6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၂၊ ၂၀၁၇
M-Media

အိန္ဒိယရောက် ချင်းဒုက္ခသည်မိသားစုတစ်ခု

– “နောက်တစ်ခေါက်ဆို ကျွန်မတို့အလှည့်ပါ။ ဒါပေမယ့် အိမ်ပြန်ရင် လက်စားချေခံရမလားဆိုပြီး ကြောက်နေပါတယ်” လို့ အသက် ၄၄ နှစ်အရွယ် Sang Par က ပြောပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ လူနေအထူထပ်ဆုံး ရပ်ကွက်တွေထဲ တစ်ခုဖြစ်တဲ့ Chanakya Place က အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းတွေမှာ ပြွတ်သိပ်ကျပ်ညပ်စွာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံက ရာနဲ့ချီတဲ့ ချင်းလူမျိုးတွေရဲ့ စိုးရိမ်ကြောက်ရွံ့မှုကို ထင်ဟပ်နေပါတယ်။

နိုင်ငံတစ်ဝှမ်း ပြန့်နှံ့နေတဲ့ ရိုဟင်ဂျာ ဒုက္ဒသည် ထောင်နဲ့ချီကို မြန်မာနိုင်ငံကို ပြန်ပို့မယ့် အိန္ဒိယအစိုးရရဲ့ အစီအစဉ်ကို တရားရုံးချုပ်က သေသေချာချာ စဉ်းစားသုံးသပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက အခြားလူမျိုးစုတစ်စုဖြစ်တဲ့ ချင်းလူမျိုးတွေကလည်း ဒီလိုကံကြမ္မာမျိုး ကြုံလာရမှာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၅၀၀၀၀ လောက်ကို နေရပ်ပြန်လည်ပို့ဆောင်ရေး လမ်းပွင့်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုကျော်က Sang Par ရဲ့ မိသားစုဟာ ချင်းပြည်နယ်က ဇာတိ တန်းဟန်မြို့ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရတာ ဖြစ်ပါတယ်။

“သတိလစ်သွားတဲ့အထိ စစ်တပ်က ကျွန်တော်တို့ကို ခါးပတ်နဲ့ရိုက်တယ်။ ရွာသားတွေ ငတ်မွတ်သွားအောင် သူတို့တွေဟာ ကျွဲနွားတွေကိုလည်း သတ်ပစ်ကြပါတယ်” လို့ Sang Par ရဲ့ အသက် ၄၄ နှစ်အရွယ် ခင်ပွန်း Mang Hmung က သူတို့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ Mang Hmung ဟာ နာတာရှည် အစာအိမ်ရောဂါကြောင့် အိပ်ယာထဲ လဲနေသူပါ။

သူတို့ရဲ့ ရင်သွေး ၅ ဦးဟာ UNHCR ရဲ့ အကူအညီနဲ့ Don Bosco အဖွဲ့က ဖွင့်ထားတဲ့ ကျောင်းမှာ အခမဲ့ တက်ရပေမယ့် လတ်တလောလတွေမှာ အိမ်ငှားခ မပေးနိုင်တာကြောင့် အိမ်ရှင်က သူတို့ကို မောင်းချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာပြီးကတည်းက ချင်းတောင်တန်းရဲ့ ဌာနေဖြစ်တဲ့ ချင်းလူမျိုးတွေအပါအ၀င် မြန်မာနိုင်ငံက လူနည်းစုတွေဟာ အစိုးရကမကထပြုတဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

နိုင်ငံလူဦးရေရဲ့ ၁ ရာခိုင်နှုန်း လူဦးရေ ၅ သိန်းသာရှိတဲ့ ချင်းလူမျိုးတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မာရှယ်လော ကြေငြာပြီးနောက်ပြီး စစ်မြေပြင်အဖြစ် ဖန်တီးမှု၊ ဗမာဇာတ်သွင်းမှုတွေကို မြန်မာစစ်တပ်က တိုးမြှင့်လုပ်ဆောင်လာပြီး နိုင်ငံတစ်ဝှမ်း ထင်တိုင်းကြဲဖမ်းဆီးတာ၊ ဖိနှိပ်ချုပ်ချယ်တာတွေကို ဆယ်စုနှစ်နဲ့ချီ ဆောင်ရွက်ခဲ့ပါတယ်။

