News @ M-Media

ဘုရင်ကို အသရေဖျက်သည်ဟု စွပ်စွဲခံရသည့် ထိုင်းရှေ့နေတစ်ဦး နှစ်ရှည်ထောင်ဒဏ် ကျခံရဖွယ်ရှိနေ

မေ ၅၊ ၂၀၁၇
M-Media

– ထိုင်း တော်ဝင်အသိုင်းအ၀ိုင်းကို ဂုဏ်အသရေ ညှိုးနွမ်းစေသည့် စွဲချက်များဖြင့် တရားစွဲဆိုခံထားရသည့် ထိုင်း လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးမှာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၁၅၀ အထိ ကျခံရနိုင်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

အသက် ၅၇ နှစ်အရွယ် ပရာဝပ်ဆိုသည့် အဆိုပါ ရှေ့နေမှာ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည့် ပို့စ်များအတွက် ဘုရင်မင်းမြတ်အား စော်ကားခြင်းဆိုင်ရာဥပဒေ (majeste law ) အရ စွဲချက်ပေါင်း ၁၀ ခုဖြင့် ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုခံခဲ့ရပြီး စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

ထို့ပြင် ၎င်းကို ကွန်ပျူတာရာဇ၀တ်မှု အက်ဥပဒေအရ စွဲချက် ၃ ခုလည်း တင်ထားပြီး တစ်ခုစီမှာ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သည်။

“ဒါပေမယ့် ထိုင်းဥပဒေအရ တစ်ပေါင်းတည်းထောင်ဒဏ်ကို အမြင့်ဆုံး နှစ် ၅၀ အထိသာ ခွင့်ပြုထားပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အမြင်အရဆိုရင်တော့ (ပရာဝပ်ရဲ့) ပို့စ်တွေဟာ ဘုရင်မင်းမြတ်ဆိုင်ရာ ဥပဒေကိုသာ ဝေဖန်တာဖြစ်ပြီး၊ ဘုရင်မင်းမြတ်ကို ဝေဖန်တာ မဟုတ်ပါဘူး” ဟု လူ့အခွင့်အရေးဆိုင်ရာ
ထိုင်းရှေ့နေများအဖွဲ့မှ အေနွန် နမ်ပါက ပြောကြားခဲ့သည်။

ပရာဝပ်အနေဖြင့် Facebook စာမျက်နှာတွင် မည်သည့်အကြောင်းအရာကို ရေးသားခဲ့သည်ဆိုသည့်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ AFP သတင်းဌာနကမူ ပရာဝပ် လတ်တလောတင်ခဲ့သည့် ပို့စ်များမှ တစ်ခုမှာ majeste law ၏ သက်ရောက်သည့် နယ်ပယ်နှင့်ပတ်သက်၍ ဖိအားပေးရန် တိုက်တွန်းခဲ့သည်ဟု ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် စစ်တပ်မှာ ပရာဝပ် နောက်ဆုံးပို့စ်တင်ပြီး တစ်ရက်အကြာ ဧပြီလ ၂၉ ရက်နေ့တွင် ပရာဝပ်၏အိမ်သို့ ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Ref: Aljazeera