နိုဝင်ဘာ ၂၅၊ ၂၀၁၇
M-Media
– အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဗလီဝတ်ကျောင်းတော်တစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူမှာ ၂၀၀ ကျော်လာခဲ့ပြီး အီဂျစ်အစိုးရက ၃ ရက်တာ နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့သည်။
ပြည်နယ်မြို့တော် အလ်-အာရစ်ရှ် အနောက်ဖက် ကီလိုမီတာ ၄၀ အကွာတွင်ရှိသည့် ဘီရ် အလ်-အဘ်ဒ်မြို့မှ ဗလီတွင် သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း လက်နက်ကိုင်များက ဗုံးခွဲခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ဆူဖီ အစ္စလာမ့်ဝိပဿနာနယ်ပယ်မှ တရားအားထုတ်သူများ အခြေစိုက်ရာ နေရာဖြစ်သည်။
တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၃၅ ဦးအထိ ရှိလာပြီဟု လုံခြုံရေးရင်းမြစ်များကို ကိုးကား၍ နိုင်ငံပိုင် MENA သတင်းဌာနက ကြေငြာခဲ့ပြီး ဒဏ်ရာရသူမှာ ၁၂၀ ခန့် ရှိနေသည်။
အီဂျစ်အစိုးရက ထိခိုက်ခံစားရသူများအတွက် ၃ ရက်တာ နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။
သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ရာဇ၀တ်မှုလုပ်ရပ်၊ သရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်သည်ဟု ယမန်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဆိုင်းနိုင်းတွင် ယခင်က ဖြစ်ပွားခဲ့သည့် အစိုးရတပ်ဖွဲ့များ၊ ကော့ပတစ်ခရစ်ယာန်များအား ပစ်မှတ်ထား တိုက်ခိုက်မှုကို IS အကြမ်းဖက်အဖွဲ့သစ္စာခံ လက်နက်ကိုင်အဖွဲ့က ပြုလုပ်ခဲ့ပြီး ယခု ဗလီဝတ်ကျောင်းတော် တိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။
အခင်းဖြစ်ပွားပြီးနောက် အီဂျစ်စစ်တပ်မှာ ဆိုင်းနိုင်းရှိ လက်နက်ကိုင်အဖွဲ့ နေရာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
Ref: Aljazeera
Comments