ဇွန် ၁၃၊ ၂၀၁၇
M-Media
– အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုအတွက် အီရန်အဓိပတိ အယာတိုလာခါမေနီက အမေရိကန်ကို ပြစ်တင်ပြောဆိုလိုက်ပြီး IS ကို ၀ါရှန်တင်က တိုက်ခိုက်နေသည် ဆိုသည်မှာလည်း အလိမ်အညာသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ခင်ဗျား (အမေရိကန်) နဲ့ ခင်ဗျားရဲ့ အေးဂျင့်တွေဟာ အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုရဲ့ ရင်းမြစ်ပါပဲ။ ဘယ်သူက IS ကို ဖန်တီးလဲ။ အမေရိကန်ပါပဲ။ အမေရိကန်က IS အဖွဲ့ကို တိုက်ခိုက်နေတယ်ဆိုတာ လိမ်ညာနေတာပါ” ဟု ယမန်နေ့က အီရတ်အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံစဉ် ခါမေနီက ပြောကြားခဲ့သည်ဟု ၎င်း၏ တရားဝင်ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
၁၉၇၉ ခုနှစ် အစ္စလာမ့်တော်လှန်ရေးပြီးနောက် အမေရိကန်မှာ အီရန်နှင့် သံအဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး၊ အမေရိကန်ကို ရန်သူအဖြစ် သတ်မှတ်ထားမှုမှာ ခါမေနီကို ထောက်ခံသည့် သဘောထားတင်းမာသူများအတွက် ကျေနပ်စရာ အကြောင်းတစ်ချက် ဖြစ်သည်။
ခါမေနီမှာ ယခုနှစ် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လအစကတည်းက အမေရိကန်ကို ဆန့်ကျင်ရှုတ်ချသည့် ပြောကြားမှုများစွာကို ပြုလုပ်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အာဏာရယူပြီးကတည်းက အီရန်အပေါ် ပြင်းထန်သည့်စကားများ ပြောဆိုခဲ့ကာ ယခင် အမေရိကန်အစိုးရများ၏ အီရန်အပေါ် ချဉ်းကပ်မှုကို ပြောင်းပစ်မည်ဟု ပြောကြားခဲ့သည်။
IS မှာ ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံတွင် ပထမဆုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ခါမေနီက IS အပါအ၀င် အစွန်းရောက်အုပ်စုများကို အမေရိကန်နှင့် ၎င်း၏မဟာမိတ် ဆော်ဒီတို့က ထောက်ပံ့နေသည်ဟု စွပ်စွဲခဲ့သည်။
အီရန်မှာ ပြီးခဲ့သည့်နှစ်က ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် သဘောတူညီချက် ရခဲ့သော်လည်း ခါမေနီကမူ မိမိတို့အနေဖြင့် အမေရိကန်နှင့် သံတမန်အဆက်အသွယ် ပြုလုပ်ရန် ဆန္ဒမရှိဟု ပြောကြားခဲ့သည်။
“အမေရိကန်အစိုးဟာ လွတ်လပ်တဲ့ အီရန်နိုင်ငံကို ကြည့်မရပါဘူး။ အီရန်အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံ တည်ရှိနေတာကိုက သူတို့အတွက် ပြဿနာပါ။ ကျွန်တော်တို့ကြားထဲက ပြဿနာအများစုဟာ ဖြေရှင်းလို့ မရပါဘူး။ အမေရိကန်ဟာ အကြမ်းဖက်နိုင်ငံတစ်ခု ဖြစ်ပြီး အကြမ်းဖက်ဝါဒကို ပံ့ပိုးနေတာပါ။ ဒါ့ကြောင့် ဒီလိုနိုင်ငံမျိုးနဲ့ ကျွန်တော်တို့ ပြန်ပြီး ဆက်သွယ်မှာ မဟုတ်ပါဘူး” ဟု ခါမေနီက ပြောကြားခဲ့သည်။
Ref: Aljazeera