သြဂုတ် ၂၀၊ ၂၀၁၇
M-Media
– မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုနှိပ်နှင်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တာထက် ဂျာနယ်လစ်တွေ လိုက်လံဖမ်းဆီးတာမျိုးအတွက် ပိုပြီး အချိန်ပေး အားထုတ်ကြိုးပမ်းနေပုံ ရပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့မှာ Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ ဘန်ကောက်သွားဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ မင်္ဂလာဒုံရဲစခန်းမှာ ထိန်းသိမ်းခံခဲ့ရပြီး၊ မင်္ဂလာဒုံ စခန်းကလည်း မန္တလေး မဟာအောင်မြေ ရဲစခန်းရဲ့ တောင်းဆိုမှုနဲ့ ကိုဆွေဝင်းကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ တစ်ညနေခဲ့ရပြီး နောက်တစ်နေ့မှာ ကိုဆွေဝင်းကို တရားစွဲဖို့အတွက် မန္တလေးကို လွှဲပြောင်းပေးခဲ့ပါတယ်။
ကိုဆွေဝင်းဟာ မဘသအဖွဲ့ကို ထောက်ခံသူတစ်ယောက်ရဲ့ ၆၆ (ဃ) နဲ့ တရားစွဲဆိုမှုကို အခုနှစ်အစောပိုင်းမှာ ခံခဲ့ရသူပါ။
ဒီဆောင်းပါးမှာ ကိုဆွေဝင်းအကြောင်း ဖော်ပြချင်တာမဟုတ်ဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးရေး ကြိုးပမ်းအားထုတ်မှုတွေကို မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။ အဓိက တာဝန်ဝတ္တရားဟာ တရားဥပဒေစိုမိုရေးနဲ့ မှုခင်းနှိမ်နှင်းရေး ဖြစ်ပေမယ့် ရဲတပ်ဖွဲ့ဟာ အခုကိစ္စမှာ အချိန်တွေ၊ ရင်းမြစ်တွေကို ဒီလောက်များများ သုံးသင့်လား? ဒါဟာ ဒီကိစ္စကနေ ပေါ်ထွက်လာတဲ့ မေးခွန်းတစ်ခုပါပဲ။
မေလ ၂ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်က ပြည်လမ်းပေါ်မှာ ကားတစ်စီးဟာ ဓားပြတိုက်ခံလိုက်ရပါတယ်။ ရန်ကုန်မှာ ရာဇ၀တ်မှုတွေ ထူပြောလာနေတဲ့အချိန်မှာ ဒီ အတင့်ရဲတဲ့ အဖြစ်အပျက်က ဖြစ်သွားခဲ့တာပါ။ ပဲခူးက အမျိုးသမီးတစ်ဦးဟာ တောင်ကိုရီးယားသွားမယ့် လေယာဉ်အမီ ရန်ကုန်လေဆိပ်ကို သားဖြစ်သူနဲ့အတူ လာခဲ့ပြီး အပြန်မှာ ဆီးသွားချင်တဲ့သားအတွက် ကားတွေ ဥဒဟိုသွားလာနေတဲ့ ပြည်လမ်းဘေးမှာ ကားရပ်ထားတဲ့အချိန် ဒီ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ရုတ်တရက် တိုယိုတာ ကာလ်ဒီနာ တက္ကစီတစ်စီးဟာ သူတို့ရဲ့ကားအရှေ့မှာ ရပ်လိုက်ပြီး လူလေးယောက်ထွက်လာကာ အမျိုးသမီးကို ဓားနဲ့ထောက် ပိုက်ဆံအိတ်၊ ဆွဲကြိုး၊ လက်စွပ်နဲ့ မိုဘိုင်းဖုန်းတွေကို လုယက်သွားခဲ့ပါတယ်။ ဒီပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ငွေကျပ် သိန်း ၄၀ လောက် ရှိပါတယ်။ ဓားပြတိုက်မှုဟာ ည ၉ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘေးနားကဖြတ်သွားနေတဲ့ ကားတွေကလည်း တစ်စီးမှ အကူအညီမပေးခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဒီအမျိုးသမီးဟာ မင်္ဂလာဒုံ မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပြီး ပဲခူးကို ပြန်သွားခဲ့ပါတယ်။
အဲဒီ သံသယရှိသူ ၄ ယောက်ဟာ တစ်လကျော်လောက်မှ ကံကောင်းထောက်မစွာနဲ့ ဖမ်းမိခဲ့ပါတယ်။ ဇွန်လ အစောပိုင်းတုန်းက ရွှေပြည်သာ လှော်ကားအနီးမှာ အမျိုးသားတစ်ဦးကို လုယက်မှု၊ အပြင်းအထန်နာကျင်စေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ လှော်ကားရဲစခန်းမှာ စစ်မေးမှုအတွင်း အဲဒီအမျိုးသားဟာ မေလ ၂ ရက်နေ့က ပြည်လမ်း ဓားပြမှုမှာ ပါဝင်တယ်လို့ ၀န်ခံခဲ့ပါတယ်။ တိုယိုတာ ကာလ်ဒီနာတက္ကစီနဲ့ ဓားပြလိုက်တိုက်နေတဲ့ နောက်ထပ် အမျိုးသား ၇ ယောက်ကို ဒီမထင်မှတ်ထားတဲ့ ၀န်ခံမှုကနေတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သူတို့တွေရဲ့ ဖြောင့်ချက်တွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်မှုမှာ ဒီ လူ ၈ ယောက်ဟာ ၂၀၁၆ ခုနှစ် နှောင်ပိုင်းကတည်းက ဒီတက္ကစီနဲ့ လုယက်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကနေ ဖမ်းဆီးခံခဲ့ရတဲ့ ဇွန်လ အလယ်ပိုင်းအတွင်း သူတို့တွေဟာ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်၊ ဒဂုံဆိပ်ကမ်းနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ လုယက်မှုပေါင်း ၂၈ ခုလောက် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ တိုက်ရာပါပစ္စည်းတွေမှာ ငွေသား၊ လက်ဝတ်ရတနာ၊ မိုဘိုင်းဖုန်းနဲ့ မော်တော်ဆိုင်ကယ်တွေ ပါဝင်ခဲ့ပါတယ်။ ဒီလူ ၈ ဦးရဲ့ ဓားပြတိုက်မှုကို လူတော်တော်များများက ခံခဲ့ရပြီး လုယက်သွားတဲ့ ပစ္စည်းတွေကလည်း မနည်းပါဘူး။ ဒီပစ္စည်းတွေကို နေရာတော်တော်များများက ၀ယ်သူ အများအပြားကို ရောင်းချမယ်လို့ ယူဆလို့ရပါတယ်။ ၆ လကျော်ကျော်အတွင်း ကျူးလွန်တဲ့ ဓားပြမှု ၂၈ ခုမှာ သဲလွန်စတွေ၊ ကွင်းဆက်တွေ မကျန်ခဲ့ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီရာဇ၀တ်မှုကို အဆုံးသတ်နိုင်ခဲ့တာကလည်း ရဲတပ်ဖွဲ့ရဲ့ အားထုတ်မှုကြောင့်မဟုတ်ဘဲ လှော်ကားမှာ ဖမ်းဆီးရမိတဲ့ လူတစ်ယောက်ရဲ့ မတော်တဆ ၀န်ခံမှုကြောင့်သာ ဖမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားကို ဖမ်းမမိခဲ့ဘူး၊ ဒါမှမဟုတ် သူက ဒီဂိုဏ်းအကြောင်း မဖော်ထုတ်ခဲ့ဘူးဆိုရင်တော့ ဓားပြမှုတွေ ဆက်ဖြစ်နေမှာပါ။ မေ ၂ ရက်နဲ့ ဇွန်လ ဖမ်းမိတဲ့အချိန်ကြားထဲမှာ အဲဒီအုပ်စုဟာ လှော်ကားအပါအ၀င် ရွှေပြည်သာမှာ နောက်ထပ် လုယက်မှု ၈ ခု ကျူးလွန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဂျာနယ်လစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုနဲ့ လုယက်မှုတွေကို ကျူးလွန်တဲ့ လူ ၈ ဦးပါ ဂိုဏ်းတစ်ခုကို ဖမ်းဆီးဖို့ အားထုတ်မှုကို ယှဉ်ကြည့်ပါ။
ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နောက်ထပ် အာရုံစိုက်ရမယ့် ကိစ္စတစ်ခုက မူးယစ်ကုန်သွယ်မှုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မူယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ ပုံမှန်လိုလိုဖြစ်နေပြီး စိတ်ကြွဆေးပြား သန်းနဲချီပြီး ဖမ်းမိတာမျိုးတွေတောင် ပါဝင်ပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာလည်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ ပုံမှန်ဖြစ်လာပါတယ်။ အဲဒီ မူးယစ်ဆေးတွေကို တရုတ်နယ်စပ်တစ်လျှောက်မှာ ထုတ်လုပ်တာဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီး တစ်ခါတစ်ရံ ရန်ကုန်တိုင်းဒေသကြီးကိုဖြတ်ကာ ရခိုင်ကို သယ်ဆောင်တာဖြစ်ပါတယ်။ ရခိုင်ကို ဒီလိုသယ်ဆောင်တဲ့လမ်းမှာ ရဲတပ်ဖွဲ့က ဘာ့ကြောင့် ဒါတွေကို မမိတာလဲ။
ရက္ခိုင့်တပ်မတော် (AA) ရဲ့ နယ်စပ်ဒေသတွေက လက်နက်တွေကိုလည်း ရန်ကုန်ကနေတစ်ဆင့် ရခိုင်ကို သယ်နေပါတယ်။ RPG လောင်ချာတွေကို ဖမ်းမိခဲ့တဲ့ တရားမ၀င်သယ်ဆောင်မှုတစ်ခုမှာ သူတို့ပါဝင်တယ်လို့ AA က ၀န်ခံထားပါတယ်။ ဒါပေမယ့် မဖမ်းမိဘဲ လွတ်သွားတဲ့ အခေါက်တွေ ဘယ်လောက်များနေပြီလဲ။
ချုံပြီးပြောရရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုတိုက်ဖျက်ရေးထက် မီဒီယာကသူတွေကို ဖမ်းဆီးရေးမှာ ပိုပြီး အားထည့်နေတယ်လို့ ဆိုလို့ရပါတယ်။
တပ်ဖွဲ့ဝင်အင်အား နည်းပါးမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်တယ်လို့ပြောရင် ဒါဟာ မျှတပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးထက် ဂျာနယ်လစ်တွေ ဖမ်းဆီးရေးကိုသာ ပိုပြီး အာရုံစိုက်ထားမယ်ဆိုရင် မြန်မာနိုင်ငံက ဥပဒေစိုးမိုးရေးဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်နေရတော့မှာပါ။
Ref: Frontiermyanmar
(Frontiermyanmar တွင် ဖော်ပြထားသည့် The peculiar priorities of the Myanmar Police Force ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments