6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၉၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

စစ္စလီကျွန်းရှိ ဘုရင်ရော်ဂျာရှေ့မှောက်တွင် မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီက ပထမဆုံး ကမ္ဘာ့မြေပုံ ပြသနေမှုကို စိတ်ကူးပုံဖော်ထားသည့် ပန်းချီ

– အလယ်ခေတ် အစ္စလာမ်ကမ္ဘာမှာ နေထိုင်ခဲ့သူတွေဟာ ရပ်နီး၊ ရပ်ဝေးက သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေကို ရှာဖွေစူးစမ်းမှု၊ မှတ်တမ်းတင်မှုတွေမှာ မွေ့လျော်တဲ့ ခရီးသွားတွေ၊ ရှာဖွေစူးစမ်းသူတွေ၊ ကုန်သည်တွေ ဖြစ်ခဲ့ပါတယ်။ သိုးအုပ်တွေ၊ ဆိတ်အုတ်နဲ့အတူ သန့်ရှင်းလတ်ဆတ်တဲ့ စားကျက်သစ် ရှာဖွေကြတဲ့ လူနေမှုပုံစံဟာ ပထ၀ီဝင်ကို သူတို့ စိတ်ဝင်စားလာမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒီလို လှည့်လည်သွားလာနေရတာကြောင့် သစ်ပင်တွေ၊ သားရဲတိရစ္ဆာန်တွေအကြောင်း သိရှိဖို့ဟာ သူတို့အတွက် မရှိမဖြစ် လိုအပ်ပြီး ဒီအခြေအနေတွေကြောင့်ပဲ လက်တွေ့အသုံးချနိုင်တဲ့ ပထ၀ီဝင်ဘာသာရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဟဂ်ျလို့ခေါ်တဲ့ မက္ကာကို ဘုရားဖူးလာရောက်ရတဲ့ ခရီးစဉ်ကလည်း မွတ်စလင်တွေ ပထ၀ီဝင်နယ်ပယ်ကို ချဉ်းနင်းဝင်ရောက်ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ဝေးကွာတဲ့ ဒေသတွေကနေ လာရောက်ကြရတဲ့သူတွေဟာ မက္ကာနဲ့မဒီနာကို သွားရမယ့် လမ်းကြောင်းတွေအကြောင်း ပါးစပ်စကားနဲ့ နားထောင် အသုံးပြုခဲ့ရပါတယ်။ နောက်ပိုင်း ဒါတွေကို ပေထက်အက္ခရာ တင်နိုင်ခဲ့ပြီး မွတ်စလင်ကမ္ဘာရဲ့ အစွန်အဖျားကနေ မက္ကာကို လာရောက်ကြမယ့်သူတွေကို ခရီးသွားလမ်းညွှန်တွေက ဒီစာအုပ်တွေဖတ်ပြီး အကူအညီပေးခဲ့ကြပါတယ်။

နေ့စဉ်ဝတ်ပြုတဲ့အခါမှာ မက္ကာမြို့က ‘ကအ်ဘာ’ ၀တ်ကျောင်းတော်ကို မျက်နှာမူရတာကြောင့် ဗလီဝတ်ကျောင်းတော်တွေ ဆောက်လုပ်ရာမှာ မက္ကာဘက်ကို ဦးတိုက်စေရေး ဆောင်ရွက်ရတာကလည်း မွတ်စလင်တွေ ပထ၀ီဗေဒကို လေ့လာဖို့အတွက် တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်ပွဲတွေ၊ နယ်မြေချဲ့ထွင်မှုတွေနဲ့အတူ ကျယ်ပြန့်လာတဲ့ မွတ်စလင်ကမ္ဘာအတွက် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်တွေကလည်း ပထ၀ီအသိပညာတွေ ရှာဖွေရာမှာ တွန်းအားဖြစ်စေခဲ့တဲ့ နောက်ထပ်အကြောင်းအရင်း ဖြစ်ပါတယ်။

