ဇွန်လ ၃၀၊ ၂၀၁၇
M-Media
– လက်ဖက်ဆိုင်မှာ စားပွဲထိုး၊ ကြမ်းတိုက်တဲ့ အလုပ်တွေကို ၁၁ နာရီကြာ လုပ်ခဲ့ရပြီးတဲ့နောက် ညနေ ၆ နာရီမှာတော့ စောကူဒိုးတစ်ယောက် အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေကို ပြန်ဖတ်နေပါတယ်။
“Dog၊ cat၊ pig” လို့ မှတ်စုစာအုပ်ကိုကြည့်ပြီး ဆိုနေတာပါ။
အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ စောကူဒိုးဟာ အခုမှ ပထမတန်းပဲ ရှိပါသေးတယ်။ မိသားစုကို ထောက်ပံ့ပေးဖို့အတွက် သူဟာ ကျောင်းထွက်ကာ အလုပ်လုပ်ရသူပါ။ သူ့ရဲ့ မိဘတွေက နေ့စားအလုပ်သမားတွေဖြစ်ပြီး သားသမီး ၆ ယောက်ကို ကျွေးမွေးဖို့ ရုန်းကန်နေရပါတယ်။
“သား ကျောင်းမတက်ချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘတွေကို သနားတယ်လေ။ ပိုက်ဆံမရှိရင် ချေးရပြီး အတိုးနဲ့ပြန်ဆပ်ရတော့ တော်တော်လေး ကသီပါတယ်” လို့ စောကူဒိုးက ဖွင့်ဟခဲ့ပါတယ်။
သူ့အနေနဲ့ တစ်ပတ်တစ်ရက် နားရပြီး တစ်လမှာ ၇ သောင်းလောက်သာ ရရှိတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကနေ ၈ နာရီကြာ သွားရတဲ့ ရွာက မိဘတွေဆီ လခတော်တော်များများကို သူက ပေးပို့ပါတယ်။
လူဦးရေ ၄ ပုံတစ်ပုံလောက် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ သူ့လိုအခြေအနေမျိုးကို ပုံမှန်တွေ့ရလေ့ရှိပါတယ်။ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်အရွယ် ကလေးတွေ ၅ ဦးမှာ တစ်ဦးဟာ မိသားစုကို ထောက်ပံ့ဖို့အတွက် ကျောင်းထွက်ကာ အလုပ်လုပ်ရပါတယ်။ သူတို့လေးတွေ တော်တော်များများဟာ နေထိုင်ရာ ရွာငယ်လေးတွေကနေ မြို့ကြီးတွေကိုတက်ပြီး အလုပ်လုပ်ကြရတာပါ။ ညဘက်မှာဆိုရင် သူတို့ အလုပ်လုပ်တဲ့ လက်ဖက်ရည်ဆိုင်က စားပွဲတွေအပေါ်မှာ ဒါမှမဟုတ် ကြမ်းပြင်မှာ ကတ္တူချပ်တွေခင်းပြီး အိပ်ကြရတာပါ။
ကလေးသူငယ်ဥပဒေ
မြန်မာနိုင်ငံမှာ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို အလုပ်လုပ်ခွင့်တားမြစ်တဲ့ ဥပေဒ၊ အသက် ၁၆ နှစ်ရောက်မှ တစ်နေ့ ၄ နာရီသာ အလုပ်လုပ်ခွင့်ပြုတဲ့ ဥပဒေတွေကို ပြဌာန်းထားပေမယ့် သက်ရောက်မှုမှာတော့ အားနည်းပါတယ်။
ဒါပေမယ့် စာသင်ခန်းထဲက ထွက်သွားရတဲ့ ကလေးတွေထဲကအချို့ကို စာသင်ခန်းထဲပြန်ရောက်အောင် လုပ်ပေးတဲ့ အစီအစဉ်တစ်ခုတော့ ရှိနေပါတယ်။
အဲဒါက မြန်မာရွေ့လျားပညာရေးစီမံကိန်း (Myanmar Mobile Education Project) ဖြစ်ပြီး myME လို့ သိကြပါတယ်။ ဒီစီမံကိန်းမှာ အင်္ဂလိပ်၊ သင်္ချာတွေလို ပညာရပ်တွေအပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း၊ အချုပ်အလုပ်တွေလို အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ စောကူဒိုးရဲ့ လက်ဖက်ရည်ဆိုင်က တစ်ပတ်မှာ ၃ ည ကိုယ်ထူကိုယ်ထ စာသင်ခန်းလေးအဖြစ် ပြောင်းသွားပါတယ်။
“ပညာတတ်ဖို့ ကျွန်တော် ရည်မှန်းထားပါတယ်။ ဒါမှ အလုပ်ကောင်းကောင်းရမှာပါ” လို့ သူက ဆိုပါတယ်။
myME ရဲ့ ရည်ရွယ်ချက်က စောကူဒိုးလိုမျိုး လက်ဖက်ရည်ဆိုင်လုပ်သားတွေ ကျန်တဲ့ ဘ၀သက်တမ်းတစ်လျှာက်လုံးမှာ ဒီလို လခနည်းပါးတဲ့ အလုပ်အကိုင်တွေမှာပဲ ကျင်လည်မနေရအောင် လိုအပ်တဲ့ပညာနဲ့ ကျွမ်းကျင်မှုတွေကို သင်ပေးဖို့ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ မနော်အေးအေးနိုင်ကိုတော့ စက်ချုပ်ပြီး
အသက်မွေးဝမ်းကြောင်းနိုင်အောင် myME က လေ့ကျင့်ပေးခဲ့ပါတယ်။ သူမဟာ လက်ရှိ စက်ချုပ်ဆိုင်တစ်ခုမှာ အလုပ်ဝင်နေပြီး လက်ဖက်ရည်ဆိုင်လုပ်သားတွေ ရရှိတဲ့ ၀င်ငွေရဲ့ နှစ်ဆလောက်ကို အခုအချိန်မှာ ရရှိနေပါပြီ။
“myME က ကျွန်မရဲ့ဘ၀ကို တော်တော်လေး တိုးတက်စေခဲ့ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
စီမံကိန်းရဲ့ အမှုဆောင် ဒါရိုက်တာ တင်မ် အေး-ဟာဒီဟာ မြန်မာနိုင်ငံမှာ မွေးဖွားပြီး ၁၉၈၉ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့သွားသူ ဖြစ်ပါတယ်။
“၂၀၁၂၊ ၂၀၁၃ မှာ တိုင်းပြည်ကိုပြန်ရောက်တော့ လူငယ်တော်တော်များများဟာ ကျောင်းမှာရှိနေရမယ့်အစား လမ်းပေါ်က လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေရပါတယ်။ ဒါက ကျွန်တော့်ကို တော်တော်လေး ခံစားရစေပါတယ်။ ဘာ့ကြောင့် သူတို့လေးတွေ ကျောင်းမတက်ရတာလဲ။ ဘာ့ကြောင့် ကလေးတွေ ဒီလောက်များများ အပြင်ရောက်နေတာလဲ” စတဲ့ မေးခွန်းတွေလည်း ပေါ်လာပါတယ်” လို့ ဟာဒီက ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက် နှစ်ပေါင်း ၅၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရေးဟာ တော်တော်လေး ယိုယွင်းပျက်ဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းကစလို တိုင်းပြည်ဟာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။
ဆင်းရဲတွင်းမှ ရုန်းထွက်ခြင်း
myME ရဲ့ တစ်နှစ်စာ ဘက်ဂျက်ဟာ ကန်ဒေါ်လာ ၂ သိန်းလောက်ရှိပြီး ပုဂ္ဂလိက ၀ိုင်းဝန်းလှူဒါန်းမှုကနေ ရရှိတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ မြန်မာနိုင်ငံတစ်ဝှမ်း လက်ဖက်ရည်ဆိုင်ပေါင်း ၃၅ ဆိုင်လောက်က အလုပ်သမားပေါင်း ၅၀၀ လောက်ကို သင်ကြားပေးနေပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ မြန်မာနိုင်ငံအတွင်းက တစ်သန်းကျော်သော ကလေးလုပ်သားတွေရဲ့ အစိတ်အပိုင်းငယ်လေးမျှသာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ သူတို့ကို မကူညီရင် သူတို့လေးတွေဟာ ဒီထောင်ချောက်ထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေကလည်း သူတို့လို ကျောင်းထွက်ပြီး မိဘကို ကူညီရမယ်ဆိုရင် သူတို့တွေဟာ ဆင်းရဲတွင်း နက်သထက် နက်သွားနိုင်ပါတယ်” လို့ အေး-ဟာဒီက ပြောကြားခဲ့ပါတယ်။
အင်္ဂလိပ်စာအချိန်မှာ ဆရာမက ဘယ်တိရစ္ဆာန်ကို အချစ်ဆုံးလဲလို့ မေးတဲ့အခါ စောကူဒိုးက ‘ကြောင်’ လို့ ဖြေခဲ့ပါတယ်။
စောကူဒိုးရဲ့ အိပ်မက်ကတော့ အသက်ကြီးလာတဲ့အချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု ထူထောင်ဖို့ ဖြစ်ပါတယ်။ ဒီလို myME စီမံကိန်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ခံစားနေကြပါတယ်။
“myME သာမရှိဘူးဆိုရင် ကျွန်တော်တို့လည်း ဒီဘ၀ကနေ တက်မှာမဟုတ်ပါဘူး။ myME ကနေတစ်ဆင့် ပညာရည်ဝလာရင် ကျွန်တော်တို့ဟာ အလုပ်သစ်ရနိုင်မှာပါ” လို့ စောကူဒိုးက ဖွင့်ဟခဲ့ပါတယ်။
Ref: VOA
Comments