ပတ်သက်ပြီး အနောက်တိုင်းမှာ ထင်မြင်ယူဆချက်အမှားတွေ ရှိနေတယ်ဆိုတာ ရှင် ယုံလား။
ဖြေ။ ။ အီရန်က အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အနောက်တိုင်းမှာ ရှိနေတဲ့ ထင်မြင်ယူဆချက် အမှားတွေက တော်တော်လေးများပါတယ်။ ကျွန်မ အခြားတိုင်းပြည်တွေကို ခရီးသွားရင် အီရန်အမျိုးသမီးတွေဟာ အဲဒီနိုင်ငံတွေက အမျိုးသမီးတွေထက် ပိုပြီး ပညာတတ်ကာ၊ လွတ်လပ်ခွင့်လည်း တော်တော်လေး ပိုရနေတယ်ဆိုတာကို ကျွန်မ သိရှိလာရပါတယ်။ ဒါပေမယ့် ထင်မြင်ယူချက်အမှားတွေကတော့ ရှိနေတုန်းပါ။
အီရန်လိုနိုင်ငံမျိုးမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ ခင်ပွန်းတွေအပေါ်မှာ နူးနူးညံ့ညံ့ ဆက်ဆံရတယ်။ ခင်ပွန်းကိုပစ်ပြီး ကိုယ်လွတ်ရုန်းလို့ မရပါဘူး။
ကျွန်မခင်ပွန်းကတော့ ကျွန်မအတွက် ကြီးကျယ်တဲ့ မိတ်ဆွေတစ်ဦးပါ။ အထူးသဖြင့် ကလေးတွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာပေါ့။ အလုပ်တွေနဲ့ အဝေးကိုရောက်နေတဲ့အချိန်မှာ သူဟာ ကျွန်မရဲ့ လစ်ဟာမှုကို ဖြည့်ဆည်းပေးတယ်။ သူဟာ ကြီးကျယ်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပြီး ကလေးတွေနဲ့ ပတ်သက်ပြီးတော့ သိပ်ကို အံ့သြစရာကောင်းသူပါ။ ကိုယ့်ကိုယ် ကူညီပံ့ပို့ပေးမယ့် ခင်ပွန်းတစ်ယောက် ရထားတာကလည်း အောင်မှုအတွက် နောက်ထပ် သော့ချက်တစ်ခုပါပဲ။
မေး။ ။ ဒီနေ့ အီရန်မှာ ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေဲထဲမှာ ဘယ်ဟာက အဆိုးဆုံးလို့ ရှင် ပြောချင်လဲ။
ဖြေ။ ။ ဆေးစွဲမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေပါ။ ဒီအကြောင်းအရာနှစ်ခုဟာ လူမှု ရာဇ၀တ်မှု၊ လူမှု ထိခိုက်ပျက်စီးမှုတွေရဲ့ အခြေခံတွေဖြစ်တယ်လို့ ကျွန်မ တစ်ကိုယ်ရေ မြင်ပါတယ်။ မူးယစ်ဆေး တော်တော်များများထုတ်လုပ်ပြီး ဥရာပနဲ့ အနောက်နိုင်ငံကို တင်ပို့ရာမှာ တစ်ထောက်နားလမ်းဖြစ်တဲ့ အာဖဂန်နစ္စတန်နဲ့ ကျွန်မတို့တိုင်းပြည်က ကပ်နေတယ်။ ဒီဖြစ်စဉ်မှာ အီရန်လူငယ် တော်တော်များများကလည်း ဒီလို ဆေးစွဲတာမျိုးတွေ ရှိတယ်။ ဒါဟာ လူမှုရေးပြဿနာတွေဆီကို ဦးတည်သွားစေပါတယ်။ ကွာရှင်းမှု၊ မိသားစုပြဿနာတွေ၊ မူးယစ်ဆေးဝါးကြောင့်ဖြစ်တဲ့ ပြဿနာ တော်တော်များများလည်း ကျွန်မတို့မှာ ရှိပါတယ်။ နောက်ထပ် အထူး စိုးရိမ်စရာကောင်းတာက အမျိုးသမီးတွေကြားထဲမှာ ဆေးစွဲမှုပါ။ ဒါကို တော်တော် တင်းတင်းကျပ်ကျပ် တွန်းလှန်ရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်ရလို့ပါ။
တိုင်းပြည်ရဲ့ အကြီးတန်းအာဏာပိုင်တွေက ဒါနဲ့ပတ်သက်ပြီး အမြဲတမ်း အထိမခံဘူး။ ဒါပေမယ့် မကြာသေးမီကာလကပဲ အာဏာပိုင်တွေဟာ ဒီပြဿနာကို ပိုပြီး အာရုံစိုက်လာတယ်။ ပြီးတော့ ပြန်လည်ထူထောင်ရးစခန်းတွေ ဖွင့်လှစ်ပေးတယ်။ ဒီလိုကြိုးပမ်းမှုတွေဟာ သိသိသာသာ တိုးလာပါတယ်။
မေး။ ။ ရှင့်ရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းချင်ကြတဲ့ အမျိုးသမီတွေနဲ့ မိန်းကလေးငယ်တွေကို ဘာများ အကြံပြုချင်ပါသလဲ။
ဖြေ။ ။ နံပတ်တစ်ရန်သူက ကြောက်ရွံ့မှုပဲလို့ ကျွန်မ သူတို့ကို အမြဲတမ်း အကြံပေးပါတယ်။ ဘာပဲဖြစ်ဖြစ် မကြောက်နဲ့။ ကိုယ့်အတွက် အမြဲတမ်းစဉ်းစားပါ။ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ ချမှတ်ပါ။ ကိုယ့်ကိုယ်ကိုသိအောင် အရင်လုပ်ပါ။
နာမ်ပိုင်းဆိုင်ရာ အသိတွေကလည်း ကျွန်မအပေါ် လွှမ်းမိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မိဘတွေက ဘာသာတရားအောက်မှာ ကျွန်မတို့ ကြီးပြင်းစေခဲ့တာကိုး။ ဘုရားသခင်ကလွဲပြီး ကျွန်မ ဘာကိုမှ မကြောက်ပါဘူး။ ဒ့ါကြောင့် အန္တရာယ်တွေကို ရင်ဆိုင်တယ်။ အခြားသူတွေတော်တော်များများ မလုပ်တဲ့ အလုပ်တွေကို လုပ်ပါတယ်။
Ref: Aljazeera
Comments