သြဂုတ် ၈ ၊ ၂၀၁၇
မြန်မာပြည်အဝန်း ရဟန်းရှင်လူ၊ကျောင်းသားပြည်သူလူထုအပေါင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ) တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်သောအားဖြင့် အံတုဆန္ဒပြခဲ့သည့် ရှစ်လေးလုံး (၈-၈-၁၉၈၈) နှစ်ပတ်လည် အခမ်းအနားကြီးသည်လည်း ၂၀၁၇ခု သြဂုတ်လ ၈ ရက် အင်္ဂါနေ့တွင် ၂၉နှစ်ပြည့်ပြီဖြစ်သည်။ ထိုရှစ်လေးလုံး အရေးတော်ပုံကြီးတွင် လူသတ်၊ခေါင်းဖြတ်၊ မင်းမဲ့စရိုက်များရှိခဲ့ကြောင်း၊ ဇောင်းပေးဖော်ပြပြီးပြောဆိုနေသူများ၊ လူမှု့ရေးကွန်ရက်များပေါ်တွင် ထိုအရေးတော်ပုံကြီးအား သေးသိမ်အောင်၊ အကျည်းတန်အောင်၊ လူနည်းစုအခွင့်ထူးခံ အာဏာ စနစ်ကို ခုံမင်စွဲမက်နှစ်သက်သူများအလိုကျ ရေးသားနေသူများကိုတွေ့ရသောအခါ “ဆင်သေကို ဆိတ်သားရေဖြင့် ဖုံး၍မရ ”ဟူသော ဆိုရိုးစကားလေးက အမှန်တရားဖော်ထုတ်သူများဘက်က သက်သေခံနေပေသည်။
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့ရခြင်းသည် မဆလတစ်ပါတီ အာဏာ ရှင် ဦးနေဝင်းအစိုးရ၏ နောက်ခံသမိုင်းဆိုးများကြောင့် ဖြစ်ပေသည်။ အတိုချုပ်တင်ပြရလျှင် ၁၉၆၂ ခု မတ် ၂ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော စစ်အစိုးရသည် ပြည်သူလူထုကြီးရွေး ကောက်တင်မြှောက်ထားခဲ့သော ပါလီမန်ဒီမိုကရေစီ အစိုးရအား အာဏာသိမ်းခဲ့သည်။ ၁၉၆၂ခု ဇူလိုင်လ ၇ရက်နေ့တွင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဒိုင်းနမိုက်ဖြင့်ဖြိုခွင်းခဲ့သည်။ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ဆန္ဒပြ ကျောင်းသား၊ကျောင်းသူများအား လက်နက်အားကိုးကာ အကြမ်းဖက် ဖြိုခွင်းခဲ့မှု့ကြောင့် ကျောင်း သားတစ်ရာနီးပါး အသက်ဆုံးပါးခဲ့ရသည်။ ၁၉၇၄ခု နိုဝင်ဘာ ၂၅ ရက်နေ့တွင် အမေရိကန်ပြည် ထောင်စုတွင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်၏ဈာပဏကို ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်းရှေ့ သင်္ချိုင်းတွင်ထားရာမှ ကျောင်းသားများ မကျေနပ်ဆန္ဒပြကာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သမဂ္ဂအဆောက်အဦးရှေ့ တွင် ရုပ်ကလပ်ကို ဂူသွင်းရာမှ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဦးနေဝင်း၏ အမိန့်ပေးလမ်း ညွှန်မှု့ကြောင့် စစ်အင်အားသုံးအကြမ်းဖက်ဖြိုခွင်းရာမှ ကျောင်းသားအများအပြား သေဆုံးဒဏ်ရာ ရကာ ကျောင်းသားများ၏ သမိုင်းသွေးများကား မှတ်တမ်းဝင်သွားခဲ့ပေသည်။ ထို့အပြင် မဆလအစိုး ရသည် ၁၉၇၆ခု မတ်လ ၂၃ရက်နေ့တွင် မှိုင်းရာပြည့် အရေးအခင်းကိုလည်းကောင်း၊ ဆန်ရှားပါးမှု့ ပြဿနာကိုအာရုံလွဲလိုသောကြောင့် ၁၉၆၇ခုနှစ် ဇွန်လ ၂၂ရက်နေ့တွင် တရုတ်၊ဗမာအရေးအခင်း ကိုလည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ပြည်၊တောင်ကြီး စသည့်မြို့များ၌ ကုလား-ဗမာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများကိုလည်းကောင်း ဖန်တီးကာ နိုင်ငံရေးပြဿနာများကို အာရုံလွဲကာ တိုင်းပြည်ကို ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့ပေသည်။
