6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၊ ၂၀၁၇
M-Media

ပါလက်စတိုင်းများ နိုင်ငံပျောက်ဆုံးမှု အဆင့်ဆင့်

– ၁၉၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘဲလ်ဖိုးကြေငြာချက် နှစ် ၁၀၀ ပြည့်ကို ကမ္ဘာတစ်ဝှမ်းက ပါလက်စတိုင်းလူမျိုးတွေဟာ ၀မ်းနည်းကြေကွဲစွာ အောက်မေ့သတိရကြမှာ ဖြစ်ပါတယ်။

ပါလက်စတိုင်းမှာ ‘ဂျူးလူမျိုးတွေအတွက် အမျိုးသားနိုင်ငံတစ်ခု’ ထူထောင်ပေးမယ်လို့ ဗြိတိန်က ကတိပေးခဲ့တဲ့ အဲဒီကြေငြာချက်ဟာ ပါလက်စတိုင်းပိုင်နက်အတွင်း ဂျူးနိုင်ငံထူထောင်ရေး ဇိုင်ယွန်ဝါဒီတွေရဲ့ ရည်ရွယ်ချက်ကို လက်တွေ့ဖြစ်ပေါ်လာစေတဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။

ဒီကတိက၀တ်ဟာ နက္ကဘာ (Nakba) လို့ခေါ်တဲ့ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းတွေ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရမှုအတွက်၊ အစ္စရေးနိုင်ငံ တည်ထောင်မှုနဲ့အတူ ပဋိပက္ခတစ်ခုအတွက် အဓိက မီးထိုးပေးခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဘဲလ်ဖိုးကြေငြာချက်ဆိုတာ ဘာလဲ

ဘဲလ်ဖိုးကြေငြာချက်ဆိုတာ ပါလက်စတိုင်းနိုင်ငံအတွင်း ‘ဂျူးတွေအတွက် အမျိုးသားနိုင်ငံတစ်ခု’ တည်ထောင်ရေး ရည်ရွယ်ကာ ၁၉၁၇ ခုနှစ်မှာ ဗြိတိန်က လူသိရှင်ကြား ကတိပြုခဲ့မှု ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အာသာ ဘဲလ်ဖိုးက ဗြိတိန်ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင် လီယွန်နဲလ် ဝေါလ်တာ ရော့သ်ချိုင်းလ်ကို ပေးစာမှာ ဒီကတိက၀တ် ပါဝင်ခဲ့တာပါ။

ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အတွင်းမှာ ပေးခဲ့တဲ့ ဒီကတိက၀တ်မှာ အော်တိုမန်အင်ပါယာ ပြိုကွဲသွားပြီးနောက် ‘ပါလက်စတိုင်းကို ဗြိတိန်က အုပ်စိုးပိုင်ခွင့်’ (British Mandate for Palestine) ဆိုတဲ့ အသုံးအနှုန်းလည်း ပါဝင်ပါတယ်။

အဲဒီ အုပ်စိုးပိုင်ခွင့်ဆိုတာ မဟာမိတ်နိုင်ငံတွေက ကိုလိုနီဝါဒ၊ ကျူးကျော်သိမ်းပိုက်ရေးဝါဒအတွက် လူကြားကောင်းအောင် အသုံးပြုတဲ့ စကားလုံးဖြစ်ပါတယ်။

အဲဒီစနစ်အရ စစ်ပွဲမှာ ရှုံးခဲ့တဲ့ ဂျာမနီ၊ သြစတြီးယား-ဟန်ဂေရီ၊ အော်တိုမန်အင်ပါယာနဲ့ ဘူလ်ဂေးရီးယားတို့က သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်အောင်နိုင်သူတွေကို လွှဲပေးခဲ့ရပါတယ်။

ဒီ အုပ်စိုးပိုင်ခွင့်စနစ်ဟာ နောင်ပေါ်ထွက်လာမယ့် နိုင်ငံတွေ လွပ်လပ်ရေးမရခင်အထိ ဒီဒေသတွေကို စစ်နိုင်သူတွေကို စိုးမိုးအုပ်ချုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဒါပေမယ့် ပါလက်စတိုင်းဒေသအတွက်တော့ ဒီစနစ်ဟာ ထူးခြားပါတယ်။ စစ်အပြီး အခြားသော အုပ်စိုးပိုင်ခွင့်တွေနဲ့ မတူတာက ပါလက်စတိုင်းကို ဗြိတိသျှရဲ့အုပ်စိုးမှုဟာ အဲဒီအချိန်တုန်းက ပါလက်စတိုင်းလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာရှိတဲ့ ဂျူးတွေကို ‘ဂျူးအမျိုးသားနိုင်ငံ’ ထူထောင်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

ပါလက်စတိုင်းဒေသကို ဗြိတိသျှက တာဝန်ယူတဲ့အချိန်ကစပြီး ဥရောပက ဂျူးတွေကို ဗြိတိသျှက အစုလိုက်အပြုံလိုက် ခေါ်သွင်းလာခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်နဲ့ ၁၉၃၅ ခုနှစ်အတွင်းမှာ ပါလက်စတိုင်းဒေသက ဂျူးအရေအတွက်ဟာ ၉ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

‘ပါလက်စတိုင်းရှိ ဂျူးမဟုတ်သော လူ့အဖွဲ့အစည်းများ၏ နိုင်ငံသား အခွင့်အရေးနှင့် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ထိခိုက်စေနိုင်သည့် မည်သည့်ကိစ္စကိုမှ မပြုလုပ်ရ’ ဆိုတဲ့ သတိပေးချက်မျိုး ဘဲလ်ဖိုးကြေငြာချက်မှာ ပါဝင်ပမယ့် ပါလက်စတိုင်းအာရပ်တွေ ကန့်ကွက်နေတဲ့ကြားထဲက ဂျူးတွေ ကိုယ်ပိုင်အုပ်ချုပ်နိုင်မယ့် အစီအစဉ်
တွေအားလုံးကို ဗြိတိသျှက ဖန်တီးပေးခဲ့ပါတယ်။

ဘာ့ကြောင့် ဒီကြေငြာချက်က အငြင်းပွားဖွယ်ဖြစ်ရတာလဲ

ဒီကြေငြာချက်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်အကြောင်းအရင်း တော်တော်များများ ရှိပါတယ်။

ပထမဆုံးအချက်က – ပါလက်စတိုင်း-အမေရိကန် ပညာရှင် အက်ဒ၀ပ် စအီးဒ်ရဲ့ စကားနဲ့ပြောရရင် ဒီကြေငြာချက်ဟာ ‘ဥရောပမှာမဟုတ်တဲ့ ပိုင်နက်တစ်ခုကို အဲဒီဒေသက ရှိရင်းစွဲ ဌာနေလူမျိုးစုရဲ့ တည်ရှိမှု၊ သဘောဆန္ဒတွေကို လုံးဝ လစ်လျူရှုတဲ့ ဥရောပအင်အားကြီးနိုင်ငံတစ်ခုရဲ့ ဆောင်ရွက်ချက်’ ဆိုတာပါပဲ။

အနှစ်ချုပ်ရရင် ဘဲလ်ဖိုးကြေငြာချက်ဟာ ဂျူးမဟုတ်တဲ့ ဌာနေ ၉၀ ရာခိုင်နှုန်းကျော်လောက်ရှိတဲ့ဒေသမှာ ဂျူးနိုင်ငံတစ်ခု တည်ထောင်ဖို့ ကတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒုတိယအချက်က – ဒီကြေငြာချက်ဟာ စစ်အတွင်းမှာ ဗြိတိသျှရဲ့ ရှေ့နောက်မညီတဲ့ ကတိက၀တ်တွေထဲက တစ်ခုဖြစ်နေပါတယ်။

ဒီကြေငြာချက် ထွက်လာတဲ့အချိန်ဟာ အော်မန်အင်ပါယာကနေ အာရပ်နယ်မြေတွေ လွပ်လပ်စေရမယ်လို့ ၁၉၁၅ ခုနှစ် Hussein-McMahon အပြန်အလှန်ပေးစာနဲ့ ဗြိတိသျှက အာရပ်တွေကို ကတိပေးထားပြီးတဲ့ အချိန်ပါ။

ပါလက်စတိုင်းက ဌာနေလူများစုတွေကို နိုင်ငံတကာရဲ့ စီမံခန့်ခွဲမှုအောက်မှာထားပြီး ကျန်တဲ့ ဒေသတွင်းအစိတ်အပိုင်းတွေကို စစ်ပြီးရင် ကိုလိုနီအင်အားကြီးနိုင်ငံတွေ ခွဲဝေယူစေမယ်လို့ ၁၉၁၆ ခုနှစ်မှာ Sykes-Picot သဘောတူညီချက်နဲ့ ဗြိတိသျှဟာ ပြင်သစ်ကိုလည်း ကတိပေးထားပါတယ်။

ဒါပေမယ့် ဒီကြေငြာချက်က ပါလက်စတိုင်းကို ဗြိတိသျှက သိမ်းပိုက်မယ့်အနေအထားကို ရောက်စေခဲ့ပြီး အဲဒီမှာနေထိုင်တဲ့ အာရပ်တွေကလည်း လွတ်လပ်ရေး မရတော့ပါဘူး။

နောက်ဆုံးတစ်ခုက – ဒီကြေငြာချက်ဟာ နိုင်ငံတကာဥပဒေမှာ မရှိတဲ့ ‘အမျိုးသားနိုင်ငံ’ (National Home) ဆိုတဲ့ အယူအဆ၊ အသုံးအနှုန်းကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

ဂျူးလူမျိုးတွေအတွက် ‘အမျိုးသားနိုင်ငံ’ ဆိုတဲ့ ဒီစကားလုံးဟာ ‘နိုင်ငံ’ (State) ဆိုတဲ့ စကားလုံးနဲ့ ဆန့်ကျင်တဲ့ မပြတ်မသား စကားလုံးဖြစ်ပြီး အဓိပ္ပါယ်ကို လိုသလိုဖွင့်လိုရတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။

စောစောပိုင်းက ကြေငြာချက်မူကြမ်းတွေမှာ ‘ပါလက်စတိုင်းကို ဂျူးနိုင်ငံအဖြစ် ပြန်လည်ဖန်တီးခြင်း’ လို့ သုံးနှုန်းခဲ့ပြီး နောက်ပိုင်းမှာ ဒီစကားလုံးကို ပြောင်းလဲခဲ့ပါတယ်။

၁၉၂၂ ခုနှစ်မှာ အာသာ ဘဲလ်ဖိုးနဲ့ အဲဒီတုန်းက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် လွိုက် ဂျော့တို့ ဇိုင်ယွန်ခေါင်းဆောင်ချာအင် ၀ိုက်ဇမန်းနဲ့တွေ့ဆုံစဉ်မှာ ဂျော့က ဘဲလ်ဖိုးကြေငြာချက်ဟာ ‘နောက်ဆုံးမှာ ဂျူးနိုင်ငံဖြစ်လာဖို့ ရည်ရွယ်တာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

ဘာ့ကြောင့် ဒီကြေငြာချက်ထွက်လာလဲ

ဘဲလ်ဖိုးကြေငြာချက် ဘာ့ကြောင့်ထွက်လာလဲဆိုတဲ့ ကိစ္စဟာ ဆယ်စုနှစ်များစွာ ငြင်းခုံခဲ့ရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး သမိုင်းပညာရှင်တွေကလည်း ရင်းမြစ်အမျိုးမျိုးကို အသုံးပြုကာ အမျိုးမျိုး ရှင်းပြကြပါတယ်။

အဲဒီအချိန်တုန်းက ဗြိတိန်အစိုးရမှာ တော်တော်များများက ဇိုင်ယွန်ဝါဒီတွေဖြစ်တယ်လို့ တစ်ချို့တွေက ဆိုကြပြီး၊ တစ်ချို့ကတော့ ဂျူးဆန့်ကျင်ရေးကိစ္စတွေကြောင့် ဥရောပဂျူးတွေကို ပါလက်စတိုင်းကို ပို့ပစ်လိုက်မှ ‘ဂျူးပြဿနာ’ တစ်တောရှင်းမယ်ဆိုတဲ့ သဘောထားကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရပ်ဆိုင်ရာနယ်ပယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အများသဘောတူထားတဲ့ အချက်တွေ ရှိနေပါတယ်။

– ပါလက်စတိုင်းကို ထိန်းချုပ်ထားနိုင်ခြင်းဟာ အီဂျစ်နဲ့ ဆူးအက်တူးမြောင်းကို ဗြိတိန်ရဲ့ သြဇာအတွင်း ရောက်ရှိစေပြီး ဗြိတိသျှအင်ပါယာရဲ့ အကျိုးစီးပွားအတွက် မဟာဗျူဟာကျတယ်ဆိုတဲ့ အချက်

– အမေရိကန်နဲ့ ရုရှားတို့ ကမ္ဘာစစ် နိုင်ပြီးတဲ့အချိန်အထိ စစ်ပွဲထဲမှာ ပါဝင်ရေး တွန်းအားပေးဖို့အတွက် အဲဒီနိုင်ငံတွေက ဂျူးတွေအကြား ထောက်ခံမှုရအောင် ဗြိတိန်က ဇိုင်ယွန်ဝါဒဘက် ရပ်တည်ရမယ်ဆိုတဲ့အချက်

– ဇိုင်ယွန်ဝါဒအတွက် အပြင်းအထန်လော်ဘီလုပ်လာကြပြီး ဗြိတိန်က ဇိုင်ယွန်လူ့အဖွဲ့အစည်းနဲ့ ဗြိတိသျှအစိုးရတို့အကြား ခိုင်မာတဲ့ဆက်ဆံရေး ရှိနေတယ်ဆိုတဲ့အချက်၊ ဗြိတိသျှအစိုးရထဲမှာ တစ်ချို့တွေဟာ ဇိုင်ယွန်ဝါဒီတွေဖြစ်တယ်ဆိုတဲ့ အချက်

– ဥရောပမှာ ထိခိုက်ခံစားနေရတဲ့ ဂျူးတွေကို ဗြိတိန်အစိုးရက စာနာတယ်ဆိုတဲ့အချက် – စတာတွေ ဖြစ်ပါတယ်။

ပါလက်စတိုင်းများနှင့် အာရပ်များ၏ တုန့်ပြန်မှု

၁၉၁၉ ခုနှစ်မှာ အဲဒီတုန်းကသမ္မတ ၀ုဒ်ရိုး ၀ီလ်ဆင်ဟာ ဆီးရီးယားနဲ့ ပါလက်စတိုင်းမှာ စစ်နိုင်သူတွေကို အုပ်ချုပ်စေတဲ့ စနစ်အတွက် လူထုဆန္ဒကောက်ယူဖို့ ကော်မရှင်တစ်ခုကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။

အဲဒီ King-Crane ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုအတွင်းမှာ ပါလက်စတိုင်းအများစုဟာ ဇိုင်ယွန်ဝါဒကို ဆန့်ကျင်တယ်ဆိုတာ တွေ့ခဲ့ပြီး စုံစမ်းစစ်ဆေးသူတွေက တာဝန်ပေးအုပ်ချုပ်စေမှု (Mandate) ရဲ့ ရည်ရွယ်ချက်ကို ပြင်ဆင်ဖို့အတွက် အကြံပြုခဲ့ပါတယ်။

ထင်ရှားတဲ့ ပါလက်စတိုင်းနိုင်ငံရေးသမားဖြစ်သူ အောင်နီ အဘ် ဒဲလ်-ဟာဒီက ဘဲလ်ဖိုးကြငြာချက်ကို ရှုတ်ချကြောင်း သူ့ရဲ့ မှတ်စုထဲမှာ ရေးသားခဲ့ပြီး ပါလက်စတိုင်းနဲ့ ဘာမှမဆိုင်တဲ့ နိုင်ငံခြားသား အင်္ဂလိပ်တွေက ပါလက်စတိုင်းမှာ ဘာအခွင့်အရေးမှမရှိတဲ့ နိုင်ငံခြားသားဂျူးတွေကို ပေးတဲ့ ကတိက၀တ်လို့ ဆိုပါတယ်။

၁၉၂၀ ဟိုင်ဖာမှာပြလုပ်တဲ့ တတိယအကြိမ်မြောက် ပါလက်စတိုင်း ကွန်ဂရက်မှာ ဇိုင်ယွန်ဝါဒီတွေရဲ့ စီမံကိန်းကို ပံ့ပိုးပေးတဲ့ ဗြိတိသျှအစိုးရကို ရှုတ်ချခဲ့ပြီး ဘဲလ်ဖိုးကြေငြာချက်ဟာ နိုင်ငံတကာဥပဒေနဲ့ မညီကြောင်း၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ကြောင်း ပြောကြားကာ ကြေငြာချက်ကို ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် ကြေငြာချက်အပေါ် ပါလက်စတိုင်းတွေရဲ့ အမြင်နဲ့ပတ်သက်ပြီး နောက်ထပ် အရေးပါတဲ့ ရင်းမြစ်တစ်ခုက ၁၉၁၄ ခုနှစ် စစ်ပွဲစတင်တဲ့အချိန် အော်တိုမန်တွေက ပိတ်ပစ်ခဲ့ပြီး ၁၉၁၉ ခု ဗြိတိန်သျှစစ်တပ်ရဲ့ ဆင်ဆာအောက်မှာ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တဲ့ အလ်-အစ္စတစ်က်လာ အလ်-အာရဘီ (အာရပ်လွတ်မြောက်ရေး)
သတင်းစာ ဖြစ်ပါတယ်။

၁၉၁၉ ခုနှစ်မှာ အဲဒီသတင်းစာရုံးကို ဒမတ်စကတ်မှာ ပြန်ဖွင့်ခဲ့ပြီး ဘဲလ်ဖိုးကြေငြာချက် ဒုတိယနှစ်ပတ်လည်အဖြစ် လန်ဒန်မှာ ဂျူးလူမျိုး အစိုးရ၀န်ကြီး ဟားဘတ် ဆမ်မြူယဲလ်ရဲ့ မိန့်ခွန်းကို တုန့်ပြန်ထားတဲ့ ဆောင်းပါးတစ်ခု ပါဝင်လာခဲ့ပါတယ်။

‘ငါတို့တိုင်းပြည်ဟာ အာရပ်တိုင်းပြည်။ ပါလက်စတိုင်းဟာ အရပ်ဖြစ်တယ်။ ပါလက်စတိုင်းဟာ ဆက်ပြီး အာရပ်ပဲဖြစ်ရမယ်’ ဆိုပြီး အဲဒီဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

ဘဲလ်ဖိုးကြေငြာချက် မထွက်လာမီနဲ့ ဗြိတိသျှက ပါလက်စတိုင်းကို မအုပ်ချုပ်မီအချိန်မှာ အာရပ်ဒေသ သတင်းစာတွေက ဇိုင်ယွန်ဝါဒရဲ့ လှုပ်ရှားမှု နောက်ကွယ်က လှုံ့ဆော်မှုတွေကို သတိပေးခဲ့ပြီး၊ အဲဒီလှုပ်ရှားမှုတွေရဲ့ ရလဒ်ဟာ ပါလက်စတိုင်းတွေကို နိုင်ငံကနေ ဖယ်ရှားရေးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ပွဲပြီးပြီးချင်းမှာ ဂျေရုစလင်က စာရေးဆရာနဲ့ ကျောင်းဆရာဖြစ်သူ ခါလီလ် ဆာကာကီနီက ပါလက်စတိုင်းနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

“ကာလအတော်ကြာ အိပ်မောကျနေတဲ့ နိုင်ငံတစ်ခုဟာ ပြဿနာတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်ခတ်ခံရမှ နိုးထလာတယ်။ ဒါဟာလည်း နည်းနည်းချင်းစီ နိုးထလာတာပါ။ ဒါဟာ ပါလက်စတိုင်းရဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ စစ်ပွဲကြီးရဲ့ ရိုက်ခတ်မှု၊ ဇိုင်ယွန်လှုပ်ရှားမှုရဲ့ ကြောက်စရာကောင်းမှု၊ (ဗြိတိသျှရဲ့) တရားမ၀င်ပေါ်လစီရဲ့ ချိုးဖောက်မှုတွေ မတိုင်ခင်အထိ ရာစုနှစ် တော်တော်ကြာကြာ အိပ်မောကျနေခဲ့တာပါ”

ဗြိတိသျှအုပ်စိုးမှုအတွင်း ပါလက်စတိုင်းထဲကို ဂျူးတွေ စိမ့်ဝင်လာတာက အာရပ်တွေနဲ့ ဥရောပဂျူးတွေအကြား တင်းမာတွေ၊ ပဋိပက္ခတွေ ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှရဲ့လုပ်ရပ်ကို တုန့်ပြန်ရာမှာ လူကြိုက်များတာတွေထဲက တစ်ခုဟာ ၁၉၂၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ‘နဘီမူဆာ’ တော်လှန်မှုဖြစ်ပြီး ပါလက်စတိုင်း ၄ ဦးနဲ့ ဥရောပက ၀င်ရောက်လာသူ ဂျူး ၅ ဦး သေဆုံးခဲ့ပါတယ်။

ကြေငြာချက်ရဲ့နောက်မှာ ဘယ်သူရှိလဲ

ဘဲလ်ဖိုးကြေငြာချက်အတွက် ယေဘူယျအားဖြင့် ဗြိတိန်မှာ တာဝန်ရှိတာ မှန်ပေမယ့် ပထမကမ္ဘာစစ်အတွင်းမှာ မဟာမိတ် အင်အားကြီးနိုင်ငံတွေရဲ့ ကနဦး သဘောတူညီချက်မရှိရင် ဒီကြေငြာချက် ထွက်လာမှာမဟုတ်ဘူးဆိုတဲ့ အချက်က အရေးကြီးပါတယ်။

၁၉၁၇ ခုနှစ် စက်တင်ဘာမှာပြုလုပ်တဲ့ စစ်ရေးကက်ဘိနတ်အစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးတွေဟာ ‘ကြေငြာချက်မထုတ်ခင် အမေရိကန်သမ္မတ ၀ီလ်ဆင်ရဲ့ အမြင်ကို ရယူရမယ်’ လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ အစည်းအဝေးမှတ်တမ်းမှာ ‘သမ္မတ ၀ီလ်ဆင်ဟာ ဒီလှုပ်ရှားမှုကို လိုလိုလားလားလက်ခံတယ်’ လို့ ဘဲလ်ဖိုးရဲ့ အတည်ပြုမှုကို ၀န်ကြီးတွေက ကိုးကားထားကြောင်း တွေ့ရပါတယ်။

ဘဲလ်ဖိုးကြေငြာချက် ထွက်မလာခင်မှာ ပြင်သစ်ကလည်း ဒီကိစ္စမှာ ပါဝင်ပြီး ကြေငြာချက်ကိုထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

၁၉၁၇ ခုနှစ် မေလက ပြင်သစ်သံတမန် ဂျူလက်စ် ကမ်ဘွန်က ပိုလန်ဇိုင်ယွန်ဝါဒီ နာဟွမ် ဆိုကိုလိုးကို ပေးပို့တဲ့စာမှာ ‘ပါလက်စတိုင်းကို ဂျူးတွေ ကိုလိုနီပြု သိမ်းပိုက်ရေး’ အတွက် ပြင်သစ်အစိုးရက လက်ခံလိုတဲ့ အမြင်မျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။

