News @ M-Media

တာလီဘန်ကြောင့် မြန်မာမွတ်စလင်များ ပိုမိုနှိပ်ကွပ်ခံရသည်ဟု အာဖဂန် ထိပ်တန်းနိုင်ငံရေးပါတီ ပြော

စက်တင်ဘာ ၅၊ ၂၀၁၇
M-Media

မိတ္ထီလာအကြမ်းဖက်မှုမှ မြင်ကွင်း

– ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုဟာ တာလီဘန်အဖွဲ့က မီးထိုးပေးခဲ့တာကြောင့် ဖြစ်တယ်လို့ အာဖဂန်ရဲ့ Hezb-e-Islami ပါတီက ပြောကြားလိုက်ပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ပါတီက ဒီနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုဟာ သမိုင်းနဲ့ချီပြီး ရှိခဲ့ပေမယ့် တာလီဘန်က ဘာမီယန် ရုပ်ပွားတော်ကြီးကို ဖောက်ခွဲဖျက်ဆီးမှုဟာ မွတ်စလင်တွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မီးထိုးပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်ပွားတော် ဖောက်ခွဲဖျက်ဆီးမှုကို အသုံးချပြီး မြန်မာမွတ်စလင်တွေအပေါ် လက်စားချေတဲ့ လုပ်ရပ်မျိုးတွေကို ဗုဒ္ဓဘာသာဝင်တွေက ပြုလုပ်လာကြတာဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီဂယက်ကြောင့် ရာနဲ့ချီတဲ့ မွတ်စလင်တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ၊ ထောင်နဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ သိန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ တစ်ခြားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရတာတွေ ရှိတယ်လို့လည်း Hezb-e-Islami က ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မွတ်စလင်ခေါင်းဆောင်တွေက နှုတ်ဆိတ်နေတာကိုလည်း ပါတီက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မွတ်စလင်တွေ သေဆုံးနေမှုအတွက် ပြတ်ပြတ်သားသား မရပ်တည်တဲ့အပေါ် ရှုတ်ချခဲ့ပါတယ်။

အာဖဂန်ဝန်ကြီးချုပ်အဖြစ် ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Gulbuddin Hekmatyar ဦးဆောင်တဲ့ Hezb-e-Islami ပါတီဟာ တာလီဘန်အဖွဲ့ကို ပြီးခဲ့တဲ့နှစ်တွေမှာ ခပ်တင်းတင်း ဆန့်ကျင်ကာ၊ နိုင်ငံအတွင်း သူပုန်ထမှုအတွက်လည်း ထပ်ခါတလဲလဲ ရှုတ်ချခဲ့ပါတယ်။

တာလီဘန်ဟာ တိုင်းပြည်အတွင်းမှာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်နေစေဖို့အတွက် နိုင်ငံခြားက အထောက်အပံ့နဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ပါတီက ဆိုပါတယ်။

Ref: Khaama.com