မွတ်စလင်ကမ္ဘာမှာ နက္ခတ္တဗေဒပညာရပ်နဲ့ သင်္ချာပညာရပ်တွေ ပိုပြီး တိတိကျကျ ဖြစ်လာမှုနဲ့အတူ ပထ၀ီဝင်ဘာသာရပ် လေ့လာမှုမှာလည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး မြေပုံရေးဆွဲခြင်းဟာ မွတ်စလင်တွေ ဖွံ့ဖြိုးစေခဲ့တဲ့ ပ၀ထီပညာရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၉ ရာစုက ပါရှန်ပညာရှင် အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ဟာ သိပ္ပံနည်းကျ အသေးစိတ်လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့တဲ့ အစောဆုံး ပထ၀ီပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး သင်္ချာပညာမှာ ပါရမီရင့်သန်သူပါ။ သူ့ရဲ့ ကျော်ကြားတဲ့စာအုပ် The Form of the Earth (ကမ္ဘာဂြိုဟ်၏ ပုံသဏ္ဍာန) မှာ ပထ၀ီဆိုင်ရာ အချက်အလက်တွေကို လေ့လာဖော်ထုတ် ဆန်းစစ်မှတ်တမ်းတင်ခဲ့ပြီး သူ့နောက်ပိုင်း ဘဂ္ဂဒတ်နဲ့ မွတ်စလင်အုပ်စိုးတဲ့ စပိန်တို့က ပညာရှင် မျိုးဆက်တော်တော်များများဟာ ဒီစာအုပ်ကို လက်စွဲအဖြစ် အသုံးပြုခဲ့ရပါတယ်။

နောက်ထပ် ကျော်ကြားတဲ့ မွတ်စလင်ပထ၀ီပညာရှင်က ၁၀ ရာစုအစပိုင်းက ဆူဟ်ရဘ် (Suhrab) ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ပင်လယ်တွေ၊ ကျွန်းတွေ၊ ရေကန်တွေ၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေအကြောင်း စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့ပါတယ်။ ယူဖရေးတီး၊ တီဂရစ်၊ နိုင်းမြစ်တို့နဲ့ ပတ်သက်ပြီး သူ့ရဲ့ ရေးသားမှတ်တမ်းတင်ထားမှုဟာ တော်တော်လေးကို အဖိုးတန်ခဲ့ပြီး အလယ်ခေတ်ဘဂ္ဂဒတ်မြို့ကို ပြန်လည်တည်ဆောက်ရေး စီမံကိန်းမှာ မြို့ရဲ့ တူးမြောင်းတွေအကြောင်း သူ့ရဲ့ရေးသားချက်တွေဟာ အဓိက အားကိုးအားထားပြုစရာ ဖြစ်ခဲ့ပါတယ်။ ဂိုင်း လီ စထရိန်းဂ်ျ (Guy Le Strange) ဆိုသူဦးစီးတဲ့ ဘဂ္ဂဒတ်မြို့ ပြန်လည်ဆောက်လုပ်မှုဟာ ၁၈၉၅ ခုနှစ်မှာ ပြီးစီးခဲ့ပြီး  လီ စထရိန်းဂ်ျဟာ ဆူဟ်ရဘ်ရဲ့အမည်ကို ထင်ရှားတဲ့ မွတ်စလင်သမားတော် အစ်ဗနေ့ ဆာရာဘီယွန် (Ibn Sarabiyun) နဲ့ မှားယွင်းပြီး မှတ်သားခဲ့ပါတယ်။ ၉ ရာစု ပညာရှင် အလ်-ယာကူဘီ (Al-Ya’qubi) ရဲ့ ဖော်ထုတ်မှုတွေကိုလည်း လီစထရိန်းဂ်ျက သူ့ရဲ့ ပြန်လည်တည်ဆောက်မှုမှာ အသုံးချခဲ့ပါတယ်။ ဘဂ္ဂဒတ်မြို့က ရေပေးဝေရေးကွန်ယက်အကြောင်း ဆူဟ်ရဘ်ရဲ့ ရေးသားမှု၊ အလ်-ယာကူဘီက ရေးသားခဲ့တဲ့ ဘဂ္ဂတ်ဒတ်အတွက် အဝေးပြေးလမ်းအကြောင်းတွေဟာ တစ်ခုနဲ့တစ်ခု တော်တော်လေးကို ပြည့်စုံပြီး လိုက်လျောညီတွေ ရှိပါတယ်။