“ရာစုနှစ်ပေါင်းများစွာက အစ္စရေးလူမျိုးတွေ ထွက်ခွားသွားခဲ့တဲ့ အဲဒီမြေမှာ ဂျူးနိုင်ငံတစ်ခု ပြန်လည်ထွန်းကားလာရေး မဟာမိတ်အဖွဲ့တွေရဲ့ ကာကွယ်ပေးမှုဟာ တရားမျှတတဲ့လုပ်ရပ်၊ ၀ိုင်းဝန်းကူညီပေးရမယ့်လုပ်ရပ် ဖြစ်ပါတယ်” လို့ ဘဲလ်ဖိုးကြေငြာချက်အတွက် ရှေ့ပြေးဖြစ်တဲ့ ဒီစာမှာ တွေ့ခဲ့ရပါတယ်။

ပါလက်စတိုင်းတွေအပေါ် ဘယ်လိုသက်ရောက်ခဲ့သလဲ

ဘဲလ်ဖိုးကြေငြာချက်ဟာ ဗြိတိသျှက လေ့ကျင့်ပေးထားတဲ့ ဇိုင်ယွန်လက်နက်ကိုင်အဖွဲ့တွေ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းပြည်သူ ၇ သိန်း ၅ သောင်းလောက်ကို သူတို့ရဲ့ ဇာတိမြေကနေ နှင်ထုတ်ခဲ့တဲ့ နက္ကဘာအဖြစ်အပျက်ရဲ့ ရှေ့ပြေးဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာနိုင်တယ်လို့ ဗြိတိသျှ ကက်ဘိတ်ရဲ့ စစ်ရေးဆွေးနွေးပွဲမှာ အတိုက်အခံတစ်ချို့က ပြောကြားခဲ့ပေမယ့် ဗြိတိသျှအစိုးရဟာ ဒီကြေငြာချက်ကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပါလက်စတိုင်းက လက်ရှိအဖြစ်အပျက်တွေရဲ့ ဇစ်မြစ်ဟာ ဘဲလ်ဖိုးကြေငြာချက်ကြောင့်လို့ ပြောဖို့ခက်ပေမယ့် ပါလက်စတိုင်းမှာ ဂျူးလူနည်းစုတွေ စိုးမိုးအုပ်ချုပ်နိုင်ရေး၊ ပါလက်စတိုင်းအာရပ်တွေ ကန့်ကွက်နေတဲ့အကြားက သူတို့ နိုင်ငံတစ်ခု ထူထောင်လာနိုင်ရေး အခြေအနေတွေကို ဗြိတိသျှအုပ်စိုးမှုက ဖန်တီးပေးလို
က်တယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။

၁၉၄၇ ခုနှစ်မှာ ပါလက်စတိုင်းက ထွက်ခွာပြီး ဒီကိစ္စကို ကုလလက်ထဲ လွှဲပေးမယ်လို့ ဗြိတိသျှက ဆုံးဖြတ်တဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့အတွက် ဗြိတိန်က လေ့ကျင့် ဖွဲ့စည်းပေးထားတဲ့ လက်နက်ကိုင်အုပ်စုတွေ စုပေါင်းကာ ဂျူးတွေမှာ စစ်တပ်တစ်တပ် ရှိနေပြီ ဖြစ်ပါတယ်။

ပိုပြီးအရေးကြီးတာ ဗြိတိသျှဟာ ‘ဂျူးအေဂျင်စီ’ လို ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ အသင်းအဖွဲ့တွေကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အခွင့်အရေးရတဲ့အခါ နိုင်ငံတစ်ခု တည်ထောင်နိုင်ဖို့ ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကိုတော့ ဒီလိုဖွဲ့စည်းခွင့် မပြုခဲ့ပါဘူး။ ဒီဆောင်ရွက်မှုဟာ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းတွေ လူမျိုးစုလိုက် ရှင်းလင်းခံရဖို့ လမ်ခင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Aljazeera

(Aljazeera သတင်းဌာနမှ 100 years on: The Balfour Declaration explained ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Tags:

Comments are closed.