6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၀၊ ၂၀၁၇
M-Media

ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း

– တရုတ်နိုင်ငံကိုပို့မယ့် ရေနံစိမ်း တန်ပေါင်း ၁၄၀၀၀၀ လောက်ပါဝင်တဲ့ ပထမဆုံး ဆီတင်သင်္ဘောကြီး ကျောက်ဖြူဆိပ်ကမ်းကို မရောက်ခင် ရက်အနည်းငယ်အလိုမှာ ဒေသခံအာဏာပိုင်တွေက ကိုငြိမ်းအေးရဲ့ ငါးဖမ်းပိုက်ကွန်ကို သိမ်းဆည်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ရေနံတင်ပို့မယ့် မိုင်ပေါင်း ၄၈၀ ရှည်လျားတဲ့ ဒီပိုက်လိုင်းကြီးရဲ့ ၀င်ပေါက်အနီးက ရေပြင်မှာ ငါးမဖမ်းဖို့ တားမြစ်ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့လူတွေကြားထဲ အသက် ၃၆ နှစ်အရွယ် ကိုငြိမ်းအေးတစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီပိုက်လိုင်းကြီးဟာ အာရှ၊ အခြားတိုက်ကြီးတွေနဲ့ စီးပွားရေးချိတ်ဆက်မှု ပိုမိုနက်ရှိုင်းရေး ရည်ရွယ်တဲ့ တရုတ်နိုင်ငံရဲ့ Belt and Road စီမံကိန်းက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

“ငါဖမ်းဖို့မပေးဘူးဆိုရင် ကျွန်တော်တို့ ဘယ်လို စားသောက်နေထိုင်ကြတော့မလဲ” လို့ ကိုငြိမ်းအေးက ဖွင့်ဟခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၄ လကမှ လှေကြီးကြီးတစ်ခု ၀ယ်ယူခဲ့တာဖြစ်ပေမယ့် ဘယ်အချိန်တွေ၊ ဘယ်နေရာတွေမှာ ငါးမဖမ်းရဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့် ငါးမိတဲ့နှုန်းဟာ ၃ ပုံ ၂ ပုံလောက်ကျဆင်းသွားတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဒီပိုက်လိုင်းကို စီမံခန့်ခွဲနေတဲ့ Petrochina ရုံးရှေ့မှာ သွားရောက်ဆန္ဒပြကာ နစ်နာကြေးတောင်းခဲ့ကြတဲ့ လူ ၁၀၀ ကျော်လောက်မှာ ကိုငြိမ်းအေးလည်း ပါဝင်ခဲ့ပါတယ်။

ဒီရေနံပိုက်လိုင်းဟာ ကန်ဒေါ်လာ ၁၀ ဘီလီယံလောက်တန်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီစီးပွားရေးဇုန်ဟာ မြန်မာနဲ့ တရုတ်ကြား နွေးထွေးလာတဲ့ ဆက်ဆံရေးရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ စီးပွားရေးဇုန် အောင်မြင်ဖို့ဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါနေပါတယ်။

အာဏာရပြီး ပထမတစ်နှစ်တာအတွင်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှုကို သိပ်မမြင်ရတာကြောင့် ဝေဖန်ခံနေရမှုကို ရပ်တန့်စေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးမှာ သိသိသာသာ အောင်မြင်မှုရဖို့ လိုအပ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံမှုဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် အဓိက သော့ချက်လည်း ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားမှုဟာ ဒေါ်အောင်စုကြည် ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတာပါ။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အဓိကထားဖော်ဆောင်နေတဲ့ တရုတ်နိုင်ငံပိုင် CITIC Group လုပ်ငန်းက မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ အလုပ်အကိုင်ပေါင်း ၁ သိန်းလောက် ဖန်တီးပေးမယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် ဒေသခံတော်တော်များများကတော့ ဒီစီမံကိန်းဟာ သူတို့ရဲ့ လူမှုဘ၀တွေကို ဂရုမစိုက်ဘဲ၊ သူတို့နဲ့ ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ တက်သုတ်ရိုက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအပေါ် သံသယဖြစ်မှုဟာ မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်းရှိနေပြီး သဘာဝပတ်ဝန်းကျင်နဲ့ အခြားသော စိုးရိမ်မှုတွေက ပြည်သူတွေရဲ့ မနှစ်မြို့မှုကို ဖြစ်စေတာကြောင့် အရင်က မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ စီမံကိန်းကြီးတွေ ရပ်တန့်ရထားရတာ၊ ပိတ်ပစ်ရဖို့ အခြေအနေ ဖြစ်လာတာမျိုးတွေလည်း ရှိနေပါတယ်။

