နိုဝင်ဘာ ၂၅၊ ၂၀၁၇
M-Media

မီးလောင်သွားတဲ့ တုတ်တုတ်ဆိုင်ကယ်ဟာ အိမ်ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ပြန်အသုံးပြုလို့ ရမယ့်အနေအထား မဟုတ်တော့ပါဘူး။ တစ်ချိန်က ပန်းရောင်ဆေးသုတ်ထားတဲ့ သူ့အိမ်မျက်နှာစာဟာ မီးခိုးမှိုင်းတွေကြောင့် မဲနေပါပြီ။ မျက်နှာကျက်ကလည်း ပြိုကျသွားပြီး ယက်မတန်းတွေတောင် မီးစွဲကုန်ပါတယ်။
– နိုင်ငံမြောက်ပိုင်း ဂင်သိုတာမြို့ အမ်ပီတီယာရွာက သူ့အိမ်ကို ဗုဒ္ဓဘာသာ လူအုပ်ကြီးက တိုက်ခိုက်ခဲ့ပြီးနောက် တစ်ပတ်နီးပါး ကြာသွားခဲ့ပေမယ့် မိုဟာမက် အဘ်ရာရ်တစ်ယောက် တုန်လှုပ်နေဆဲပါ။
နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဗလီဝတ်ကျောင်းတော်က ညပိုင်းဝတ်ပြုမှုအပြီး ပြန်လာကာ အနားယူတော့မယ့် အချိန်မှာ အိမ်နီးချင်းတွေရဲ့ အိမ်တွေ တိုက်ခိုက်ဖျက်ဆီးခံရသံကို သူ ကြားခဲ့ရပါတယ်။
“ကျွန်တော့်အိမ်ကို ပထမဆုံး တိုက်ခိုက်တာက ပြတင်းပေါက်ကို ကျောက်ခဲနဲ့ပစ်တာဖြစ်ပြီး ဘောင်တွေ ကျိုးကုန်ပါတယ်။ လူ ၁၅၀၊ ၂၀၀ လောက်ဟာ သံတူရွင်းတွေ၊ အခြား လက်လုပ်လက်နက်တွေကို ကိုင်ပြီး တိုက်ခိုက်ကြတာပါ။ ခြံတံခါးကို သူတို့ဖျက်ဆီးပြီး ၀င်လာကာ ကျွန်တော့ရဲ့ တုတ်တုတ်ဆိုင်ကယ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပါတယ်” လို့ တုတ်တုတ်မောင်းကာ အသက်မွေးမြူနေရတဲ့ အဘ်ရာရ်က ပြောပါတယ်။
မီးလောင်သွားတဲ့ တုတ်တုတ်ဆိုင်ကယ်ဟာ အိမ်ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ပြန်အသုံးပြုလို့ ရမယ့်အနေအထား မဟုတ်တော့ပါဘူး။ တစ်ချိန်က ပန်းရောင်ဆေးသုတ်ထားတဲ့ သူ့အိမ်မျက်နှာစာဟာ မီးခိုးမှိုင်းတွေကြောင့် မဲနေပါပြီ။ မျက်နှာကျက်ကလည်း ပြိုကျသွားပြီး ယက်မတန်းတွေတောင် မီးစွဲကုန်ပါတယ်။
ခရီးသွားတွေနဲ့ စည်ကာတဲ့ ဂါလ်လီမြို့ရဲ့ ၇ ကီလိုမီတာအကွာမှာရှိတဲ့ ဂင်သိုတာက မွတ်စလင်လူ့အဖွဲ့အစည်းဟာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ရှိနေဆဲဖြစ်ပြီး၊ မီးလောင်နေတဲ့ အိမ်တွေ၊ ဆိုင်တွေက အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာကို သက်သေခံနေကြပါတယ်။
ဒီအကြမ်းဖက်မှုဟာ ဂင်သိုတာမှာတင် မရပ်တန့်ဘဲ အခြားခရိုင်တွေကိုလည်း ပြန့်နှံ့သွားခဲ့ပြီး အကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့တွေကို အစိုးရက ချထားခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်လူငယ်တွေအကြား ကားမတော်တဆမှုကြောင့် စကားများရာကနေ ဗုဒ္ဓဘာသာဝင်တွေက လူအုပ်နဲ့ အကြမ်းဖက်တာမျိုး ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ နောက်ပိုင်းမှာတော့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအဖြစ် မြင့်တက်လာခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ အိမ်တွေနဲ့ အနည်းဆုံး ဗလီဝတ်ကျောင်းတော် ၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
မြင့်တက်လာတဲ့ တင်းမာမှု