မွတ်စလင်ပထ၀ီပညာရှင် နောက်တစ်ဦးကတော့ ၁၀ ရာစုက အလ်-မုကဒ်ဒါစီ (Al-Muqaddasi) ဆိုသူဖြစ်ပြီး မွတ်စလင်ကမ္ဘာတစ်ဝှမ်း ခြေဆန့်ခဲ့တဲ့သူဟာ ရှာဖွေစူးစမ်းမှု၊ ရှိပြီးသား အထောက်အထားတွေကို အတည်ပြုမှု၊ မှန်၊ မမှန် ချိန်ဆစစ်ထုတ်မှုတွေကို လုပ်ခဲ့သလို သူကိုယ်တိုင် တွေ့ရှိခဲ့ရတာတွေကိုလည်း ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ခရီးသွားပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တဲ့ သူ့ရဲ့လက်ရာက Best Divisions for Knowledge of the Regions (ဒေသများအကြောင်း ခွဲခြမ်းစိတ်ဖြာမှုကျမ်း) ဆိုတဲ့ စာအုပ်ဖြစ်ပြီး သက္ကရာဇ် ၉၈၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ဒီစာအုပ်ကို လူတော်တော်များများကလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ သူ့အရင်နဲ့ သူ့နောက်ပိုင်းက လူတွေလိုပဲ အလ်-မုကဒ်ဒါစီရဲ့ ဒီလို ပညာရပ်ဆိုင်ရာ သုတေသနပြုမှုတွေရဲ့ အဓိကတွန်းအားက ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့စာအုပ်တွေဟာ ဘုရားသခင်ကို ပိုမို နားလည်သဘောပေါက်ဖို့ နည်းလမ်းတစ်ခုအဖြစ် ရည်ရွယ်တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီစာအုပ်ကြီးဟာ ပထ၀ီဝင်အတွက် စနစ်ကျတဲ့ အခြေခံအုတ်မြစ် ဖြစ်ခဲ့ပြီး၊  ပထ၀ီအသုံးနှုန်းတွေ၊ ကမ္ဘာမြေကြီးကို ပိုင်းခြားမှု၊ လက်တွေ့အခြေခံတဲ့ စူးစမ်းဖော်ထုတ်မှု စတာတွေကို မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

အစောဆုံး တူရကီပထ၀ီပညာရှင်တွေထဲက တစ်ဦးက မဟ်မူးဒ် အလ်-ကက်ရှ်ဂါရီ (Mahmud al-Kashghari) ဖြစ်ပြီး သူဟာ ကျော်ကြားတဲ့ အဘိဓာန်ပြုစုသူ ပညာရှင်ကြီးဖြစ်ပါတယ်။ ဘာသာဗေဒကို အခြေခံကာ ထူးခြားပြီး စက်ဝိုင်းပုံစံရှိတဲ့ ကမ္ဘာ့မြေပုံတစ်ခုကို သူက ရေးဆွဲခဲ့ပါတယ်။ ၁၀၇၃ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပြီး သူရဲ့ ထိပ်တန်းလက်ရာတစ်ခုဖြစ်တဲ့ သဒ္ဒါကျမ်း Compendium of Turkish Dialects (တူရကီ ဒေသသုံး ဘာသာစကားများဆိုင်ရာ သုတပေါင်းချုပ်ကျမ်း) မှာ ဒီမြေပုံကို ဖော်ပြခဲ့ပါတယ်။  အဲဒီမြေပုံမှာ ဗဟိုဘာရှဒေသကို ကြီးကြီးမားမားဖော်ပြထားပြီး တရုတ်နဲ့ မြောက်အာဖရိက ဒေသတွေလည်း ပါဝင်ပါတယ်။ အနောက်ဖက်မှာတော့ ဥရေပရဲ့အရှည်ဆုံး ဗိုလ်ဂါမြစ် (Volga) စွန်းစွန်းလေးပဲ ဖော်ပြထားပြီး ဒါဟာ တူရကီတွေ အနောက်ဖက်ကို မရောက်ခင်မှာ ရေးဆွဲထားတာကြောင့် ဖြစ်နိုင်ပါတယ်။

