News @ M-Media

အလ်-အက်ဆာဗလီတွင် ပါလက်စတိုင်းများ လွတ်လပ်စွာ ၀တ်ပြုခွင့် ပြန်ရပြီ

ဇူလိုင် ၂၉၊ ၂၀၁၇
M-Media

– တင်းမာမှုတွေဖြစ်ပွားနေတဲ့ အလ်-အက်ဆာဗလီဝတ်ကျောင်းတော်မှာ နောက်ဆုံးကန့်သတ်ချက်ကို အစ္စရေးက ပယ်ဖျက်ပေးခဲ့ပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ မနေ့က ဒီသမိုင်းဝင်ဗလီကြီးမှာ သွားရောက် ၀တ်ပြုခဲ့ကြပါတယ်။

မနေ့က မနက်ပိုင်းမှာ အစ္စရေးက သောကြာဝတ်ပြုမှုအတွက် အသက် ၅၀ အောက် ပါလက်စတိုင်းအမျိုးသားတွေ မ၀င်ရဘူးလို့ ထပ်ပြီး အမိန့်ထုတ်ခဲ့ပြီး ဒါဟာ ၂ ပတ်အတွင်း အစ္စရေးတို့က နောက်ဆုံးလုပ်ဆောင်တဲ့ ကန့်သတ်ချက်တစ်ခု ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်ကြောင့် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းပြည်သူတွေဟာ ဗလီဂိတ်ပေါက်ဝတွေမှာ ၀တ်ပြုခဲ့ကြရပြီး ၀တ်ပြုမှုအပြီးမှာတော့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နင်းခဲ့တာကြောင့် အနောက်ဖက်ကမ်းနဲ့ ဂျေရုစလင်မှာ ပါလက်စတိုင်းပြည်သူ ၂၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အသက် ၅၀ အောက် ပါလက်စတိုင်းတွေ အလ်-အက်ဆာဗလီထဲ မ၀င်ရဘူးဆိုတဲ့ တားမြစ်ချက်ကို အစ္စရေးက ပယ်ဖျက်ပေးခဲ့ပြီး ဗလီဝတ်ကျောင်းတော်ကို စီမံခန့်ခွဲနေတဲ့ ဂေါပကအဖွဲ့က ၀င်ပေါက်အားလုံးကနေ ပါလက်စတိုင်းအားလုံး အသက်ကန့်သတ်မှုမရှိ ၀င်ရောက်ဝတ်ပြုနိုင်ပြီလို့ မနေ့က ကြငြာခဲ့ပါတယ်။

သူတို့ရဲ့ အမှတ်သညာဖြစ်တဲ့ အလ်-အက်ဆာဗလီမှာ ကျူးကျော်သူတွေက ထိန်းချုပ်ကန့်သတ်မှုတွေ လုံးဝမရှိဖို့ ပါလက်စတိုင်းတွေရဲ့ ကြိုးပမ်းမှုဟာ လွယ်ကူခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။

ဇူလိုင်လ ၁၄ ရက်နေ့က ဗလီအပြင်ဘက် စစ်ဆေးရေးဂိတ်ကို ပါလက်စတိုင်း ၃ ဦးက သေနတ်နဲ့ပစ်ခတ်မှုအတွင်း အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက် အစ္စရေးက ဗလီဝင်ပေါက်တွေမှာ သတ္တုရှာဖွေရေးစက်တွေ၊ လုံခြုံရေးကင်မရာတွေထားကာ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။

ဒါ့ကြောင့် ပြီးခဲ့တဲ့ ၁၃ ရက်လုံးလုံး ပါလက်စတိုင်းတွေဟာ ဗလီရဲ့ အပြင်မှာ ၀တ်ပြုတာ၊ ဆန္ဒပြမှုတွေလုပ်ကာ ဒီအပိုင်စီးလိုတဲ့လုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

အခုတစ်ပတ်အစောပိုင်းမှာ အစ္စရေးက သတ္တုရှာဖွေရေးစက်တွေကို ဖယ်ရှားပေးခဲ့ပေမယ့် အဆင်မြင့် စောင့်ကြည့်ကင်မရာတွေကို ထပ်မံတပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းဖက်က ဒါကိုလည်း လက်မခံပါဘူး။ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်း ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နှင်းခဲ့တာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၅ ဦး သေဆုံးခဲ့ပြီး ထောင်ချီ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ကြာသာပတေးနေ့မှာ အစ္စရေးက သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေအားလုံးကို ဖယ်ရှားပေးခဲ့ပြီး ပါလက်စတိုင်းတွေက ၂ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလ်-အက်ဆာဗလီဝတ်ကျောင်းတော်ကို ၀င်ရောက် ၀တ်ပြုခဲ့ကြပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ၁၉၆၇ ခုနှစ်ကတည်းက ကျူးကျော်သိမ်းပိုက်ခဲ့ပြီး အစ္စလာမ်ရဲ့ တတိယအမြတ်ဆုံးနေရာဖြစ်ပြီး အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ရှိရာ ဟရမ် အလ်-ရှရစ်ဖ်လို့ခေါ်တဲ့ ပရ၀ုဏ်ကို ပါလက်စတိုင်းတွေ ၀င်ရောက်ခွင့်မရအောင် တစ်စတစ်စ ကန့်သတ်မှုတွေ တိုးလုပ်လာခဲ့တာပါ။

ဒါတင်မကသေးဘဲ အနောက်ဖက်ကမ်းက ပါလက်စတိုင်းတွေ ဂျေရုစလင်ကို ၀င်လို့မရအောင်လည်း အစ္စရေးက နံရံကြီးတွေကာပြီး စစ်ဆေးရေးဂိတ်ပေါက်တွေထားကာ တင်းတင်းကျပ်ကျပ်ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။

မနေ့က ဘက်သလီဟမ်မှာ ပါလက်စတိုင်းလူငယ်တစ်ဦးဟာ အစ္စရေးစစ်သားတွေရဲ့ ပစ်သတ်မှုကို ခံခဲ့ရပြီး အစ္စရေးဘက်ကတော့ အသက် ၂၄ နှစ်အရွယ် အဘ်ဒူလာ တာကတ်ကာဟာ အစ္စရေးစစ်သားကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မျက်မြင်သက်သေတွေက အဘ်ဒူလာဟာ အစ္စရေးတပ်ဖွဲ့တွေနဲ့ မီတာ ၂၀ (ပေ ၆၀ ကျော်) အကွာမှာ ရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။

ဂါဇာကမ်းမြှောင်နယ်စပ်မှာလည်း မနေ့က အသက် ၁၆ နှစ်အရွယ်လူငယ် အဘ်ဒဲလ် ရဟမ် အဘူ ဟူမေရှာဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ ဂါဇာကမ်းမြှောင်ရဲ့ အခြားနေရာက ဆန္ဒပြမှုအတွင်းမှာလည်း အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

Ref: Aljzeera