6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၁၊ ၂၀၁၇
M-Media

– ၁၉၈၀ ပြည့်နှစ်တွေအတွင်း နိုင်ငံရေးအုံကြွမှုတွေ ဖြစ်နေတဲ့အချိန် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ စစ်တပ်က ဆယ်စုနှစ်ချီ ညံ့ဖျင်းစွာ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အနာဂတ်မှာ သူမခေါင်းဆောင်ရမယ့် ဘယ်လို အစိုးရမျိုးမဆို “လွယ်ကူမှာ” မဟုတ်ဘဲ “ပြဿနာပေါင်းစုံ” တွေ့ရလိမ့်မယ်လို့ ဖြေကြားခဲ့တဲ့စကားဟာ ကျော်ကြားပါတယ်။

အဲဒီအချိန်ကြရင် ပြည်သူတွေဟာ သူမကို ဝေဖန်ကြမှာဖြစ်ပြီး လူအများရဲ့ ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ရည်မှန်းချက်ကြီးတဲ့ သူမရဲ့အစိုးရဟာ “တော်တော် မတတ်မသာ အခြေအနေမျိုး” နဲ့ ကြုံတွေ့ရလိမ့်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီးတဲ့နောက် အခုအချိန် တိုင်းပြည်ရဲ့ ရွေးကောက်တင်မြှောက်ခံ ဦးသျှောင်အဖြစ် အာဏာရယူပြီး တစ်နှစ်ကြာလာတဲ့ ဒေါ်အောန်းစုကြည်ဟာ အရင်က သူမျှော်မှန်းထားတာထက် ပိုပြီး ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ စီးပွားရေးထိုးဆင်းနေမှုကနေ နိုင်ငံတော်ကျောထောက်နောက်ခံပြု လူ့အခွင့်အရေးချိုးဖောက်မှုတွေအထိ ဆုပ်လည်းဆူး၊ စားလည်းရူးမယ့် ပြဿနာတွေအတွက် ပြည်တွင်း၊ ပြည်ပက လူသိရှင်ကြား ဝေဖန်မှုတွေကိုလည်း ခံလာရပါတယ်။

နိုဘယ်ဆုရှင် သူမဟာ အခုအချိန်မှာ နိုင်ငံခေါင်းဆောင်အဖြစ် ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့ အချိန်ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးစားပေး ဆောင်ရွက်နေပေမယ့် တိုင်းပြည်မှာ ငြိမ်းချမ်းရေးထက် စစ်ပွဲတွေသာ ပိုများလာပြီး ဒေသတော်တော်များများမှာ တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွေမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်းကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ညစ်ပေနေတဲ့ ကိုယ်ထူကိုယ်ထ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။

ရခိုင်ပြည်နယ်အနောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်တယ်၊ အဓမ္မကျင့်တယ်ဆိုတဲ့ အထောက်အထားခိုင်မာတဲ့ စွပ်စွဲချက်တွေအပါအ၀င် အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ ဒီလိုစွပ်စွဲချက်တွေအတွက် သူမရဲ့ လမ်းကြောင်းလွှဲပြောဆိုမှုတွေကြောင့်လည်း သူမဟာ လူ့အခွင့်အရေး မြှင့်တင်ပေးဖို့ထက် စစ်တပ်နဲ့ ပုံမှန်ဆက်ဆံရေးရှိဖို့ကိုသာ ပိုပြီး အလေးထားလုပ်ဆောင်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို မြင့်တက်လာစေပါတယ်။

သူမ အာဏာရယူပြီးကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ကျဆင်းခဲ့ပြီး၊ ရွေးကောက်ပွဲပြီးရင် စီးပွားရေးထောင်တက်လာမယ်လို့ စောစောပိုင်းက မျှော်လင့်ထားပေမယ့်လည်း စီးပွားရေးက ခပ်လှုပ်လှုပ်ပါပဲ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကန့်သတ်မှုတွေကို ဖြေလျော့ပေးခဲ့ပြီးတဲ့နောက်ပိုင်း အခုအစိုးရလက်ထက်မှာတော့ မီဒီယာလွတ်လပ်ခွင့်ဟာ စိုးရိမ်စရာဖြစ်နေပြီး စစ်တပ်ကို ဝေဖန်တဲ့မှတ်ချက်တွေ၊ NLD ပါတီက အကြီးတန်းအဖွဲ့ဝင်တွေကို ဝေဖန်မှုတွေကြောင့် ဂျာနယ်လစ်တွေဟာ ထောင်သွင်းအကျဉ်းချခံနေရပါတယ်။