၁၁ နဲ့ ၁၂ ရာစုတွေမှာ မွတ်စလင် စာရေးဆရာနှစ်ဦးဖြစ်တဲ့ အလ်-ဘက္ကရီ (Al-Bakri) နဲ့ အစ်ဗနေ့ ဂျူဘိုင်းရ် (Ibn Jubayr) တို့ဟာ သူ့အရင်က ပညာရှင်ကြီးတွေရဲ့ ဖော်ထုတ်မှုတွေကို စုဆောင်းကာ၊ ရှာဖွေဖတ်ရှုဖို့ လွယ်ကူတဲ့ ပုံစံမျိုးနဲ့ အစီအစဉ်တကျ စုစည်းခဲ့ပါတယ်။ အလ်-ဘက္ကရီဟာ စပိန်က ဟူလ်ဗာ (Huelva) နဲ့ ဆာလ်တက်စ် (Saltes) ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်ပြီး၊ ဆီးဗီးလ်နန်းတော်မှာ သံတမန်ရေး ကိစ္စတွေကို ကိုင်တွယ်ရတဲ့ အရေးပါသူ ၀န်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်တွေ မအားပေမယ့် အလ်-ဘက္ကရီဟာ ဉာဏ်ပညာပြည့်စုံတဲ့ ပညာရှင်တစ်ယောက်၊ စာရေးသွက်သူတစ်ယောက်ဖြစ်ပြီး နေရာဒေသနာမည်တွေ အပါအ၀င် အာရေဗျကျွန်းဆွယ်အကြောင်း အဓိကဖော်ပြထားတဲ့ ပထ၀ီဆိုင်ရာ အရေးပါတဲ့ကျမ်တစ်စောင်ကို ရေးသားခဲ့ပါတယ်။ Route and Kingdoms (လမ်းကြောင်းနှင့် ဘုရင့်နိုင်ငံများ) ဆိုတဲ့ အဲဒီ ကျမ်းမှာ ရွာတွေ၊ မြို့တွေ၊ တောင်ကြားတွေ၊ အထိမ်းအမှတ် အဆောက်အအုံ စတာတွေရဲ့ အမည်နာမတွေကို အက္ခရာစဉ်အလိုက်စီကာ ဖော်ပြထားပါတယ်။ အလ်-ဘက္ကရီရဲ့ နောက်ထပ် အဓိကအားထုတ်မှုတစ်ခုက အဲဒီခေတ်မှာ သိရှိထားတဲ့ ကမ္ဘာတစ်ခုလုံးအကြောင်းကို ဘက်စုံ ထောင့်စုံကနေ လေ့လာဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဗလင်စီယာက မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ဂျူဘိုင်းရ် (Ibn Jubayr) ဟာ မက္ကာမြို့ကို သွားရတဲ့ ဟဂ်ျခရီးသွားမှတ်တမ်းကို မှတ်တမ်းတင်ထားသူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က သူ့ရဲ့ နေ့စဉ်မှတ်တမ်းတွေမှာ မြေထဲပင်လယ် အရှေ့ဘက်တစ်ခြမ်းလုံးအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားပါတယ်။ ဂျူဘိုင်းရဲ့ ဒီခရီးသွားမှတမ်းဟာ ပထ၀ီသိပ္ပံထက်ကို ပိုပြီး ရုက္ခဗေ၊ ဟင်းလျာမျိုးစုံချက်ပြုတ်နည်းတွေ၊ ခရီးသွားအကြံပြုချက် စတဲ့ အချက်အလက်တွေလည်း ပါဝင်ပါတယ်။

မွတ်စလင်အုပ်စိုးတဲ့ စပိန်မှာ ခရီးသွားကျမ်းတွေ ရေးသားပြုစုမှုဓလေ့ ကြီးထွားလားခဲ့ပြီး ဒီ စာအုပ်၊ စာတမ်းတွေက အချက်အလက်တွေကို ပေါင်းစည်းကာ နာမည်ကျော် မွတ်စလင်ပညာရှင် အလ်-အစ်ဒ်ရီစီ (Al-Idrisi) က အဲဒီအချိန်က အပြည့်စုံဆုံး ကမ္ဘာ့မြေပုံတစ်ခုကို ဖန်တီးရေးဆွဲခဲ့ပါတယ်။ စစ္စလီကျွန်းက နော်မန်ဘုရင် ရော်ဂျာ ၂ (Roger II) ဟာ သက္ကရာဇ် ၁၁၃၉ ခုနှစ်မှာ အလ်-အစ်ဒ်ရီစီကို ကော်ဒိုဘာကနေ စစ္စလီကိုခေါ်ယူပြီး သူ့အတွက် မြေပုံတစ်ခု ရေးဆွဲပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဘုရင်ရဲ့ ပါလာမိုနန်းတော်မှာ အလ်-အစ်ဒ်ရီစီတစ်ယောက် ချီးမြှင့်မြှောက်စားခံခဲ့ရပြီး ၁၅ နှစ်တာကာလအတွင်းမှာ ထောင်နဲ့ချီတဲ့ ခရီးသွားတွေကို မေးမြန်းကာ အရင်က မပါဝင်ခဲ့တဲ့ နေရာတွေအပါအ၀င် အဲဒီအချိန်က အတိကျဆုံးဖြစ်တဲ့ ကမ္ဘာ့မြေပုံ ၇၀ ကို ရေးဆွဲပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ဒီအားထုတ်မှုမှာ သူ့အရင်ကရှိခဲ့တဲ့ ပညာရှင်တွေရဲ့ ရေးသားမှုတွေကို အခြေခံသလို၊ စစ္စလီမှာနေစဉ် သူရရှိခဲ့တဲ့ အချက်အလက်တွေလည်း ပါဝင်ခဲ့ပါတယ်။ ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်တယ်ဆိုတဲ့ အချက်ကို အလ်-အစ်ဒ်ရီစီက တစ်စိုက်မတ်မတ် ဖော်ပြခဲ့ပြီး “ကြက်ဥထဲမှာ အနှစ်က တည်ငြိမ်နေသလိုပဲ ကမ္ဘာကြီးဟာ အာကာသထဲမှာ တည်ငြိမ်နေတယ်” လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ စာအုပ်တွေထဲမှာ ကမ္ဘာ့ တောင်ခြမ်း၊ မြောက်ခြမ်းအကြောင်း၊ ရာသီဥတုတွေအကြောင်း၊ ပင်လယ်တွေ၊ ပင်လယ်ကွေ့တွေအကြောင်း ဖော်ပြထားသလို၊ အာရှနဲ့ အာဖရိကရဲ့ ဝေးလံခေါင်ဖျားဒေသတွေနဲ့ ပတ်သက်ပြီး တော်တော်လေး အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကိုလည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။

၁၃ ရာစုမှာတော့ ယာကွတ် အလ်-ဟာမာဝီ (Yaqut al-Hamawi) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ အီရတ်နိုင်ငံ မူဆိုးလ်မြို့ကနေ ဆီးရီးယားနိုင်ငံ အလက်ပို၊ ပါလက်စတိုင်း၊ အီဂျစ်နဲ့ ပါရှား (ယခုအီရန်) တို့ကို သွားရောက်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ သူ့ရဲ့ ဒီခရီးသွားမှတ်တမ်းတွေထဲက ၄ ခုသာ ကျန်ရှိတော့ပြီး လူသိအများဆုံးကတော့ Dictionary of Contries (နိုင်ငံများအဘိဓာန်) ဖြစ်ပါတယ်။ ဒီစာအုပ်ကြီးဟာ ပထ၀ီဝင်ဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်၊ လူမျိုးဗေဒ၊ သမိုင်း၊ မနုဿဗေဒ၊ သဘာဝသိပ္ပံနဲ့ ပထ၀ီဆိုင်ရာအပါအ၀င် အလယ်ခေတ်က သိထားသမျှ ကမ္ဘာကြီးရဲ့ အကြောင်းအရာအားလုံးနီးပါးကို မှတ်တမ်းတင်ထားကာ၊ နေရာဒေသတိုင်းရဲ့ ကိုသြဒိနိတ်တွေကိုလည်း  ဖော်ပြထားပါတယ်။ မြို့တွေ၊ မြို့ကြီးတွေရဲ့ အမည်နာမ အများစုနဲ့ အဲဒီနေရာက စီးပွားရေးအခြေအနေ၊ သမိုင်းကြောင်း၊ လူဦးရေ၊ ထင်ရှားကျော်ကြားသူတွေနဲ့ အထိမ်အမှတ်အဆောက်အဦးတွေအကြောင်းလည်း ဒီကျမ်းကြီးမှာ အသေးစိတ် ရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။

သိပ္ပံ၊ နည်းပညာနဲ့ အနုပညာတွေလိုပဲ ပထ၀ီဝင်ပညာရပ်မှာ နှစ်မြှုပ်အားထုတ်ခဲ့ကြတဲ့ မွတ်စလင် သိပ္ပံညာရှင်ကြီးတွေဟာ မနည်းမနော ရှိခဲ့ပါတယ်။ သူတို့ထဲက တော်တော်များများဟာ သူများတွေ မသိတဲ့ သတင်းအချက်အလက်တွေကို ရယူစုဆောင်းဖို့အတွက် ကမ္ဘာအနှံ့ခြေဆန့်ခဲ့ကြပြီး အသိပညာကို ဆာလောင်မှု၊ စူးစမ်းလိုစိတ်ရင့်သန်မှု၊ တစ်ခြားလူတွေအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေကို အမွေအဖြစ်ထားလိုမှု စတဲ့စိတ်ဓာတ်တွေကို ပြသခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးကို လေ့လာဖို့အတွက် ကျွန်တော်တို့မှာ မဂ္ဂဇင်းတွေ၊ ဂြိုဟ်တု ရုပ်သံလိုင်းတွေ ရှိနေပါပြီ။ တစ်ချို့တွေဟာ စိတ်အပန်းဖြေရေးအတွက် ခရီးတွေ သွားနေကြပြီး၊ ထိုင်ခုံမှာထိုင်ကာ ကျွမ်းကျင်သူတွေရဲ့ ဖော်ထုတ်မှုတွေကို ကျွန်တော်တို့ ကြည့်ရှုနားလည်နိုင်ကြပေမယ့် လွန်ခဲ့တဲ့ ထောင်စုနှစ်တစ်ခုက လူတွေကတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို သိရှိနားလည်ဖို့အတွက် ယုံကြည်ချက်ကို ဦးထိပ်ပန်ဆင်ကာ စူးစမ်းလိုစိတ်ကို အဖော်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး မြေပုံ

၁၁ ရာစု မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီ ရေဆွဲခဲ့သည့် ပထမဆုံး ကမ္ဘာ့မြေပုံ