Physicians for Human Rights အဖွဲ့က ၂၀၁၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်ရှာဖွေရေး အစီရင်ခံစာမှာ ချင်းပြည်နယ်က သူတို့ စစ်တမ်းကောက်ယူခဲ့တဲ့ အိမ်ထောင်စုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက် စစ်တပ်ရဲ့ အဓမ္မ လုပ်အားခိုင်းစေခြင်းကို ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး ၁၅ ရာခိုင်နှုန်းက သူတို့တွေဟာ စစ်သားတွေရဲ့ ညှင်းပမ်းနှိပ်စက်တာ၊ အဓမ္မကျင့်တာတွေကို ခံရတယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

သူတို့ရဲ့ ဇာတိမြေမှာ ၀မ်းရေး ခက်ခဲလာတာကြောင့် ချင်းလူမျိုးတွေဟာ နိုင်ငံရပ်ခြားကို ထွက်ပြေးခဲ့ရပါတယ်။ တစ်ချို့တွေက မလေးရှားကိုသွားကြပြီး တစ်သိန်းလောက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို နယ်စပ်ဖြတ်ကျော် ၀င်ရောက်ခဲ့ကြတယ်လို့ Physicians for Human Rights က ဖော်ပြထားပါတယ်။ ဒါပေမယ့် အိန္ဒိယမှာလည်း ချင်းလူမျိုးတွေဟာ ခွဲခြားဆက်ဆံမှု၊ ဖမ်းဆီးထိန်းသိမ်းမှုကို ခံနေရပြီး အစုလိုက်အပြုံလိုက် နယ်နှင်တာမျိုးတွေကိုလည်း တွေ့ကြုံရတယ်လို့ Human Rights Watch က ဆိုပါတယ်။

အိန္ဒိယဟာ တောင်အာရှမှာ ဒုက္ခသည်အများဆုံး လက်ခံထားတဲ့တိုင်းပြည် ဖြစ်ပေမယ့် အိန္ဒိယအစိုးရဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်နဲ့ ၁၉၆၇ ခုနှစ် နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ ဒုက္ခသည်တွေ အဆင့်သတ်မှတ်တာမျိုးလို ဆက်စပ် ဥပေဒတွေလည်း မရှိဘဲ သူတို့အားလုံးကို နိုင်ငံခြားသားဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ထည့်သွင်းထားပါတယ်။

ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ

လက်ရှိ အိန္ဒိယက ချင်းဒုက္ခသည်အရေအတွက်ဟာ အငြင်းပွားဖွယ်တွေ ရှိနေပါတယ်။ နယူးဒေလီ UNHCR ရုံးက မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ်၊ ခိုလှုံလာသူအဖြစ် စာရင်းသွင်းထားသူ ၂၁၀၀၀ လောက်ရှိတယ်လို့ ပြောကြားခဲ့ပေမယ့် အဲဒီအထဲမှာ ၃၃၀၀ သာ ချင်းလူမျိုးတွေ ဖြစ်ပါတယ်။

ဒေလီအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အိန္ဒိယမြေပေါ်မှာ ချင်းလူမျိုး ၂ သောင်းလောက် နေထိုင်နေပြီး ၃၅၀၀ က မြို့တော်ဒေလီမှာလို့ ဆိုပါတယ်။

အိန္ဒိယဟာ UNHCR ကို လက်ခံထားပေမယ့် သဘောတူညီချက်ကို ဥပဒေနဲ့ အာမခံထားခြင်း မရှိတာကြောင့် ဒုက္ခသည်တွေကို ကာကွယ်ပေးရေးကိစ္စတွေဟာ တစ်ခါတစ်ရံမှာ နိုင်ငံခြားရေပေါ်လစီအောက် ရောက်သွားတာ၊ ပြည်တွင်းက သဘောထားကို အခြေခံရတာတွေ ရှိနေပါတယ်။

လတ်တလော အစိုးရအပြောင်းအလဲကြောင့် ဒုက္ခသည်တွေဟာ အစိုးရ၀န်ဆောင်မှုတွေ၊ ဘဏ်လုပ်ငန်းအသုံးပြုမှုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။