ဒီလို တစ်နိုင်ငံလုံးမှာ ပြဿနာတွေ ကြီးထွားလာနေတဲ့အချိန် “စစ်တပ်ကို ပခုံးချင်းယှဉ်ဖို့၊ ဒီမိုကရေစီနည်းကျ အစီအမံတွေကို ပိုပြီးဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာဘယ်လောက်ရှိနေလဲ” ဆိုတဲ့ မေးခွန်းက ပေါ်ထွက်လာပါတယ်။

စစ်အာဏာရှင် အစောင့်အရှောက်အောက်မှာ ရေးဆွဲပြီး၊ ၂၀၀၈ ခုနှစ်မှာ မရိုးမသားနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ခဲ့တယ်လို့ ပညာရှင်အများစုက ယူဆထားတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်ကို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းပေးပြီး နိုင်ငံရေးမှာ “အဓိကနေရာ” ကနေ ဖယ်မရအောင် လုပ်ထားတာအပါအ၀င် အပြောင်းလဲဆိုတာထက် စစ်တပ်က ဆက်လက်အုပ်စိုးထားနိုင်ရေးကိုသာ အာမခံထားတာပါ။ နောက်ပြီး စစ်တပ်ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်တစ်ခုတည်းကိုသာ နာခံဖို့လည်း ပြဌာန်းထားပါတယ်။

အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကို စစ်တပ်ကပဲ ခန့်အပ်ရပါတယ်။ နောက်ပြီး ပြည်ထဲရေးဟာ ရဲတပ်ဖွဲ့ကို ကိုင်ထားသလို၊ ကျေးရွာအုပ်စုကနေ ဗဟိုအုပ်ချုပ်ရေးစနစ်အထိ အရပ်သားအုပ်ချုပ်ရေးစနစ် တစ်ခုလုံကို ထိန်းချုပ်ရပါတယ်။ ရွေးကောက်တင်မြှောက်ခံအမတ်တွေအတွက် ကျန်ရှိတာကတော့ ဟန်ပြ၀န်ကြီးနေရာတွေနဲ့ လွှတ်တော်ကော်မတီ ခေါင်းဆောင်နေရာတွေပဲ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တစ်ခါတစ်ရံမှာ အလွန်အကျွံ ကာကွယ်ပေးနေတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှိဖို့ ရေရှည်မျှော်တဲ့ ဗဟာဗျူဟာရှိရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘာမှ ပြန်မရနိုင်တဲ့ အခြေအနေမျိုးနဲ့ သူမ အကြောခံနေရလား မသိဘူး” လို့ မြန်မာ့ နိုင်ငံရေးကို အနီးကပ်စောင့်ကြည့်နေတဲ့ ဘန်ကောက်အခြေစိုက် နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ယောက်က ဆိုပါတယ်။

နောက်ထပ် ရွေးကောက်ပွဲဟာ ၂၀၂၀ မှာ ကျင်းပမှာဖြစ်ပြီး အဲဒီအချိန်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၅ နှစ်အရွယ်ဖြစ်ပါပြီ။ NLD ပါတီကို ပဲ့ကိုင်ဖို့အတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေကလည်း လောက်လောက်လားလား မရှိပါဘူး။ စစ်တပ်က ကြိုးကိုင်ထားပြီး ပြီးခဲ့တဲ့ အရပ်သားတစ်ပိုင်းအစိုရနဲ့ တိုင်းပြည်ကို အုပ်စိုးကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည့်ပြည့်၀၀ ပြန်လာနိုင်မယ့်ပုံ မပေါ်ပါဘူး။

“ဒါပေမယ့် အနာဂတ်မှာ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး စစ်တပ်ရဲ့စီမံကိန်းနဲ့ လိုက်ဖက်မယ့် အခြားသော ဖြစ်နိုင်ခြေတွေလည်း ရှိနေပါသေးတယ်” လို့ အဲဒီ လေ့လာသူက ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီပိုဆန်တဲ့ စနစ်မျိုး မဆောင်ရွက်နိုင်သေးတဲ့အပေါ် မြန်မာနိုင်ငံအတွင်းနဲ့ နိုင်ငံရပ်ခြားက မြန်မာပြည်သူ တော်တော်များများဟာ အားမလိုအားရ ဖြစ်နေကြပါတယ်။

“ဆယ်စုနှစ်တွေအတွင်းမှာ ပထမဆုံးအဖြစ် ကျွန်မတို့ပြည်သူတွေဟာ စစ်မှန်တဲ့ပြောင်းလဲမှုကို ဆောင်ကျဉ်းဖို့ အခွင့်အရေးစစ်စစ်တစ်ခုကို ရရှိမှာပါ။ ဒီအခွင့်အရေးဟာ ကျွန်မတို့ လက်လွှတ်လို့မရတဲ့ အခွင့်အရေးပါပဲ” ဆိုတဲ့ စကားအပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အားကျဖွယ် မိန့်ခွန်းတွေရဲ့ အနှစ်သာရဟာ ပြောင်းလဲသွားပြီလို့လည်း သူတို့က ပြောလာကြပါတယ်။

အဲဒီအခွင့်အလမ်းတံခါးပေါက်ကြီးဟာ အလျင်အမြန် ပိတ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဏာမှာ စစ်တပ်နဲ့ ပုခုံးချင်းယှဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ခုတည်းသော ဆောင်ရွက်ချက်ဟာ ဇန်န၀ါရီလက သံတမန်ဟောင်း ဦးသောင်းထွန်းကို အစိုးရ လုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီခန့်အပ်မှုကို စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရဲထွဋ်က ဝေဖန်ခဲ့ပါတယ်။

ဇွန်န၀ါရီ ၂၁ ရက်နေ့ထုတ် စင်ကာပူ Today သတင်းစာက ဆောင်းပါးမှာ ဦးရဲထွဋ်က ဦးသောင်းထွန်းကို ခန့်အပ်လိုက်ခြင်းဟာ “စွန့်စားတဲ့ ရွှေ့ကွက်တစ်ခု” ဖြစ်ပြီး၊ ‘၀န်ကြီးချုပ် ဦးနုနဲ့ သမ္မတဦးသိန်းစိန်လက်ထက် အရပ်သားအစိုးရတွေဟာ ကာကွယ်ရေးဦးစီးချုပ်ကို အစိုးရရဲ့ အဓိကအကြံပေးအဖြစ်ထားပြီး ပြည်တွင်းလုံခြုံရေးဟာ စစ်တပ်ရဲ့ အဓိကလုပ်ပိုင်ခွင့် ဖြစ်ခဲ့တယ်’ လို့ ရေးသားခဲ့ပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ ၀န်ကြီးချုပ်အဖြစ်၊ NLD အာဏာမရခင်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ အရပ်သားအစိုးရကို တစ်ကယ်ပဲ ဦးဆောင်ခဲ့လားဆိုတာ လူတော်တော်များများက မေးခွန်းထုတ်ကြပါတယ်။ ဦးနုဟာ ၁၉၄၈-၅၆၊ ၁၉၅၇-၅၈၊ ၁၉၆၀-၆၂ တွေမှာ အရပ်သားစစ်စစ်အစိုးရတွေကို ဦးဆောင်ခဲ့ပြီး၊ အဲဒီအစိုးရတွေဟာ စစ်တပ်ရဲ့အမိန့်ကို နာခံဖို့ တာဝန်မရှိပါဘူး။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၁၉၄၇ ခုနှစ်အခြေခံဥပဒေမှာ “ကုန်းတပ်၊ ရေတပ်၊ လေတပ် ဖွဲ့စည်းထားရှိသော အခွင့်အရေးသည် ပါလီမန်၌သာ တည်ရှိရမည်” “ပါလီမန်က ဖွဲ့စည်းထားရှိသော ကုန်းတပ်၊ ရေတပ်၊ လေတပ်များမှတစ်ပါး မည်သည့် ကုန်းတပ်၊ ရေတပ်၊ လေတပ်ကိုမျှသော်၎င်း၊ မည်သည့်အစည်းအရုံးကိုမျှသော်၎င်း၊ စစ်တပ်သဘော အချို့အ၀က်ပါဝင်သော မည်သည့်အစည်းအရုံးကိုမျှသော်၎င်း မည်သည့်အကြောင်းကိစ္စနှင့်မျှ မဖွဲ့မစည်း မထားရှိရ” လို့ ဖော်ပြထားပါတယ်။

