သြဂုတ် ၂၉၊ ၂၀၁၇
M-Media
– ‘အလ်ဟူစိန်’ (Al-Hussein) ဗလီဝတ်ကျောင်းတော်လို့ ခေါ်ပြီး ‘နှစ် ၃၀၀’ ဗလီလို့ ကျော်ကြားတဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ပြည်နယ်ရဲ့ မြို့တော် နရာသီဝပ်က ဘာချိုခရိုင် တာလိုမာနိုရွာမှာ တည်ရှိပြီး ထိုင်းနိုင်ငံအတွင်းနဲ့ မလေးကျွန်းဆွယ်က ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော်တွေထဲမှာ ပါဝင်ပါတယ်။
ဗလီဝတ်ကျောင်းတော်ရဲ့ နောက်ထပ် အမည်တစ်မျိုးက ‘တာလို မာနို’ (Talo Mano) ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဗလီကို အခုထက်တိုင် ထိုင်းမွတ်စလင်တွေက အသုံးပြုနေကြပါတယ်။
သမိုင်းကြောင်း
အလ်ဟူစိန် ဗလီဝတ်ကျောင်းတော်ကို လက်ရှိ မလေးရှားနိုင်ငံမြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံက ပတ္တာနီ၊ နရာသီဝပ်နဲ့ ယာလာပြည်နယ်တို့ပါဝင်ပြီး မလေးဆူလ်တန်က အုပ်ချုပ်တဲ့ ပတ္တာနီဘုရင့်နိုင်ငံ ဘုန်းတန်ခိုးအရှိန်အ၀ါကြီးမားတဲ့ ကာလအတွင်း ၁၆၃၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
၁၆၂၄ ခုနှစ်မှာ ပတ္တာနီဘုရင့်နိုင်ငံကို ပြောင်းရွှေ့လာတဲ့ အစ္စလာမ့်ဓမ္မပညာရှင် ၀မ် ဟူစိန် အဇ်-ဆာနာဝီ (Wan Husein Az-Sanawi) က ဦးစီးကာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒေသတွင်းမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေက ကူညီပေးခဲ့ကြတယ်လို့ အဆိုရှိပါတယ်။
ဒီဗလီဝတ်ကျောင်းတော်မှာ ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူတစ်ခုနဲ့ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်း စာရွက်စာတမ်းတွေကို ထိန်းသိမ်းထားပါတယ်။
ဗိသုကာ
ဗလီဝတ်ကျောင်းတော်ကို ကံ့ကော်သားနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး အိမ်ရိုက်သံ မပေါ်သေးတဲ့ အဲဒီအချိန်မှာ သစ်သားသပ်တွေကို အသုံးပြုထားပါတယ်။
အပြင်ပိုင်းကြည့်ရင် ဘုန်းကြီးကျောင်းတစ်ခုနဲ့ ဆင်တူပြီး ဗိသုကာလက်ရာမှာတော့ တရုတ်၊ ထိုင်းနဲ့ မလေး လက်ရာတွေကို ပေါင်းစပ်ထားပါတယ်။