“စာရင်းသွင်းရေး လုပ်ငန်းစဉ်အသစ်တွေ ဆောင်ရွက်နေတဲ့အချိန်မှာ အခြေခံဝန်ဆောင်မှုတွေ၊ အခွင့်အလမ်းတွေကို ဒုက္ခသည်တွေ ရရှိခံစားနိုင်ဖို့အတွက် ကာလရှည် နေထိုင်ခွင့် ထုတ်ပေးတာ၊ ကုလကထုတ်ပေးတဲ့ အထောက်အထားတွေကို အာဏာပိုင်တွေအနေနဲ့ အသိအမှတ်ပြုတာတွေလုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းတာတွေ ရှိပါတယ်” လို့ အိန္ဒိယက UNHCR ပြောရေးဆိုခွင့်ရှိသူ အလ်ဆာ ရှီရင် မက်သယူးက ပြောကြားခဲ့ပါတယ်။

UNHCR ဟာ ဒုက္ခသည်မှတ်ပုံတင်ကဒ်ပြားတွေကို ထုတ်ပေးထားပြီး ဒီကဒ်တွေက ရေရှည်နေထိုင်ခွင့်ရနိုင်မယ့် အကျိုးကျေးဇူး ရှိနေပါတယ်။ ဒါပေမယ့် အိန္ဒိယအစိုးရယန္တရားရဲ့ အလုပ်မတွင်မှုကြောင့် အနည်းငယ်သာ နေထိုင်ခွင့် ရထားကြပါတယ်။

“ဒေသတွင်းအဖွဲ့တွေက ဒုက္ခသည်ကဒ်တွေကို လက်မခံကြဘူး” လို့ အသက် ၃၇ နှစ်အရွယ် ကလေး ၃ ယောက်မိခင် Manu Long Kan က ပြောပါတယ်။

“ဒီကဒ်နဲ့ ဘဏ်အကောင့်တောင် ဖွင့်လို့မရဘူး။ အိန္ဒိယမှတ်ပုံတင် မရှိတာကြောင့် ကျွန်မတို့ကလေးတွေလည်း ကျောင်းတက်လို့ မရဘူး” လို့ သူမက ဆိုပါတယ်။

Jesuits Refugee Service (JRS) အဖွဲ့ကပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှုမှာ နယူးဒေလီ ချင်းလူ့အဖွဲ့စည်းက ကလေးငယ်တွေရဲ့ စာမတတ်မှုနှုန်းဟာ သူတို့မိခင်တွေရဲ့ စာမတတ်မှုနှုန်းထက် ပိုမြင့်နေတယ်ဆိုတာကို တွေ့ရပါတယ်။

တရားဝင်အသိအမှတ်ပြုမှု မရတာကြောင့် ချင်းလူမျိုးတွဟာ တရားမ၀င် လမ်းကြောင်းကနေ လုပ်ရကိုင်ရပြီး ဒါဟာ နေထိုင်ခွင့်ဆုံးရှုံးမယ့် အန္တရာယ်လည်း ရှိနေတာပါ။

“ဘာအခွင့်အရေးမှမရှိဘူး။ နေမကောင်းတာနဲ့၊ အလုပ်မလုပ်နိုင်တာနဲ့ အလုပ်ရှင်တွေက အလုပ်ထုတ်တယ်” လို့ Manu Long Kan ရဲ့ အသက် ၃၉ နှစ်အရွယ် ခင်ပွန်း Salai Hnai Thang က သူဇနီးရဲ့ ကျန်းမာရေးအခြေအနေကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

အမျိုးသမီးရောဂါကြောင့် ရက်အနည်းငယ် အလုပ်ပျက်ခဲ့ပြီးတဲ့နောက် Manu Long Kan ဟာ သူအလုပ်လုပ်နေတဲ့စက်ရုံကို ပြန်ဝင်လို့ မရတော့ပါဘူး။

သူမရဲ့ ကျန်းမာရေးအတွက် UNHCR က ထောက်ပံ့မှုမရှိတာကြောင့် Thang ရဲ့ လခ ရူပီး ၅၀၀၀ (ကျပ်ငွေ ၁ သိန်းဝန်းကျင်) ဟာ ဇနီးသည်ဆေးဖိုးနဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေအတွက်တောင် မလောက်ပါဘူး။

