News @ M-Media

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဆွီဒင်နှင့် ဗြိတိန် တောင်းဆို

စက်တင်ဘာ ၁၂၊ ၂၀၁၇
M-Media

– မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဆိုးရွားလာတဲ့ အခြေအနေတွေအတွက် ကုလ လုံခြုံရေးကောင်စီ အစည်အးဝေး ထပ်လုပ်ဖို့ ဆွီဒင်နဲ့ ဗြိတိန်တို့က မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ဖြစ်ပေါ်လာတဲ့ ရခိုင်ပြည်နယ်အတွင်းက မတည်မငြိမ်မှုတွေအပေါ် ကမ္ဘာရဲ့ တုန့်ပြန်မှုက အခုရက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာပါတယ်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ်-ဟူစိန်က ဂျီနီဗာမှာ မနေ့ကပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ကိစ္စဟာ ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရမှု ဥပမာ’ မျိုး ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်၊ ကိုယ့်ရွာတွေကို ကိုယ်တိုင် ဖျက်ဆီးတယ်လို့ မြန်မာအစိုးရရဲ့ လီဆယ်ပြောဆိုမှုတွေ ရပ်တန့်သင့်တယ်လို့လည်း ဟူစိန်က တိုက်တွန်းခဲ့ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးကလည်း ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်ခံနေရတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး ရခိုင်ပြဿနာ ဖြစ်ပွားလာတဲ့တစ်လျှောက် ဘင်္ဂလားဒေ့ရှ်ရဲ့ အပြင်းထန်ဆုံး မှတ်ချက်လည်း ဖြစ်ပါတယ်။

မတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားတွေကို အစိုးရအစီအစဉ်နဲ့ ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။

ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ရောက်ရှိလာတဲ့ ရိုဟင်ဂျာပေါင်း ၂၇၀၀၀၀ လောက်ရှိတယ်လို့ ကုလ သတင်းထုတ်ပြန်ထားပါတယ်။

ဆွီဒင်နဲ့ ယူကေတို့ရဲ့ တောင်းဆိုမှုနဲ့ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အစည်းအဝေးကို မနက်ဖြန်မှာ ကျင်းပဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့လနှောင်းပိုင်းက ဒီလိုအစည်းအဝေးမျိုးတစ်ခု ကျင်းပခဲ့ပေမယ့် တရားဝင် ထုတ်ပြန်ချက်တွေတော့ မပြုလုပ်ခဲ့ပါဘူး။

Ref: news.com.au, Aljazeera