ဗလီဝတ်ကျောင်းတော်ဟာ အဆောင် ၂ ခုကို ဆက်ထားတာပါ။ ပထမအဆောင်ကို ‘မဟ်ရဘ်’ လို့ခေါ်တွင်ပြီး ၀တ်ပြုဆုတောင်းရာမှာ ဦးဆောင်မယ့် ရှေ့ဆောင်အီမာမ်နေရာ၊ တရားဒေသနာ ဟောကြားတဲ့ တရားဟောစင်မြင့်တစ်ခုတို့ ပါဝင်ပါတယ်။
‘ဘာလိုင်း’ လို့ခေါ်တဲ့ ဒုတိယအဆောင်ကတော့ ၀တ်ပြုခန်းမဖြစ်ပြီး ထိုင်း ဗိသုကာလက်ရာ လွှမ်းမိုးတဲ့ အဆောက်အဦးဖြစ်ပါတယ်။
မဟ်ရဘ်အဆောင်မှာ တရုတ်လက်ရာနဲ့ တည်ဆောက်ထားတဲ့ မင်နာရတ် နိဗ္ဗာန်ဆော် မျှော်စင်တစ်ခု ရှိပါတယ်။
ဗလီဝတ်ကျောင်းတော်ရဲ့ ကနဦးအမိုးဟာ သက်ကယ်ဖြစ်ပြီး နောက်ပိုင်းမှာ အုပ်ကြွပ်တွေနဲ့ အစားထိုးထားပါတယ်။
ဗလီတစ်ခုလုံးရဲ့ နံရံတွေမှာ ဂျာဗား၊ တရုတ်နဲ့ ထိုင်းစတိုင် သစ်သားထွင်း ကနုတ်လက်ရာတွေကို တွေ့မြင်နိုင်ပါတယ်။
အလ်-ဟူစိန်ဗလီဝတ်ကျောင်းတော်ဟာ ၀တ်ပြုရာနေရာတစ်ခုအပြင် ဒေသတွင်း လူ့အဖွဲ့အစည်းအတွက် လူမှုစင်တာတစ်ခုအဖြစ်လည်း အသုံးတော်ခံနေပါတယ်။
နိဗ္ဗာန်ဆော်ဗုံ
ဗလီဝတ်ကျောင်းတော်အတွင်းမှာ ‘ဂဒုက်’ (Geduk) လို့ခေါ်တဲ့ ဗုံအပျက်တစ်လုံးလည်း ရှိပါတယ်။ အသံချဲ့စက်တွေမပေါ်ခင်က ၀တ်ပြုချိန် နှိုးဆော်ဖို့အတွက် ဒီဗုံကြီးကို အသုံးပြုခဲ့ပါတယ်။
သစ်ပင်ပင်စည်ကို ထွင်းထားပြီး တစ်ဖက်ကို ကျွဲသားရေနဲ့ အုပ်ချည်ကာ နောက်တစ်ဖက်ကို ဟောင်းလောင်းပေါက်ထားတဲ့ ဒီဗုံးကို မုအ်ဇင် (နိဗ္ဗာန်ဆော်) က ၀တ်ပြုဖို့ နှိုးဆော်သံ မဟစ်ကြွေးမီ စည်းချက်အနှေးကနေ စည်းချက်အမြန်အထိရောက်အောင် တီးခတ်လေ့ရှိပါတယ်။
တိတ်ဆိတ်နေတဲ့ မနက်ပိုင်းမှာဆိုရင် ဒီဗုံသံဟာ ဗလီတစ်ဝိုက်က ရွာရဲ့ မိုင်ဝက်လောက်အထိ ကြားနိုင်ပါတယ်။ အခုအချိန်မှာတော့ သားရေဟာ ဆုတ်ပြဲသွားခဲ့ပြီး ဗုံကိုလည်း အမှတ်တရအနေနဲ့ ထိန်းသိမ်းထားပါတယ်။
သမိုင်းအမွေအနှစ်
နိုင်ငံရဲ့ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ နှစ် ၃၀၀ ဗလီကြီးကို ပြန်လည် ပြုပြင်မွမ်းမံဖို့၊ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်နိုင်ဖို့နဲ့ ယဉ်ကျေးမှုစင်တာတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပြီး ထိုင်းအစိုးရက ၂၀၁၄ ခုနှစ်မှာ ဘတ် သန်း ၂၀၀ ထောက်ပံ့ခဲ့ပြီး ပြုပြင်ရေးလုပ်ငန်းတွေကို ထိုင်း နယ်စပ် စီမံခန့်ခွဲရေးစင်တာက ဦးစီး ဆောင်ရွက်ခဲ့ပါတယ်။
Ref : travelogdidi, wiki
Comments