“ဥပဒေအရ ကာကွယ်ပေးမှုနဲ့ သင့်လျော်တဲ့ အကူအညီတွေရရှိဖို့ ချင်းဒုက္ခသည်တွေဟာ UNHCR ရုံးရှေ့မှာ နှစ်တိုင်း ဆန္ဒသွားပြပါတယ်။ ဒါပေမယ့် အခြေအနေက မပြောင်းလဲပါဘူး။ UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအပေါ် သူတို့ စိတ်ပျက်လာကြပါပြီ” လို့ နယူးဒေလီက ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ဒါရိုက်တာ Salai Cung Dawt က ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ရုံးချုပ်ဖွင့်ထားပြီး Open Society Foundation၊ National Endowment for Democracy နဲ့Canadian InterPares တို့လို NGO အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ CHRO ဟာ ချင်းလူ့အဖွဲ့အစည်းက ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ကာ အိန္ဒိမှာ ချင်းလူမျိုးတွေ ဥပဒေအရ အကူအညီရဖို့ ၁၉၉၅ ခုနှစ်ကတည်းက ဆောင်ရွက်ပေးခဲ့ပါတယ်။

မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ UNHCR ဟာ ဒုက္ခသည်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စားရိတ်ထောက်ပံ့တာတွေ ရှိပြီး စားရိတ်ကတော့ အလုပ်မလုပ်နိုင်တဲ့သူတွေကို ခြွင်းချက်အဖြစ် ပေးတာဖြစ်ပါတယ်။

South Asia Human Rights Documentation Centre (SAHRDC) က ဒုက္ခသည်တွေဟာ အနိမ့်ဆုံးလုပ်ခတောင် မရရှိဘဲ၊ ထောက်ပံ့ကြေးကလည်း အိမ်ထောင်ဦးစီးတွေကိုသာပေးကာ အမျိုးသမီးတွေကို မှီခိုဖြစ်စေတာကြာင့် UNHCR ဟာ လိင်ပိုင်းဆိုင်ရာ ခွဲခြားတဲ့ ပေါ်လစီမျိုး ကျင့်သုံးတယ်လို့ ဝေဖန်ခဲ့ပါတယ်။

“အိန္ဒိယ UNHCR က သူ့ရဲ့ အုပ်ချုပ်မှုအတွင်းမှာတောင် ဒုက္ခသည်တွေကို လုံလုံလောက်လောက် ကာကွယ်မှုမပေးနိုင်ပါဘူး။ ပြီးတော့ အစိုးရဲ့ လျှာပေါ်လာ ကန့်သတ်ချက်တွေ အပေါ်မှာလည်း လိုတာထက်ပိုပြီး အရေးတယူလုပ်ပါတယ်။ အမှန်တကယ် အလုပ်ဖြစ်မယ့် အဖြေတွေကိုလည်း မရှာနိုင်ပါဘူး။ ဒီလို အလုပ်မဖြစ်တာတွေ၊ UNHCR ရုံးနဲ့ အဲဒီက ၀န်ထမ်းတွေရဲ့ အပြုအမူတွေပေါင်းပြီး ဒုက္ခသည်တွေကို ပိုမိုဒုက္ခရောက်စေပါတယ်” လို့ SAHRDC က ဒါရိုက်တာ ရာဗီ နာအီရ်က ပြောကြားခဲ့ပါတယ်။

အိန္ဒိယ UNHCR က ပြောရေးဆိုခွင့်ရှိသူ အဲလ်ဆာ ရှီရင် မက်သယူးက ဒုက္ခသည်တွေနဲ့ ခိုလှုံလာသူတွေကို အိန္ဒိယအစိုးရရဲ့ ကာကွယ်ရေးပေးရေးလုပ်ငန်းမှာ UNHCR နဲ့ မိတ်ဖက်အဖွဲ့တွေက တတ်နိုင်သလောက် ကူညီပံ့ပိုးပေးကြောင်း၊ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရေး၊ အကူအညီ အထူးလိုအပ်နေတဲ့ ဒုက္ခသည်အချို့အတွက် အိန္ဒိယမှာ နေရာချထားရေးတွေကို စီစဉ်ပေးခြင်းအားဖြင့် ရေရှည်အဖြေမျိုးကိုလည်း ကြိုးစားဆောင်ရွက်နေကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