တရုတ်ကတော့ ကျောက်ဖြူစီမံကိန်းဟာ နှစ်နိုင်ငံ win-win အခြေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

မကျေပ်မှုများကို ရှောင်ရှား

မြန်မာနိုင်ငံမှာ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ကောင်း ရပ်တန့်မယ်လို့ တရုတ်နိုင်ငံက ဒီနှစ်အစောပိုင်းမှာ အရိပ်အကဲပြခဲ့ပေမယ့် အရှေ့အလယ်ပိုင်းက စွမ်းအင်ရင်းမြစ်တင်ပို့မှုအတွက် အခြားလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူဆိပ်ကမ်းအပါအ၀င် အခြား မဟာဗျူဟာကျတဲ့နေရာတွေကို နစ်နာကြေးအဖြစ်ယူဖို့ တွန်းအားပေးလာပါတယ်။

Reuters က ရရှိခဲ့တဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အတွင်းစည်း စာရွက်စာတမ်းတွေ၊ တာဝန်ရှိသူ ၂ ဒါဇင်လောက်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတွေအရ စာချုပ်ချုပ်ဆိုတာတွေ၊ မြေယာတွေသိမ်းဆည်းတာတွေကို ဒေသခံပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေ မပြီးဆုံးခင်ကတည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ဖွံ့ဖြိုးရေး ဥပဒေတွေကို ဖောက်ဖျက်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဧက ၄၂၀၀ ကျော်ရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကန်ဒေါ်လာ ၇.၃ ဘီလီယံတန်ဖိုးရှိတဲ့ ရေနက်ဆိပ်ကမ်း၊ ၂.၃ ဘီလီယံ တန်ဖိုးရှိတဲ့ စက်မှုဇုန်တွေပါဝင်ပြီး အထည်လိပ်နဲ့ ရေနံသန့်စင်စက်ရုံတွေလို လုပ်ငန်းမျိုးကို ဆွဲဆောင်ဖို့အတွက် စက်မှုဇုန်ကို ရည်ရွယ်တည်ဆောက်တာ ဖြစ်ပါတယ်။

Reuters က ရရှိခဲ့တဲ့ စီမံကိန်းအတွင်းစည်း စာရွက်စာတမ်းတွေ၊ စစ်တမ်းကောက်ယူမှုတွေအရ လယ်ယာစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို မှီခိုနေရသူ အများစုပါဝင်တဲ့ ရွာသား ၂ သောင်းလောက်ဟာ စီမံကိန်းအတွက် နေရာဖယ်ပေးရမယ့် အန္တရာယ်ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။

“ဇုန်အတွင်း စီမံကိန်းက ကြီးမားပြီး၊ အဆောက်အဦးတော်တော်များများကိုလည်း ဆောက်လုပ်မှာပါ။ ဒါ့ကြောင့် ဒီဧရိယာထဲမှာရှိတဲ့သူတွေဟာ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်” လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ပြောကြားခဲ့ပါတယ်။ သူဟာ စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှာလည်း ပါဝင်သူတစ်ဦးပါ။

ဦးသန်းထွဋ်ဦးကတော့ လက်ရှိ တရုတ်ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေလုပ်နေဆဲဖြစ်ပြီး ‘တင်းမာမှုတွေ’ မဖြစ်စေချင်တာကြောင့် ဒီအစီအစဉ်ကို အစိုးရက လူသိရှင်ကြား မကြေငြာသေးဘူးလို့လည်း ဆိုပါတယ်။

စိုးရိမ်စရာ ရက်သတ်မှတ်မှု

ဧပြီလက သမ္မတဦးထင်ကျော်ဟာ ရေနံပိုက်လိုင်းနဲ့ ကျောက်ဖြူဆိပ်ကမ်တို့အတွက် သဘောတူညီချက်နှစ်ခုကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၉ ခုနှစ် စတင်ပြီးနောက်ပိုင်းမှာ ရပ်သွားတဲ့ ဒီစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရေး တရုတ်က တွန်းအားပေးမှု ရလဒ်လည်း ဖြစ်ပါတယ်။

ဒီသဘောတူညီချက်တွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုထိခိုက်မှုဆိုင်ရာ သုံးသပ်မှုတွေကို တတ်နိုင်သလောက် မြန်မြန်လုပ်သွားဖို့ တိုက်တွန်းထားပါတယ်။

လေ့လာမှုတွေကို ၁၅ လကြာ ပြုလုပ်ဖို့ မျှော်လင့်ထားပေမယ့် အခုအချိန်အထိတော့ မစတင်ရသေးပါဘူး။ CITIC ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် ဒီနှစ်အကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဖို့ မြန်မာနိုင်ငံကို တောင်းဆိုထားတယ်လို့ စီးပွားရေးဇုန်ဆိုင်ရာ မြန်မာဘက်က စီမံခန့်ခွဲရေးကော်မတီကို ဦးဆောင်တဲ့ ဦးစိုးဝင်းက ပြောပါတယ်။

အဲဒီလို့ ရက်သတ်မှတ်ထားမှုကြောင့် စီမံကိန်းကို အမြန်လုပ်လိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွမ်းကျင်သူတွေဆီမှာ ရှိနေပါတယ်။

“ဒီလို အနေအထားမျိုးရှိတဲ့ စီမံကိန်းအတွက် သဘာဝတ်ဝန်းကျင်နဲ့ လူမှုဆိုင်ရာ ပြင်ဆင်မှုတွေဟာ လပိုင်းလောက်နဲ့ မပြီးပါဘူး။ နှစ်ချီကြာပါတယ်” လို့ Myanmar Centre for Responsible Business က အကြီးအကဲဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံတမန်ဟောင်း ဗစ်ကီ ဘောင်းမန်းက ပြောကြားခဲ့ပါတယ်။

CITIC ကတော့ ဒီလို သုံးသပ်မှုတွေလုပ်ဖို့ ‘ကမ္ဘာ့နာမည်ကျော် အကြံပေးကုမ္ပဏီနဲ့’ ဆက်သွယ်သွားမယ်လို့ Reuters ကိုပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

စီမံကိန်းအတွက် မြေနေရာသတ်မှတ်မှုတွေကို မစတင်ရသေးပေမယ့် ဆည် ၂ ခုဆောက်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ မြေတွေ သိမ်းလိုက်တာကြောင့် မိသားစု ၂၆ စုဟာ လယ်ယာမြေတွေကနေ ဖယ်ပေးလိုက်ရတယ်လို့ မြေယာဆိုင်ရာ အထောက်အထားတွေ၊ မြေပိုင်ရှင်တွေရဲ့ ပြောကြားမှုတွေအရ သိရပါတယ်။

ကျွမ်းကျင်သူတွေက ဒါဟာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“သဘာပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ သုံးသပ်မှုတွေ၊ ပြန်လည်နေရာချထားမှု အစီအစဉ်တွေ မပြီးဆုံးသေးဘဲ မြေတွေသိမ်းတယ်ဆိုတာ နိုင်ငံတကာ ဥပဒေနဲ့ မညီပါဘူး” လို့ မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်တဲ့ International Commission of Jurists က ရှောင် ဘိန်းက ပြောကြားခဲ့ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း ရှိနေလား

CITIC ကတော့ စီးပွားရေးဇုန်အတွက် ကုမ္ပဏီကလိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရရှိအောင် လေ့ကျင့်ပေးဖို့ အသက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုကို တည်ထောင်သွားမယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒေသခံတွေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ကန်ဒေါ်လာ ၁.၅ သန်းကို ကုမ္ပဏီက ပေးထားပါတယ်။

အဲဒီပိုက်ဆံနဲ့ တည်ထောင်ထားတဲ့ ကျေးရွာရန်ပုံငွေကနေ ငွေနည်းနည်းစီချေးထားတဲ့ ရွာသားတော်တော်များများနဲ့ Reuters က မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ရွာကလူ အများစုက ငွေလိုနေတာကြောင့် CITIC ရဲ့ငွေဟာ ကျွန်တော်တို့အတွက် အင်မတန်အသုံးဝင်ပါတယ်” လို့ ငါးဖမ်းပိုက်ကွန်တွေဝယ်ဖို့ ငွေတစ်သိန်းလောက်ချေးခဲ့တဲ့ ငါးဖမ်းလုပ်သား သာစည်အောင်က ပြောကြားခဲ့ပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံသူတွေကတော့ ပထမ ၅ နှစ်အတွင်းမှာ ဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ၁ သန်းလောက် သုံးစွဲဖို့ စီစဉ်ထားပြီး၊ အဲဒီနောက်ပိုင်းမှာ ဒေသခံတွေ လူနေမှုအဆင့်အတန်း မြင့်မားဖို့အတွက် တစ်နှစ်ကို ဒေါ်လာ ၅ သိန်းလောက် သုံးသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကျေက်ဖြူက ရွာသားတွေကတော့ စီမံကိန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေဟာ တရုတ်လုပ်သား အများစုကိုပဲ ခန့်ထားတာကြောင့် ဒီစီမံကိန်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူမဖြစ်မှာ စိုးရိမ်နေကြပါတယ်။

ရေနံပိုက်လိုင်း ၀င်ပေါက်တည်ရှိရာ မဒေးကျွန်းမှာ လူပေါင်း ၃ ထောင်ကျော်လောက် နေထိုင်ကြပေမယ့် Petrochina ကုမ္ပဏီမှာ ၄၇ ဦးသာ အလုပ်ရခဲ့ပါတယ်။ ဒါပေမယ့် တရုတ်လုပ်သားတွေကတော့ ဒီအရေအတွထက် ၂ ဆလောက်ရှိတယ်လို့ အလုပ်အကိုင်ဆိုင်ရာ တာဝန်ရှိသူတွေဆီက ရရှိတဲ့ အချက်အလက်တွေအရ
သိရပါတယ်။

Petrochina ကတော့ ဒီအတွက် မှတ်ချက်ပေးဖို့ ဆက်သွယ်မှုကို မတုန့်ပြန်သေးပါဘူး။ မကြာသေးခင်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း သူတို့လုပ်အားရဲ့ ၇၂ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ဒေသခံတွေကို ဆက်လက်ခန့်အပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

“စီးပွားရေးဇုန်းမှာ ကျွန်တော် အလုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မထားတော့ပါဘူး။ တရုတ်ကုမ္ပဏီတွေက ကျွန်တော်တို့ရွာတိုးတက်အောင်၊ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်း တိုးတက်အောင် ဆောင်ရွက်ပေးမယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ် ထိခိုက်ခံစားနေရတာပဲ အဖတ်တင်ပါတယ်” လို့ ငါးဖမ်းလုပ်သား ကိုငြိမ်းအေးက ပြောကြားခဲ့ပါတယ်။

သူဟာ ရေနံပိုက်လိုင်းကုမ္ပဏီမှာ အလုပ်ရဖို့ ၁၂ ကြိမ်လောက် လျှောက်ထားခဲ့ပြီး အကြိမ်တိုင်း ပယ်ချခံခဲ့ရသူပါ။

Ref: New York Times

(New York Times တွင် ဖော်ပြထားသည့် China’s $10 Billion Strategic Project in Myanmar Sparks Local Ire ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.