သြဂုတ် ၂၅၊ ၂၀၁၇
M-Media
– စီရင်ချက်ချမှတ်မည့်နေတွင် လာရောက်ခြင်းမရှိသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာကို ဖမ်းဝရမ်းထုတ်သွားမည်ဟု ထိုင်းတရားရုံးချုပ်က သတိပေးလိုက်သည်။
ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က လယ်သမားများ၏ ဆန်အရောင်းအ၀ယ်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ယင်းလပ်ကို ယနေ့တွင် စီရင်ချက်ချရန် စီစဉ်ထားပြီး သူမမှာ ထောင်ဒဏ်ကျခံရဖွယ်ရှိနေသည်။
သို့သော်လည်း ယင်းလပ်က နေမကောင်းသောကြောင့် တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိဟု သူမ၏ ရှေ့နေက တရားရုံးတွင် လျှောက်ထားခဲ့သည်။
တရားသူကြီး ချီပ် ချူလာမွန်က ယင်းလပ်နေမကောင်းဖြစ်သည်ဆိုသည်ကို တရားရုံးက မယုံကြည်ကြောင်း၊ ရှောင်ပုန်းရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုသာ ယူဆကြောင်း၊ ဖမ်းဝရမ်းထုတ်ရေး ခွင့်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သူမအား စီရင်ချက်ချမည့်နေ့ကို စက်တင်ဘာ ၂၇ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့သည်။ ယင်းလပ်မှာ ထိုအမှုအတွက် သူမတွင် အပြစ်မရှိဟု လျှောက်လှဲထားသည်။
ယင်းလပ်၏ ပြောရေးဆိုခွင့်ရှိသူက သူမ တရားရုံးသို့ မလာရောက်နိုင်မှုအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
ထိုင်းလူဝင်မှုကြီးကြပ်ရေး အကြီးအကဲ နန်သက်သွန် ရူဆွန်တွန်က ယင်းလပ်မှာ တိုင်းပြည်အတွင်း ရှိနေသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယင်းလပ်မှာ တိုင်းပြည်ဘဏ္ဍာ ဒေါ်လာဘီလီယံချီ ဆုံးရှုံးခဲ့သည့် ဆန်အမတော်ကြေးကိစ္စအတွက် ပေါ့လျော့မှုဖြင့် စွဲချက်တင်ခံထားရခြင်းဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်။
Ref: Aljazeera
Comments