ထို့ကြောင့်လည်း မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ (မဆလ)ပါတီကြီးတွင် လက်ညှိုးထောင် ခေါင်းညိတ်လူပုတ်သင်ညိုများ အပေါ်ဖား အောက်ဖိ အရည်အချင်းမရှိ အချောင်သမား လူတန်းစား များ မဆလအစိုးရထဲတွင် ဒုနဲ့ဒေးဖြစ်လာခဲ့တော့သည်။ တစ်ချိန်က ပါလီမန်ဒီမိုကရေစီခေတ်က စင်္ကာပူထက်သာလွန်ခဲ့သော မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု့ အနှေးကွေးဆုံး (Least Developed Country- LDC ) စာရင်းဝင်နိုင်ငံတစ်ခုဖြစ်သွားခဲ့ရပေသည်။
ထို့အပြင် ပြည်သူလူထု၏ ချွေးနည်းစာငွေများဖြစ်သည့် ၁၀၀ကျပ်တန်၊ ၉၀ကျပ်တန်၊ ၄၅ကျပ်တန်၊ ၃၅ကျပ်တန် ငွေစက္ကူများ သုံးစွဲနေခြင်းကို တရားမဝင်ငွေများဖြစ်ကြောင်း အမိန့်အာဏာဖြင့် ထုတ်ပြန်ခဲ့ခြင်း၊ ရန်ကုန်စက်မှုတက္ကသိုလ် (R.I.T) ကျောင်းဝင်းအတွင်း ဆန္ဒပြ ကျောင်းသား ၂ ဦးဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကို လုံထိန်းရဲများ၏ ပစ်ခတ်မှု့ကြောင့် သေဆုံးခဲ့ရသည်ကို နောက်နေ့နိုင်ငံပိုင်သတင်းစာများတွင် အချွန်ဖြင့်ထိုးမိ၍ သေဆုံးခဲ့ကြောင်း မုသားသုံးလိမ်ညာကာ မဆလအစိုးရ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ခြင်းသည် ကျောင်းသားထု၏ လောင်မြိုက်နေသော ဒေါသမီးကို လောင်စာဆီပက်ဖြန်းသလိုဖြစ်ခဲ့ပြီး အခြားဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် များကိုပါ ပြန့်နှံ့ရောက်ရှိခဲ့ပြီး ကျောင်းသားများက ထိုအကြမ်းဖက်လုပ်ရက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကျူးလွန်သူများကို အမြန်ဆုံးစုံစမ်းဖော်ထုတ် အရေးယူပေးရန်အစိုးရထံ တောင်းဆိုခဲ့သော်လည်း ထူးမခြားနားသာဖြစ်ခဲ့ပါသည်။ ထို့အပြင် မဆလတစ်ပါတီ အာဏာရှင်ကြီး ဦးနေဝင်းသည် ရန်ကုန် မြို့၊ ကျိုက္ကဆံ အားကစားကွင်းအတွင်း ပြည်နယ်တိုင်း ၁၄ခု ကိုယ်စားပြု အရေးပေါ်ညီလာခံကြီး တွင် ကျောင်းသား၊ ကျောင်းသူများအပါဝင်၊လူထုတစ်ရပ်လုံးကို ရည်ညွှန်းကာ “စစ်တပ်ဆိုတာ ပစ်ရင်၊ တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဖူး” ဟု လူမိုက်ဆန်ဆန် တာဝန်ယူမှု၊တာဝန်ခံမှု ကင်းမဲ့စွာ ပြောဆိုခဲ့မှု့ကြောင့် ၈-၈-၈၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျောင်းသား၊ကျောင်းသူများ ဦးဆောင်ကာ ဒီမိုကရေစီအရေးတောင်းဆို ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ နောက်ဆက်တွဲရလာဒ် အနေဖြင့် ပါတီဥက္ကဋ္ဌ ဦးနေဝင်းသည် တရားဝင်နှုတ်ထွက်ခဲ့ပြီး၊ ဦးစိန်လွင် သမ္မတဖြစ်လာခဲ့သည်။
အာဏာရ သမ္မတဦးစိန်လွင်သည် တပ်မ ၂၂ စစ်တပ်အင်အားကိုသုံးကာ လက်နက်ဆိုလို့ အပ်တို တစ်ချောင်းမျှမရှိသော ဆန္ဒပြကျောင်းသား၊ကျောင်းသူများကို “ဗကပ”ယူဂျီ (ဗမာပြည်၊ ကွန်မြူနစ်ပါတီဝင် မြေအောက်အဖွဲ့အစည်းဝင်များ)ဟု တံဆိပ်မည်းတပ်ကာ သူ့စစ်တပ်အား အဆိပ်မှိုင်းများ သွတ်သွင်းကာ မတရားဝါဒဖြန့်ခဲ့ပါသည်။ ထို့ကြောင့်လည်း အလယ်တန်း၊ အထက် တန်း အဖြူအစိမ်းဝတ် ကျောင်းသား၊ကျောင်းသူလေးများ ရင်ဘတ်များ၊ကျောများ ပွင့်ထွက်ကာ၊ မြင်မကောင်း၊ ရှု့မကောင်း ကြေကွဲဖွယ် သေပွဲဝင်ခဲ့ရသည်ကို စာရေးသူမျက်မြင်ကိုယ်တွေ့ဖြစ်ပါ သည်။ ထိုကဲ့သို့သွေးစွန်းခဲ့သော အဓမ္မလုပ်ရပ်များကို မခံနိုင်လွန်းသော ရဟန်းရှင်လူ၊ ပြည်သူလူ ထုကြီးသည် ပြည်နယ်နှင့်တိုင်း မြို့ကြီးပြကြီးများတွင် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြသည့် “လူပင်လယ်လှိုင်းလုံးကြီးများ”သည် မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ခဲ့ပေသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြပွဲကြီးတွင် မဆလအစိုးရ၏ အကြမ်းဖက် ဖြိုခွင်းမှု့ဒဏ်ကို အခံရဆုံးမှာ ရန်ကုန်တိုင်းရှိ ဒီမိုကရေစီအင်အားစုများပင်ဖြစ်ပါသည်။ တစ်တိုင်းပြည်လုံးရှိ ဒီမိုကရေစီအင်အားစုများ၏ ဆက်တိုက်ဆန္ဒပြ တောင်းဆိုမှု့ကြောင့် ဦးစိန်လွင် သည် (၁၇)ရက်သာ သမ္မတလုပ်နိုင်ခဲ့ပြီး ဥပဒေပညာရှင် ဒေါက်တာ မောင်မောင်သည် တစ်လသာ သမ္မတလုပ်နိုင်ခဲ့ပေသည်။
ဒေါက်တာမောင်မောင် သမ္မတဖြစ်လာသောအခါ စစ်အုပ်ချုပ်ရေးကိုရုတ်သိမ်းပေးခဲ့သည်။ ထို့ကြောင့်လည်း စာပေ၊ဂီတ၊ရုပ်ရှင်လောက၊ရှေ့နေလောက၊တက္ကသိုလ်၊ကောလိပ်များအပြင် ပြည်ထဲရေးဝန်ကြီးလက်အောက် ရဲတပ်ဖွဲ့အချို့၊စ.စ.စ (အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့)၊ မီးသတ် တပ်ဖွဲ့စသည်တို့ပါ ဒီမိုကရေစီအရေးတောင်းဆို ဆန္ဒပြပွဲများတွင် ပါဝင်လာကြတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် မဆလအစိုးရသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်း ထောင်များကို ရည်ရွယ်ချက်ရှိရှိ “ခါ”နေပေသည်။ ထိုကဲ့သို့ မသိမသာထောင်ခါခဲ့ရခြင်း၏ ရည်ရွယ် ချက် (၁) လတ်တလောဆန္ဒပြနေသူ ဒီမိုအင်အားစုများ ထောင်ထဲထည့်ရန် (၂) ရာဇဝင်လူဆိုး သူခိုး ဒုစရိုက်သမားများအား ပြင်ပတွင်ရောက်စေပြီး၊ပြည်သူလူထုကြီး ကျီးလန့်စာ စားသလို၊ နေရင်း ခိုး၊ဆိုး၊လု၊ယက်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်သောအခါ စစ်တပ်မှ အာဏာသိမ်းစေရန် အကွက်ချပေးခြင်း။ ဖြစ်သည်ကို ဝါရင့်နိုင်ငံရေးသမားများက သတိပေးခဲ့ပါသေးသည်။ သို့သော် အရာမထင်ပါ။
