News @ M-Media

ခြစားမှုစွဲချက်တင်ခံရသူများ နိုင်ငံပိုင်ငွေ ပြန်ပေးရန် သဘောတူဟု ဆော်ဒီထုတ်ပြန်

ဒီဇင်ဘာ ၆၊ ၂၀၁၇
M-Media

ခြစားမှုတိုက်ဖျက်ရေးကို ဦးဆောင်နေသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

– ခြစားမှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများနှင့် စစ်ဆေးခံရသူများထဲမှ အများစုမှာ နိုင်ငံပိုင် ငွေများနှင့် ပစ္စည်းများကို ပြန်ပေးခြင်းအားဖြင့် ပြေလည်အောင် ဖြေရှင်းရန် သဘောတူညီခဲ့သည်ဟု ဆော်ဒီရှေ့နေချုပ်က ပြောကြားလိုက်သည်။

ဝန်ကြီးဟောင်းများ၊ လက်ရှိ ၀န်ကြီးများနှင့် တော်ဝင်မင်းသားများကို ဆော်ဒီ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က နိုဝင်ဘာ ၉ ရက်နေ့တွင် စတင်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ရရှိသည့် အချက်အလက်များအရ ထိန်းသိမ်းထားသူများမှာ စုစုပေါင်း ၁၅၉ ဦး ရှိခဲ့ကာ လူပေါင်း ၃၂၀ ကို ဆင့်ခေါ် စစ်မေးခဲ့သည်။

“ခြစားမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ လူအများစုဟာ ပြေလည်အောင်ဖြေရှင်းဖို့ သဘောတူခဲ့ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည့်စုံအောင် ဆောင်ရွက်နေပါတယ်။ တရားရေးဌာနဟာ သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ လွှဲပြောင်းရရှိထားတဲ့ ဖိုင်တွေကို စစ်ဆေးပြီး တစ်ချို့ကို ထိန်းသိမ်းထားကာ ကျန်တဲ့လူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု ရှေ့နေချုပ်က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

ခြစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရသူ အရေအတွက်မှာ စုစုပေါင်း ၃၇၆ ဦး ရှိသည်ဟု ကြေငြာချက်က ဆိုသည်။

ကော်မရှင်မှာ ဖမ်းဆီးထားသူများနှင့် ညှိနှိုင်းခြင်း၊ နိုင်ငံပိုင် ရန်ပုံငွေများ ပြန်ပေးရန် ကမ်းလှမ်းခြင်း၊ အချိန်ကြာမြင့်လေ့ရှိသည့် တရားရေး လုပ်ငန်းစဉ်များကို အချိန်တိုတိုဖြင့် ပြီးစီးအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေသည်ဟုလည်း ရှေ့နေချုပ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်သည့် အဆိုပါ ခြစားမှုတိုက်ဖျက်ရေး လုပ်ငန်းမှာ မင်းသား၏ အာဏာစုစည်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

Ref: Alarabiya