၁၉၆၂ ခုနှစ်မှာ ရက်ရက်စက်စက် အာဏာသိမ်းပြီး တိုင်းပြည်ရဲ့ ပထမဆုံးနဲ့ ဒီကရေစီအကျဆုံး အခြေခံဥပဒေကို နိတ္ထိတံသွားတဲ့ အခြေအနေမျိုးရောက်အောင် စစ်တပ်က အင်အားစုလာတာကို ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ အာဏာကိုသုံးပြီး မတားဆီးနိုင်ခဲ့တာကာ ဦးနုရဲ့ အဓိကနိုင်ငံရေးအမှားပဲ ဖြစ်ပါတယ်။ ဒီအမှားကပဲ နောက်ဆုံးမှာ သူ့ကို ကျဆုံးစေခဲ့ကာ ဆယ်စုနှစ်ပေါင်းများစွာ ကြမ်းတမ်းခက်ထန်တဲ့ စစ်အာရှင်စနစ်ဆီ ဦးတည်သွားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းမယ်ဆိုရင် အရင်ကလို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှု ပြန်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် စစ်တပ်က အာဏာကို ဆက်ကိုင်ထားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးနုလိုပဲ နန်းချခံရနိုင်တယ်လို့ ထင်တဲ့သူကတော့ နည်းနည်းလောက်ပဲရှိပါတယ်။ ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးပါတီ အာဏာရသွားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အဲဒီအချိန်တုန်းက လှောင်ပြောင်ပြီး “အထွေထွေရွေးကောက်ပွဲ” (general election) အစား ‘ဗိုလ်ချုပ်များရဲ့ ရွေးကောက်ပွဲ’ generals’ election) လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

NLD ကတော့ အတုအယောင်ရွေးကောက်ပွဲဆိုပြီး သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမယ့် NLD က သောင်ပြိုကမ်းပြို အနိုင်ရပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ရယူခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကလည်း ‘ဗိုလ်ချုပ်များရဲ့ ရွေးကောက်ပွဲ’ ဖြစ်နေလား ဒါမှမဟုတ် အရင်ကထက်ပိုပြီး ဒီမိုကရေစီရွှေ့မှုန်ကြဲတာမျိုး ဖြစ်နေလားဆိုတဲ့ မေးခွန်းတွေကတော့ မြင့်တက်လာပါတယ်။

အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နေတဲ့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်လွှမ်းမိုးတဲ့ အာဏာတည်ဆောက်ပုံကို ပြောင်းလဲဖို့ သိပ်ပြီး စိတ်ဝင်စားတာမျိုး မတွေ့ရသေးပါဘူး။ ပြည်သူလူထုက ထောက်ခံမှု၊ နိုင်ငံတကာက အသိအမှတ်ပြုမှုတွေကို ရရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် စစ်တပ်က နိုင်ငံရေးအာဏာ ကိုင်ထားမှုကို စိန်မခေါ်နိုင်ဘူးဆိုရင် ဘယ်သူက စိန်ခေါ်နိုင်မလဲဆိုပြီး မြန်မာပြည်သူ တော်တော်များများက တွေးတောလာကြပါပြီ။

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း ဒီမိုကရေစီအနံ့လောက်သာပါပြီး စစ်တပ်က ချယ်လှယ်တဲ့ နိုင်ငံအဖြစ် အချိန်အတော်ကြာ ဆက်ရှိနေမယ့် အန္တရာယ်၊ အသက် ၇၀ ကျော် အမေအိုဒေါ်အောင်ဆန်းစုကြည်တစ်ယောက် နိုင်ငံရေးမြင်ကွင်းကနေ တစ်ဖြည်းဖြည်း ပျောက်ကွယ် ဇာတ်သိမ်းရမယ့် အန္တရာယ်မျိုးက မြင့်တက်လို့ လာနေပါပြီ။

Ref: Asia Times

(Asia Times တွင် ဘာတေးလ် လင့်တနာ ရေးသားထားသည့် When will Suu Kyi challenge the military? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.