အမေကမွေး၊ ထောင်ကကျွေးနေသူ ရာဇဝတ်ကောင်ဟောင်းများသည် ဒိမိုကရေစီအရေး တောင်းဆိုဆန္ဒပြနေကြသည့် အုပ်စုများအတွင်း ပြန့်နှံ့ရောက်ရှိသွားခဲ့ပြီး၊ ဇာတိရုပ်များကို ပြကာ တရားဥပဒေစိုးမိုးမှု့ကင်းမဲ့နေသော၊အားနည်းနေသော နေရာများတွင် ဘီလူးဆိုင်းတီးကာ ထွက်လာကြတော့သည်။ မင်းမဲ့စရိုက်ဆန်ဆန် အမှု့အခင်းများကို ရှစ်လေးလုံးဒီမိုကရေစီအရေး တော်ပုံကာလ အတွင်း ကျူးလွန်ခဲ့ကြသောကြောင့် ၈.၈.၈၈ အရေးတော်ပုံကြီးသည် “ဆွမ်းဆန်ထဲ ကြွက်ချေးရောသွားသည့်အလား”၊ “ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သွားသည့်အလား” အရုပ်ဆိုးအကျည်းတန်အောင် ဖြစ်ခဲ့ရသည်များလည်းရှိခဲ့ပါသည်။
သမ္မတဒေါက်တာမောင်မောင်၏ မာရှယ်လောစစ်မိန့်များ ရုတ်သိမ်းပြီးသောအခါ စစ်တပ်မှ TE ကားများဖြင့် အစိုးရပိုင်ကုန်လှောင်ရုံများမှ ပစ္စည်းများကို အကြိမ်ကြိမ်သယ်ခဲ့ကြသည်။ မသယ် ဆောင်ပဲ အကြောင်းအမျိုးမျိုးကြောင့်ထားခဲ့သော ပစ္စည်းများကို ထိုရပ်ကွက်အနီးအနားရှိ သေမထူး နေမထူး ဆင်းရဲသားများနှင့် ထောင်နန်းစံခဲ့ကြသူများက သွားယူခဲ့ကြသည်။ ပစ္စည်းများကိုယူနေစဉ် မဆလ စစ်တပ်နှင့် ရှောင်တခင်ပက်ပင်းတိုးမိခဲ့ပြီး ပစ်ခတ်ဖြိုခွင်းခံခဲ့ ရသူများလည်းရှိသည်။ ထိုအချိန် မဆလအစိုးရ၏ စစ်ထောက်လှမ်းရေးများကလည်း ဒီမိုအင်အားစုများအကြား ထိုးဖောက် ဝင်ရောက် ပူကပ်၊သွေးခွဲ၊သပ်လျှိုကာ တစ်ဖွဲ့နှင့် တစ်ဖွဲ့အထင်မှား၊အမြင်မှား သံသယများ ဖြစ်ပေါ် ပြီး စည်းလုံးညီညွတ်မှု့ ပြိုကွဲအောင် ပြုလုပ်ခဲ့ပါသည်။ ဥပမာပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားဝင်းအတွင်း လူထုဟောပြောပွဲကျင်းပမည့်နေ့ ရန်ကုန်မြို့လယ်ခေါင်အတွင်း ထိုစဉ်က စစ်ထောက်လှမ်းရေး ဗိုလ်ကြီးအဆင့်ရှိသူနှင့် အပေါင်းပါတစ်စုအား ဒီမိုခေါင်းဆောင်နှင့်ပတ်သက်၍ မဟုတ်မဟ လုပ်ကြံဝါဒဖြန့်စာရွက်များအား လက်ပူး၊လက်ကြပ်ဖမ်းဆီးမိခဲ့ခြင်းသည် ထင်ရှားသော သက်သေသာဓက တစ်ခုပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ယူတတ်လျှင် သင်ခန်းစာများကို ပေးစွမ်းပါသည်။ (၁) စစ်အာဏာရှင်များ၏လက်သုံးစကားတစ်ခုဖြစ်သည့် “အာဏာသည် သေနတ်ပြောင်းဝမှာရှိသည်။”ဟူသောစကားကို ချေဖျက်ခဲ့သည်။ (၂) ပြည်သူတင်း လျှင် ဘယ်အစိုးရမင်းမှ မခံနိုင်ကြကြောင်းကို သက်သေထူခဲ့သည်။ (၃) ပြည်သူလူထုကြီးသည် အာဏာရှင်စနစ်ကို မလိုလားကြောင်း၊မနှစ်သက်တော့ကြောင်းကို ဆန္ဒပြပွဲများကသက်သေပြခဲ့ သည်။ (၄) ပြည်သူလူထု၏ ထောက်ခံမှု့မရှိသော အစိုးရတစ်ရပ်သည် ရေရှည် မရပ်တည်နိုင် ကြောင်း၊အမှန်တရားကိုလိုလားသော၊ ပြည်သူလူထုကြီးသည် မုချဧကန် တစ်နေ့ အောင်ပွဲခံရမည် သေချာကြောင်း စတဲ့အဖိုးတန် သင်ခန်းစာများကို ပေးခဲ့သောကြောင့်လည်း ဒီမိုကရေစီ ခေါင်းဆောင် ယခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရ တစ်ရပ် လက်ရှိ တိုင်းပြည်ကို ဦးဆောင်နေပါကြောင်း ထင်ရှားသော သာဓကတစ်ရပ်ကို တင်ပြလိုက်ပါသည်။
ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ် R.I.T)
Comments