“ဇာတိနိုင်ငံတွေက အခြေအနေတွေကြောင့် လက်ရှိမှာ ဒုက္ခသည်တော်တော်များများအတွက် ရေရှည်တည်တံ့မယ့် အဖြေမျိုးရဖို့ မလွယ်သေးပါဘူး”

လူမျိုးရေးခွဲခြားမှုနှင့် လိင်အကြမ်းဖက်မှု

ချင်းဒုက္ခသည်တွေနဲ့ သူတို့ကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေက ဒေသခံတွေဟာ ဒုက္ခသည်တွေအပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေ ရှိတယ်လို့ ပြောကြားခဲ့ကြပါတယ်။ JRS ရဲ့ စစ်တမ်းကောက်ယူမှုမှာ နယူးဒေလီက ချင်းလူ့အဖွဲ့အစည်းရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကျော်က သူတို့နေထိုင်တဲ့ရပ်ကွက်တွေမှာ မလုံခြုံဘူးလို့ ပြောကြားခဲ့ပြီး၊ ၈၀ ရာခိုင်နှုန်းကတော့ မောင်းထုတ်တာတွေ၊ ရုပ်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

“ဒေသခံတွေက ဆိုးဆိုးဝါးဝါး ရိုက်နှက်ခဲ့ပြီးကတည်းက ကျွန်မယောက်ျားဟာ အလုပ်မလုပ်နိုင်တော့ပါဘူး။ ကျွန်မသမီးနှစ်ယောက်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်” လို့ အသက် ၄၉ နှစ်အရွယ် Ngun Sui Men က ပြောကြားခဲ့ပါတယ်။

လူမျိုးရေး ခွဲခြားတိုက်ခိုက်မှုတွေကို UNHCR ရဲ့ လူမှုရေးဌာနကို သတင်းပို့ပေမယ့် ရဲတပ်ဖွဲ့ကို တိုင်ကြားမှု မရှိတာကြောင့် ဥပဒေအရ အရေးယူမှုတွေ မရှိပါဘူး။

“ဒေသခံတွေက မဲမှာကြောက်တာကြောင့် အာဏာပိုင်တွေကို ကျွန်မတို့ မတိုင်ရဲပါဘူး” လို့ Ngun Sui Men က ဆိုပါတယ်။

သူတို့မိသားစုနေထိုင်တဲ့ အခန်းခ ကျေအောင်လို့ Ngun Sui Men ဟာ ချင်းရိုရာ ငါးခြောက်လုပ်ကာ နိုင်ငံရပ်ခြားက ချင်းလူမျိုးတွေဆီတင်ပို့ပြီး လိုအပ်တဲ့အခန်းခ ရူပီး ၇၀၀၀ (ကျပ်ငွေ ၁၄၀၀၀၀ ကျော်) ကို ရှာဖွေရပါတယ်။

ငါးခြောက်နံ့ကြောင့် အခုနှစ်အစောပိုင်းမှာ ရပ်ကွက်က သူတို့ကို မောင်းထုတ်မယ်လို့ ခြိမ်းခြောက်တာကိုလည်း ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အနိုင်ရခဲ့ပြီးတဲ့နောက် Ngun Sui Men တစ်ယောက် အိမ်ပြန်ဖို့ မျှော်လင့်ခဲ့ဖူးပါတယ်။

“မြန်မာနိုင်ငံဟာ ပြောင်းလဲသွားပြီလို့ လူတွေက ထင်ကြတယ်။ ဒါပေမယ့် စစ်တပ်က ထိန်းချုပ်ထားတုန်းပါ။ အဲဒီမှာနေရတာ မလုံခြုံပါဘူး။ ဒါ့ကြောင့် ပြန်မယ့်အစား ကျွန်မ ဒီမှာပဲ အသေခံလိုက်မယ်”

Ref: Aljazeera

(Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Myanmar’s stateless Chin endure refugee life in India ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Comments are closed.