မကြာမီရက်ပိုင်းအတွင်းက လူမှု့ရေးကွန်ယက် Facebook ပေါ်တွင် အိပွင့်ဖြူအမည်ရှိ အမျိုးသမီးတစ်ဦးရေးသားထားသော န၀မတန်း ကျောင်းသား၊ကျောင်းသူလေးများ၏ အရက် သေစာသောက်စားမူးယစ်ပုံ၊ စာရိတ္တမဏ္ဏိုင်ယိမ်းယိုင်နေပုံနှင့် ပတ်သက်၍ ဖတ်လိုက်ရသောအခါ လူငယ်များ၏ အနာဂတ်အရေး၊ ရတတ်မအေးဖြစ်မိသည်။ ပိုစ့်တင်သူက သူမ၏ရုံးအဖွဲ့သားအချို့ နှင့် ကားမောင်းလာရာတွင် အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် ဒယိမ်းဒယိုင်လမ်းလျှောက်လာနေသော န၀မတန်းကျောင်းသား၊ကျောင်းသူအချို့ကို တွေ့မိ၍ အလွန်စိတ်ဝင်စားသွားခဲ့သည်။ ထူးခြားသည် မှာ ကျောင်းသူလေးတစ်ဦး၏ ကြယ်သီးမျာပြုတ်ထွက်နေသည်။ “ဘာဖြစ်ကြတာလဲ” ဟု လှမ်းမေး ရာ ထိုအုပ်စုထဲက ကျောင်းသားတစ်ဦးက “အစာအဆိပ်သင့်လို့” ပါဟု ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ပြောပြီး ရှေ့သို့ဆက်သွားခဲ့သည်။ သိလိုစိတ်ပြင်းပြသဖြင့် နောက်ယောင်ခံလိုက်ကြည့်မိသည်။ လမ်းမလျှောက်နိုင်တဲ့ ကျောင်းသူလေးတစ်ယောက်ကို ထားခဲ့ပြီး ကျန်ကျောင်းသား၊ကျောင်းသူ များမှာ ထွက်ပြေးသွားခဲ့ကြသည်။ မျက်မြင်ကိုယ်တွေ့ပိုစ့်တင်သူ အမျိုးသမီးက အမူအရာပျက်ပြီး ရှေ့ကိုထွက်ပြေးသွားကြတဲ့ ကျောင်းသား၊ကျောင်းသူလေးများကို သားသမီးချင်းကိုယ်ချင်းစာပြီး ဟန့်တားချင်တာနဲ့ သူ၏ရုံးအဖွဲ့သားများနှင့်အတူ အနီးရှိ ရပ်ကွက်က လူကြီးအချို့ကို အကူအညီ တောင်းခဲ့ပြီးည ဟန့်တားနိုင်ခဲ့သည်။ ကျောင်းသူလေးတစ်ဦးဆိုလျှင် မတ်တပ်တောင်မရပ်နိုင်ဘဲ လမ်းပေါ်ထိုင်ချလိုက်တော့သည်။ “သမီးကို မဆွဲနဲ့၊ သမီးကို မဆွဲနဲ့၊ကိုယ့်ဘာသာကိုယ်သွားနိုင် တယ်” ဟု ဇွတ်အော်နေသောကြောင့် အသံကျယ်ကျယ်နဲ့ ငေါက်ငမ်းလိုက်တော့မှ ရှေ့ဆက်ဘာမှ မပြောဘဲငြိမ်နေခဲ့သည်။ ထိုကျောင်းသူလေး၏အနားကို တိုးကပ်ကြည့်လိုက်သောအခါ အရက်နံ့ တထောင်းထောင်းထွက်နေသည်ကို သတိပြုမိသည်။
ကျောင်းဝတ်စုံဝတ်ပြီး အရက်သောက်ထားသော ကိုးတန်းကျောင်းသား၊ကျောင်းသူလေး များရဲ့ မိဘများ၏ဖုန်းနံပါတ်များကို မေးကြည့်ခဲ့သော်လည်း ဘာမျှမဖြေကြားခဲ့ပေ။ ကျောင်းသူ လေးတစ်ဦးက “အိမ်မပြန်ဖူးနော်၊ အိမ်မပြန်ဖူးနော်” ဟုပဲ ပြောနေခဲ့သည်။ ဒါကြောင့် အနီးရှိအဖော် ကျောင်းသားလေးတစ်ဦးအား ကျောင်းအမည်မေးကာ ကားတစ်စီးငှားကာ ကျောင်းသို့ကိုယ်တိုင် မရောက်ပို့ခဲ့သည်။ ကျောင်းရောက်တော့ အတန်းပိုင်ဆရာမနှင့်တွေ့ကာ သိသလောက်ဖြစ်စဉ်တွေ ကိုရှင်းပြခဲ့သည်။ ထို့အပြင် “ဒီခလေးတွေကို ဆူပူကြိမ်းမောင်း အပြင်းအထန် အပြစ်မပေးဖို့ သူတို့ မှာ ဘာစိတ်ညစ်စရာတွေ၊ဘာအခက်အခဲတွေရှိလို့ အခုလိုလုပ်တာလဲ” ဆိုတာကိုဆွေးနွေးတိုင်ပင် လမ်းညွှန်ပေးဖို့ မေတ္တာရပ်ခံပြောတဲ့အခါ ဆရာမက “ဒီ “ဘီ” တန်းက ကလေးတွေက ဆိုးကို ဆိုး ပါတယ်”ဟုသာပြန်ပြောပါသည်။
အထက်ပါဖြစ်ရပ်ကို သုံးသပ်ကြည့်လျှင်တာဝန်အရှိဆုံးသူများမှာ (၁)ကာယကံရှင်လူငယ် လေးများ (၂) သူတို့မိဘတွေ (၃) သူတို့ကျောင်း (၄) သူငယ်ချင်းအပေါင်းအသင်းများ (၅) အရက် ရောင်းတဲ့ဆိုင်တွေ ဆိုတာတွေ့ရပါတယ်။
စာရေးသူအနေဖြင့် အဆုံးစွန်နောက်ဆက်တွဲ ဖြစ်ရပ်လေးများကိုတွေ့ကြည့်ရာတွင် တွေ့ရှိ လိုက်သည်က “ဆရာမ ဆူမည်။ ကျောင်းအုပ်ကို အကြောင်းကြားမည်။ အလယ်အလတ် အယူအ ဆရှိသော ကျောင်းအုပ်ဆိုလျှင် ခလေးများကို ထိုက်သင့်သလို ဆိုဆုံးမမည်။ မိဘတွေကို ၀န်ခံလက်မှတ်ထိုးခိုင်းပြီး ထိုဖြစ်ရပ်ကို အဆုံးသတ်နိုင်ဖွယ်ရှိသည်။ အယူအဆပြင်းသော ကျောင်းအုပ်ဖြစ်လျှင် လူငယ်လေးများအား ကျောင်းထုတ်မည်။ ထိုခလေးများ ဘ၀ပျက်မည်။ စိတ် ကူးပေါက်ရာ ထင်ရာစိုင်းမည်။ ပညာသင်ချိန် ပညာသင်ကြားနိုင်ရေး အခွင့်အရေးကြီး လက်လွှတ် ဆုံးရှုံးခဲ့ရသည့်အတွက် ကာယကံရှင်များနှင့် မိဘများအတွက် ဆုံးရှုံးနစ်နာသလို နိုင်ငံတော်အ တွက် လူ့စွမ်းအား အရင်းအမြစ်များ နစ်နာဆုံးရှုံးရတော့သည်။
ယနေ့ခေတ်စနစ်အရ စာရေးသူအနေဖြင့် ကျောင်းဆရာသက်တမ်းနှစ်၃၀ ကျော်လုပ်ခဲ့ သည့်အတွက် မိဘချင်း ကိုယ်ချင်းစာနာမိ ပါသည်။ မိဘအများစုသည် စားဝတ်နေရေးအတွက် ရုန်း ကန်လှုပ်ရှားနေချိန်များ၍ သားသမီးများ၏ အရေးကို အချိန်သိပ်မပေးနိုင်ခြင်း ကျောင်းဆရာမများ အနေနဲ့လည်း စာသင်ကြားချိန် ၉ လတာအတွင်း သင်ရိုးများကို သတ်မှတ်ချိန်အတွင်း ပြီးစီးရန် စာ သင်ရ၊စာစစ်ရ၊ ရံဖန်ရံခါ ကျောင်းလုံခြုံရေး တာဝန်ယူရစသည့် တာဝန်များကြောင့် ကျောင်းတွင် စာ ရိတ္တရေးရာ ဗဟုသုတများကို ကျောင်းသား လူငယ်ထုအတွင်း ထိထိရောက်ရောက် ပညာမပေးနိုင် ခြင်း ကျောင်းသားလူငယ်များအနေနဲ့ ကျောင်းစာသင်ချိန်၊ ကျူရှင်ချိန်၊ ဂိုက် (guide) အချိန် ရုပ်မြင် သံကြားဇာတ်လမ်းများမှ ကိုးရီးယားဇာတ်လမ်းတွဲများအတွက် ပေးရသည့်အချိန် ခေတ်စနစ်အရ ပေါ်ပေါက်နေသည့် Android ဖုန်းများသုံးပြီး လူမှု့ရေးကွန်ယက်များကို အသုံးပြုနေသည့် အချိန်တွေ အတွက် ပြင်ပမှဗဟုသုတ အလင်းပေးသည့် စာကောင်းပေမွန်များနှင့် အလှမ်းဝေးကာ သွားတော့သည်။ “အလိမ္မာ စာမှာရှိ” ဆိုသည့် ဆိုရိုးစကားနှင့် ပြဒါးတစ်လှမ်း၊သံတစ်လှမ်း ဖြစ်သွား ကြတော့သည်ကို စာရေးသူ ဆန်းစစ်မိပါသည်။
နိုင်ငံတော်အနေနဲ့ စင်္ကာပူနိုင်ငံကဲ့သို့ တိုးတက်ချင်လျှင် လိုလျှင်ကြံဆ၊နည်းလမ်းများရနိုင် ပါသည်။ မိမိနိုင်ငံအတွင်း ဆေးလိပ်၊အရက်မျိုးစုံ၊ကွမ်းစသည့် ပြည်တွင်းထုတ်လုပ်ရောင်းချသူများ၊ ပြည်ပမှတင်သွင်းသူများကို အခွန်တိုးမြှင့်ကောက်ခံခြင်းများ၊ သုံးစွဲသူများအား အသက်အရွယ် ကန့်သတ်ကာ ရောင်းချစေခြင်းများ၊ အများပြည်သူ သွားလာနေသည့်နေရာများတွင် ဆေးလိပ်၊ အရက်၊ကွမ်း စသည်တို့ကို “မသုံးစွဲရန်” လူထုဆက်သွယ်ရေး မီဒီယာများဖြစ်သည် သတင်းစာများ၊ ဂျာနယ်များ၊ ရေဒီယို၊ ရုပ်မြင်သံကြားများ၊ နံရံကပ်ပိုစတာ ဆိုင်းဘုတ်များဖြင့် ပညာပေး၊ အသိပေး ပြီး ဖောက်ဖျက်ကျူးလွန်သူများအား ဒဏ်ငွေ (fine) ဆောင်စေခြင်းကဲ့သို့သောလုပ်ဆောင်မှု့မျိုး ကို မဆိုင်းမတွ လုပ်ဆောင်သင့်ပါသည်။
လူငယ်ကျောင်းသားများအနေနဲ့ နိုင်ငံကို ပညာဖြင့်အလှဆင်သည့် အလင်းပေးသည့်ကြယ် တံခွန်များဖြစ်အောင် စာရိတ္တမဏ္ဏိုင်ကြံ့ခိုင်အောင် ထိန်းသိမ်းရမည်မှာ အသက်သွေးပမာ အရေးကြီးလှပါသည်။ မူးယစ်ဆေးအပေါင်းတွင် တစ်ခုအပါဝင်ဖြစ်သည့် အရက်သည် မကောင်းမှု့ ဒုစရိုက်အပေါင်းကို လက်ယပ်ခေါ်သည့် “ဓားသွားထက်က ပျားရည်စက်များ” သာဖြစ်ကြောင်း မီး မှောင်းထိုးကာ အကြံပြုလိုက်ပါသည်။
ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)
Comments