“ကျောင်းတံခါးကြီးတစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းသည် အကျဉ်းထောင်တံခါးတစ်ချပ်ကို ပိတ်လိုက်နိုင်ခြင်းဖြစ်ပါသည်။”ဟု စာရေးသူငယ်စဉ်က စာစီစာကုံးများတွင် ဖတ်ခဲ့ဖူးပါသည်။ ဆရာဟူသည် ဘုရား။တရား၊သံဃာ၊မိဘ၊ဆရာသမားဟူသော အနန္တဂိုဏ်းဝင် ရတနာငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ဘုရားသားတော် သံဃာတော်များသည် ဝိနည်းတော်များ နှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်နေရသလို အနာဂတ်လမ်းပြကြယ် ကျောင်းသား၊ကျောင်းသူ လေးများရဲ့ ပဲ့ကိုင်ရှင် ဆရာသမားများတွင်လည်း ဆရာကျင့်ဝတ်များ ရှိကြပါသည်။
“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။”ဟူသည် ဆရာသမားများ၏ ကျင့်ဝတ်များပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရတနာငါးပါးဂိုဏ်းဝင် ကန်တော့ခံ လူတန်းစားစာရင်းဝင် ဆရာသမားများအား “အာစရိယ၊ ဂုဏေ၊ အနန္တော”ဟူ၍ ဂုဏ်ပေးတင်စားကြခြင်းဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာအရင်းအမြစ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံအနှံ့စာသင်ကျောင်း အသီးသီးရှိ ကျောင်းသား၊ကျောင်းသူလေးများသည် ပညာအရင်းအမြစ်ပိုင်ရှင်လေးများ ဖြစ်ကြသည်။ ပဲ့ကိုင်ရှင် ဆရာသမားတို့အနေနဲ့ မိမိတို့ထံ ပညာလာရောက် ဆည်းပူးနေသော လူ့စွမ်းအား အရင်းအမြစ် ပိုင်ရှင်လေးများအား ပညာသင်ကြား ဆုံးမရာတွင် စည်းကမ်းနည်းလမ်းများသည် စံနမူနာဖြစ်ဖို့ အရေးကြီးလာပါသည်။ “အမျိုးသား စည်း ကမ်းအစ၊ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်သည် ပညာရေးလောကသားတို့ လိုက်နာစံထား ရမည့်အချက်ကို မီးမောင်းထိုးပြနေပေသည်။
ကမ္ဘာပေါ်ရှိ တရုတ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကျူးဘားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံစသည့် ကွန်မြူနစ်ဝါဒ ကျင့်သုံးနေကြသည့် တိုင်းပြည်များတွင် ကျောင်းဆရာ၊ ဆရာမများသည် တပည့်များအား အပြစ်ပေးဆုံးမရာတွင် အလွန် ခက်ထန်ကြမ်းတမ်းလှသည်ကို သတိပြုမိပါသည်။ မကြာသေးမီက အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဆရာမ၏ရိုက်နှက်ဆုံးမမှု့ကြောင့် ကျောင်းသားလေး သေဆုံးခဲ့ရပါသည်။ “အနောက်နိုင်ငံများတွင် ဆရာ၊ ဆရာမများ မဆိုထားဘိ ခလေးမိဘများသည်ပင် မိမိတို့သားသမီးရင်းချာများကို ရိုက်နှက်ဆုံးမခြင်းမပြုရန်” ဥပဒေဖြင့် အခိုင်အမာ သတိပေးတားမြစ်ထားပေသည်။
သို့သော် စာရေးသူတို့နိုင်ငံတွင် အခြေခံပညာဦးစီးဋ္ဌာန လက်အောက်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းဆရာ၊ ဆရာမများသည် ဆယ်စုနှစ်ပေါင်းများစွာ မလျော်ကန် သည့် နည်းလမ်းများနှင့်ဆုံးမ အပြစ်ပေးနေပါသည်။ ဥပမာတင်ပြရလျှင်
(၁) တင်ပါးကို အရှိုးရာထင်အောင်၊ သွေးချည်ဥအောင် ရိုက်နှက်ဆုံးမနေခြင်း။
(၂) စာသင်ခုံပေါ် မှောက်ခိုင်းကာ တင်ပါးကို ကြိမ်လုံး(သို့မဟုတ်) ဝါးခြမ်းပြားနှစ်ပြား ပူးပြီး ရိုက်နှက် ဆုံးမနေခြင်း။
(၃) စာမရသည့် ကျောင်းသား၊ကျောင်းသူများကို စာသင်ခန်းများအတွင်း၊ ကျောင်းဝင်းအတွင်း၊ ပတ်ပြေးခိုင်းကာ ဆုံးမခြင်း။
(၄) Assembly ကွင်းပြင်ထဲတွင် ထွက်ခိုင်းကာ အရှိုးရာထပ်နေအောင် ရိုက်နှက်အပြစ်ပေးခြင်း။
(၅) စာသင်ချိန်ကုန်တဲ့အထိ အတန်းထဲမှာ လက်မြှောက်ခိုင်းခြင်း။
(၆)စာရသည့်ကျောင်းသားက စာမရသည့်ကျောင်းသူကိုလည်းကောင်း၊ စာရသည့်ကျောင်းသူက စာမရသည့် ကျောင်းသားကို နားရွက်ဆွဲစေခြင်း။ စသည့် နည်းလမ်းမျိုးစုံဖြင့် ယနေ့ခေတ် အခါသမယနှင့် သဟဇာတဖြစ်စွာ၊ လိမ္မာပါးနပ်စွာ၊ ပြောဆို ဆုံးမခြင်းမရှိသူက အတော်များပြားနေပေသည်။
ထို့ကြောင့်လည်း ပြီးခဲ့တဲ့ သြဂုတ်လက ပညာရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက “အခြေခံပညာကျောင်းများတွင် စာသင်ကြားနေသော ဆရာ၊ဆရာမများအနေဖြင့် မိမိတို့ တပည့်များအား ရိုက်နှက်ပြီး အပြစ်ပေးဆုံးမခြင်း မပြုရန်။”သတိပေးလမ်းညွှန်ခဲ့ပါသည်။ သို့ သော်လည်း လူတိုင်း၏အဓိက ရန်သူကြီးဖြစ်သည့် အတ္တနှင့်ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိသည့် အတွက် မကြာသေးမီက ဟိုးလေးတကျော်ဖြစ်သွားခဲ့ရသည့် ပညာရေးလောကမှ ဖြစ်စဉ်လေးတစ်ခုကို စာရေးသူတင်ပြချင်ပါသည်။
စက်တင်ဘာလ ၂၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီးရေတာရှည်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် အသက်၇နှစ်ခန့်ရှိ စာမရသည့် ဒုတိယတန်းကျောင်းသူ(၂) ဦးနှင့် ကျောင်းသား (၃) ဦးအား ကျောင်းသား၊ကျောင်းသူများ၏ အတန်းရှေ့ဆုံးသို့ထွက်ခိုင်းကာ ဆရာမ ဖြစ်သူ ဒေါ်သန္တာဆွေက ခလေးငယ်များ၏ စကတ်နှင့်ဘောင်းဘီများ ချွတ်ခိုင်းကာ အချိန်အတန် ကြာ မတ်တပ်ရပ်ခိုင်းကာ အပြစ်ပေးခဲ့ပါသည်။ ထို့ကြောင့်ပညာရေး တာဝန်ရှိသူများက ထိုဆရာမ အား စာသင်ကြားမှု့ ရပ်ဆိုင်းစေပြီး ခရိုင်ပညာရေးမှူး ဦးဆောင်သည့် စုံခုံအဖွဲ့က စစ်ဆေးလျက် ရှိကြောင်း ရေတာရှည်မြို့နယ်၊ ဒုတိယပညာရေးမှူး ဦးသက်တင်က ပြောကြားခဲ့ပေသည်။ “ခလေး တွေကလည်း ကျောင်းတက်ရမှာကို စိုးရိမ်ထိတ်လန့်နေပါတယ်။ ဒဏ်ပေးခံရတဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ မိဘတွေနှင့် ဆရာမ ထိပ်တိုက် မတွေ့မိအောင် ရှောင်ရှားလိုတာကြောင့် ထိုဆရာမအား မြို့နယ် ပညာရေးမှူးရုံးမှာ ရုံးဝန်ထမ်းအနေနဲ့ တာဝန်ပေးထားကြောင်း” သိရပါတယ်။
“အဆိုပါ လုပ်ရပ်ကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူနိုင်ကြောင်း” အခြေခံပညာဦးစီးဋ္ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးက ပြောကြားခဲ့ပါသည်။
အချို့သော ဆရာ၊ ဆရာမများသည် စိတ်မကြည်လျှင် မကြည်သလို ကျောင်းစာသင်ခန်း အတွင်း မရောက်ခင် လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီးတွင် ရင်ဆိုင်ဖြတ်သန်းရင်း ကြုံတွေ့ခဲ့ရသော အခက်အခဲ၊အကြပ်အတည်း၊ပြဿနာမျိုးစုံ၊ မကျေနပ်မှုမျိုးစုံတို့ကို စာသငင်ခန်း ပြင်ပတွင် ထားရစ်ရမည့်အစား စာသင်ခန်းအတွင်း ယူဆောင်လာသောအခါ “စေတနာ၊ဝါသနာ၊ အနစ်နာ” “နာသုံးနာ ဂုဏ်” ပျောက်ကွယ်ကာ ယခုလို ဖြစ်ရပ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေရ တော့သည်။
အချို့ဆရာ၊ ဆရာမများသည် “ရိက္ခာနှင့်သိက္ခာ” လဲလှယ်ကြသည့်ဖြစ်စဉ်များလည်း ရှိပါသည်။ မိမိတို့ထံ လစဉ် အခပေးကျူရှင် တက်နေသူများကို မျက်နှာသာပေး၍ ဆက်ဆံခြင်း၊ အသားအရောင်၊လူမျိုးဘာသာ၊ ရာထူးဂုဏ်ဝါ၊ အရှိန်သြဇာအာဏာရှိမှု နောက်ခံကိုကြည့်၍ ကျောင်းသား၊ကျောင်းသူများအားဆက်ဆံနေခြင်း။ တန်ဆိုးလက်ဆောင် အမြဲတမ်းပေးနေသူများ အား ဦးစားပေးကာ ဆက်ဆံနေခြင်း။ စသည်တို့သည် ဆရာ့ကျင့်ဝတ်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆရာ့ကျင့်ဝတ်များနှင့် လားလားမျှ မအပ်စပ်သော အရာများဖြစ်၍ ရှောင်ရှားသင့်ကြပေသည်။
မည်သို့ပင်ဆိုစေ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မူလတန်းလွန်ကျောင်း ဆရာမ လုပ်ရပ်ကြောင့် အရှက်ခွဲ အပြစ်ပေးခံရသည့် ကလေးများမှာ စိတ်ဒဏ်ရာရသွားနိုင်ပါသည်။ အပြစ် ပေးဆုံးမတတ်သည့် ဆရာမအား နာကျည်းစိတ်ဝင်သွားကာ ပညာရေးကို ကျောခိုင်းခဲ့ပါက ကာယ ကံရှင်ကလေးများနှင့် နိုင်ငံအတွက် များစွာ ထိခိုက်နစ်နာပါသည်။
ထို့ကြောင့် စာသင်သက် ၃၀ ဖြတ်သန်းခဲ့သည့် စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ စာသင်သား တပည့်များအား ဥပမာများသုံး၍ နှိုင်းယှဉ်သင်ကြားပေးခြင်း၊ အတုယူစရာများပြော၍ သင်ကြားပေးခြင်း၊ အခွင့်အလမ်းများပြောပြခြင်း ခလေးများစိတ်ကို တိုက်တွန်းဆွဲခေါ်လှုံ့ဆော်ပေး ခြင်းတို့ဖြင့် ပညာသားပါပါ သင်ကြားဖို့ အချိန်တန်ပေပြီ။ ထို့အပြင် စာသင်သားခလေးများအား အတန်းလိုက် အလှည့်ကျစီ အပြိုင်အဆိုင် စာဆိုစေခြင်း။ အုပ်စုလိုက်ယှဉ်ပြိုင်စေခြင်း။ အားကျစိတ်များဖြစ်အောင် လှုံ့ဆော်သင်ကြားခြင်းတို့ဖြင့် တိုင်းပြည်၏ အနာဂတ်လမ်းပြကြယ် လေးများဘဝကို ပိုမိုထွန်းတောက်အောင် အရောင်တင်ပေးဖို့ လိုနေပြီဖြစ်ပါသည်။
မည်သို့သော အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်စေ ဆုံးမပဲ့ပြင်ရာတွင် တပည့်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်နာကျင်ခံစားသွားအောင် မလုပ်မိစေရေးသည် အလွန်ကြီးလေးသော တာဝန်ကြီးတစ်ရပ်ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်။
ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)
Comments