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထာင်ကျော်က နိုင်ငံတွေ၊ တိုက်ကြီးတွေ၊ ပင်လယ်ရေကြောင်းသွားလာမှုတွေ အကြောင်းကို တိတိကျကျ မသိရှိခဲ့ကြပါဘူး။ ဒါပေမယ့် ကုန်သွယ်မှု၊ နယ်ပယ်သစ်ချဲ့ထွင်မှု၊ ဘာသာရေး ခရီးသွားမှုတွေအတွက် ခရီသွားတဲ့လူတွေ ပိုပိုများလာတာကြောင့် မြေပုံကောင်းကောင်းတွေကို လိုအပ်မှုကလည်း မြင့်တက်လာခဲ့ပါတယ်။

ကမ္ဘာ့အဖိုးအတန်ဆုံး မြေပုံတွေထဲကအချို့ကို ရေးဆွဲခဲ့သူတွေဟာ အလယ်ခေတ် မွတ်စလင်ကမ္ဘာက ပညာရှင်ကြီးတွေဖြစ်ပြီး သူတို့ခေတ်အခါက သိရှိနိုင်သမျှသော ပထ၀ီဆိုင်ရာ အသိပညာတွေအားလုံးကို နားလည်တတ်ကျွမ်းခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ သိရှိသမျှ၊ သွားရောက်ခဲ့သမျှကို နေ့စဉ် မှတ်တမ်းတင်ထားကြတဲ့ အလယ်ခေတ် မွတ်စလင် ပထ၀ီဝင်ပညာရှင်တွေ၊ မွတ်စလင်ခရီးသွားတွေရဲ့ မျက်မြင်တွေ့ရှိမှုကို ဒီပညာရှင်ကြီးတွေက အသုံးပြုခဲ့ကြပါတယ်။

၁၂ ရာစုရောက်တဲ့အခါမှာတော့ မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီဟာ ဥရောပ၊ အာရှနဲ့ မြောက်အာဖရိကက ဒေသတော်တော်များများ ပါဝင်တဲ့ မြေပုံတစ်ခုကို ပထမဆုံး ရေးဆွဲနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၅၀ ကျော်လောက်က အဲဒီမြေပုံဟာ မာကိုပိုလိုနဲ့ ကိုလံဘတ်စ်တို့ ကမ္ဘာအနှံ့ ခြေမဆန့်ခင် ရာစုနှစ်များစွာအရင်ကတည်းက ဖန်တီးနိုင်ခဲ့တာပါ။ သူ့အရင်က ပညာရှင်တွေရဲ့ အသိပညာတွေ၊ ထောင်ပေါင်းများစွာသော ခရီးသွားတွေကို မေးမြန်းမှုကနေ ရရှိတဲ့ အချက်အလက်တွေနဲ့ အလ်-အစ်ဒ်ရီစီဟာ သူ့ခေတ်အခါက အတိကျဆုံး ကမ္ဘာ့မြေပုံတစ်ခုကို ရေးဆွဲနိုင်ခဲ့ပါတယ်။ အာရဘီ စာတမ်းတွေအရ အလ်-အစ်ဒ်ရီစီဟာ သူ့မြေပုံမှာ အဲဒီကာလက ဓလေ့တစ်ခုဖြစ်တဲ့ ကမ္ဘာ့တောင်ဘက်ကို အပေါ်မှာ၊ မြောက်ဖက်ကို အောက်မှာထားပြီး ရေးဆွဲခဲ့ပါတယ်။

ဒီမြေပုံရေးဆွဲဖို့အတွက် မွတ်စလင်ဘုရင်တွေကို ဖြုတ်ချခဲ့တဲ့ စစ္စလီကျွန်းက နော်မန်ဘုရင် ရော်ဂျာ ၂ (Roger II) ဟာ စပိန်မှာနေထိုင်တဲ့ အလ်-အစ်ဒ်ရီစီကို ဖိတ်ခေါ် တာဝန်ပေးခဲ့တာဖြစ်ပြီး မြေပုံပေါ်ထွက်လာဖို့အတွက် ၁၅ နှစ်တာ ကြာမြင့်ခဲ့ပါတယ်။ ၁၂ ရာစုက စစ္စလီကျွန်းဟာ ကမ္ဘာ့ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ပြီး မော်ရိုကိုက သူ့ရဲ့အိမ်ကို မပြန်မီ အလ်-အစ်ဒ်ရီစီဟာ ဘုရင်ရော်ဂျာရဲ့ နန်းတော်မှာ အလေးစားခံရဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

စပိန်နိုင်ငံ Ceuta မြို့ရှိ အလ်-အစ်ဒ်ရီစီ၏ ရုပ်တု

စက်ဝိုင်းပုံစံ သူ့ရဲ့မြေပုံမှာ အလ်-အစ်ဒ်ရီစီဟာ အိန္ဒိယ၊ အာရေဗျ၊ အာရှ၊ မြေထဲပင်လယ်၊ ဥရောပနဲ့ မြောက် အာဖရိကဒေသတွေကို ထည့်သွင်းခဲ့ပြီး ဘုရင်ရော်ဂျာအတွက် ငွေစက်ဝိုင်းပြားမှာထွင်းထားတဲ့ မြေပုံကို ဖန်တီးပေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်တယ်ဆိုတာ ရှေးဟောင်း ဂရိတွေရဲ့ ခေတ်ထဲကနေ လူတွေက ယုံကြည်ခဲ့ကြပေမယ့် ကမ္ဘာလုံးကြီးရဲ့ အတိုင်းအတာအသေးစိတ်ကို ပထမဆုံး ဖော်ထုတ်ခဲ့သူတွေကတော့ မွတ်စလင်ပညာရှင်တွေ ဖြစ်ပါတယ်။ အလ်-အစ်ဒ်ရီစီရဲ့ ရေးသားမှုတွေထဲမှာ အီကွေတာကနေ ကမ္ဘာကြီးရဲ့စက်ဝန်းမျဉ်းဟာ မိုင်ပေါင်း ၂၂၉၀၀ ရှိတယ်လို့ တွက်ချက်ခဲ့ပြီး လက်ရှိ သိရှိထားတဲ့ အတိုင်းအတာနဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ လျော့နည်းပါတယ်။ သူဟာ ကမ္ဘာ့ တောင်ဖက်ခြမ်း၊ မြောက်ဖက်ခြမ်း၊ ဥတုဇုန်တွေ၊ ပင်လယ်တွေ၊ ပင်လယ်ကွေ့တွေအကြောင်းလည်း ရေးသားခဲ့ပါတယ်။

အစောပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းမှာ ကမ္ဘာကြီးရဲ့အနေအထားကို တိုင်းတာတာ၊ ဖော်ထုတ်တာတွေဟာ သင်္ချာနည်းကျပထ၀ီဗေဒရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ခဲ့ပြီး အမြင့်တွေ၊ အကွာအဝေးတွေကို တိုင်းတာဆုံးဖြတ်ဖို့အတွက် အဲဒီကာလက ခေတ်အမီဆုံး နက္ခတ္တဗေဒေ စမ်းသပ်ခန်းတွေကို အသုံးပြုခဲ့ပါတယ်။ ၉ ရာစုမှာ မွတ်စလင်ဘုရင် အလ်-မာမွန်ဟာ ကမ္ဘာကြီးရဲ့ စက်ဝန်းမျဉ်းကို တိုင်းတာဖို့အတွက် သူ့ရဲ့ နက္ခတ္တဗေဒပညာရှင်တွေကို တာဝန်ပေးခဲ့ပြီး သူတို့ရဲ့ တွေ့ရှိမှုဟာ ဒီနေ့ခေတ် ကျွန်တော်တို့သိရှိထားတဲ့ အတိုင်းအတာထက် ၁၂၅ မိုင်လောက်သာ ကွာခဲ့ပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

Comments are closed.