သီရိလင်္ကာမှာ အခုနှစ်အတွင်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ တစ်ကျော့ပြန်ဖြစ်လာခဲ့ပြီး စက်တင်ဘာလအတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကုလရဲ့ ကယ်ဆယ်ရေးစခန်းကို တိုက်ခိုက်တာ၊ ဇွန်လအတွင်းမှာ မွတ်စလင်အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
ဂင်သိုတာ မွတ်စလင်လူငယ်အသင်းဝင်ဖြစ်ပြီး အကြမ်းဖက်ခံခဲ့ရတဲ့ မိုဟာမက် ဖိုက်ဇယ်က လတ်တလော အကြမ်းဖက်မှုဟာ နိုဝင်ဘာ ၁၃ ရက်နေ့က မွတ်စလင်အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ ယာဉ်မတော်တဆကိစ္စ စကားများရာကနေ စတင်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က တိုက်ခိုက်မှုတွေမဖြစ်အောင် အစောပိုင်းမှာ တားမြစ်နိုင်ခဲ့ပါတယ်။
“နိုဝင်ဘာ ၁၇ ရက်နေ့အထိ အေးဆေးပဲဗျ။ ကျွန်တော်တို့လည်း ပုံမှန်အတိုင်း သောကြောနေ့ ဘုရားဝတ်ပြုပြီး အိမ်ပြန်လာတယ်။ ရဲတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေလည်း တော်တော်များများ ချထားပါတယ်” လို့ ဖိုက်ဇယ်က ဆိုပါတယ်။
အဲဒီညမှာပဲ အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးလုပ်ငန်းစဉ်တွေ အားနည်းမှုက အခြေအနေကို ထိန်းမရသိမ်းမရ ဖြစ်သွားစေတယ်လို့ ဖိုက်ဇယ်က ပြောပါတယ်။
ဂါလ်လီခရိုင်က လွှတ်တော်အမတ် မနူရှာ နာနာယက်ကရာက အထူးတပ်ဖွဲ့ဝင်တွေ ပြန်သွားတာဟာ အမှားတစ်ခု ဖြစ်သွားခဲ့ပြီး အကြမ်းဖက်အုပ်စုတွေကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။
“ဒီပြဿနာက ဆင်ဟာလီ-မွတ်စလင် ကိစ္စကနေ စတင်တာမဟုတ်ပါဘူး။ လမ်းပေါ်က အသေးအဖွဲကိစ္စကနေ ဒီလောက်ကြီးကြီးကျယ်ကျယ် ဖြစ်သွားတဲ့အတွက် နှစ်ဖက်စလုံးကို အပြစ်တင်ရမှာပါ။ ဒီလိုပြဿနာမျိုး နောက်ထပ်မဖြစ်ပွားဖို့ ရွာက ဗလီတွေ၊ ဘုန်းကြီးကျောင်းတွေက ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး
ကော်မတီ ဖွဲ့ထားသင့်ပါတယ်” လို့ နာနာယက်ကရာက ပြောကြားခဲ့ပါတယ်။
ကြောက်ရွံ့မှုနှင့် စိတ်ဒဏ်ရာ
အဲဒီအကြမ်းဖက်မှုအတွက် ရဲတပ်ဖွဲ့က အနည်းဆုံး လူပေါင်း ၂၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝမ် ဂူနာဆီကီရာက တိုက်ခိုက်မှုပေါင်း ၁၂၇ ခု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က တိုင်ကြားမှုရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ကလည်း အလုသ်ဂမာမှာ ဒီလို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
လူငယ် ၅၀ လောက်ပါတဲ့ လူအုပ်ဟာ သူ့အိမ်တည်ရှိရာ လမ်းကျဉ်းလေးထဲက အိမ်တွေကို စတင်တိုက်ခိုက်တဲ့အချိန်မှာ သူဟာ ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ အိမ်မှာရှိနေတယ်လို့ မိုဟာမက် ယာစီရ်က ပြောပါတယ်။
“ကျွန်တော့်ဆိုင်ကယ်ကို လမ်းပေါ်ဆွဲသွားပြီး မီးရှို့ပစ်လိုက်တယ်။ ပထမတစ်ခေါက်ဖြစ်ပြီး ၃ မိနစ်လောက်ကြာတဲ့အချိန်မှာ နောက်ထပ် လူငယ် ၅ ယောက်အုပ်စုက အိမ်ရှေ့တံခါးမကြီးကို ဖျက်ဆီးလိုက်ပြီး၊ အိမ်ထဲကို ၀င်လာတယ်။ နံရံကပ်မှန်ဘီဒိုတွေကို ခွဲပြီး လက်ဝတ်ရတနာတွေကို လုသွားပါတယ်”
အဲဒီဒေသက မွတ်စလင်စီးပွားရေးသမားတွေဟာ သူတို့ရဲ့ ဆိုင်တွေ၊ တစ်သက်လုံး ရှာဖွေခဲ့ရသမျှတွေ ဖျက်ဆီးခံရတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ သီရိလင်္ကာက မွတ်စလင်တွေဟာ ကြောက်ရွံ့မှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေရပြီး အမျိုးသမီးတွေနဲ့ ကလေးတော်တော်များများဟာ သူတို့နေအိမ်ကို မပြန်ရဲကြပါဘူး။
BBS အစွန်းရောက်အဖွဲ့ဝင်ဖြစ်ပြီး သွေးထိုးလှုံ့ဆော်ပေးတဲ့ စကားတွေကြောင့် မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ ဘုန်းကြီး Galogodaththe Gnanasara က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ သတင်းတွေကြောင့် ဘုရားကျောင်းမှာ လူငယ် ၅၀၀ နီးပါးလောက် အဆင်သင့်ဖြစ်နေကြတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့
ပါတယ်။ အလုသ်ဂမာမှာဖြစ်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုကို ဒီဘုန်းကြီးက သွေးထိုးလှုံ့ဆော်ပေးခဲ့တာပါ။ နိုဝင်ဘာ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာလည်း သူက ‘၂ နာရီအတွင်း သွေးပင်လယ်ဖြစ်သွားအောင် လုပ်နိုင်တယ်’ လို့ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဘုန်းကြီးကျောင်းကို မွတ်စလင်တွေက တိုက်ခိုက်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေက အကြမ်းဖက်မှုကို ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်လူအုပ်မှာ ရွာခံတွေပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် အမ်ပီတီယာရွာမှာနေထိုင်တဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဆင်ဟာလီတစ်ယောက်က ရွာခံတွေမပါဘူးလို့ ငြင်းပြီး သူ့အိမ်လည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီမှာနေထိုင်တဲ့သူတွေဟာ ငြိမ်းချမ်းစွာနေထိုင်ကြပြီး ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး”
ဂင်သိုတာက လမ်းတွေမှာ ရဲတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်စောင့်ကြည့်နေကြပြီး နေအိမ်တွေ တော်တော်များများကတော့ ခြံတံခါးတွ ဖျက်ဆီးခံရတာ၊ ပြတင်းပေါက်တွေ ရိုက်ချိုးခံထားရတာတွေ ရှိနေပါတယ်။
ကလေးလေးယောက်အဖေဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ မိုဟာမက် ဖာဟင်က အလုပ်မှာ သူသုံးတဲ့ ပစ်ကပ်ထရပ်ကားလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
သူ့အိမ်က ကွန်ကရစ်ပြားလုပ်တဲ့စက်နဲ့ ရောင်းဖို့အဆင်သင့်ဖြစ်နေတဲ့ ကွန်ကရစ်ပြား ၈၀၀ လောက်လည်း တစ်စစီ ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
(Aljazera သတင်းဌာနတွင် ဖော်ပြထားသည့် Fear grips Muslims in Sri Lanka’s Ginthota after attack ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments