ဒီဇင်ဘာ ၂၉၊ ၂၀၁၇
M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
ကောင်းကင်ပေါ်မှာ ပျံဝဲဖို့ဆိုတဲ့ စိတ်ကူးဟာ လူသားတွေအပေါ် နှစ်ထောင်းပေါင်းများစွာ စိုးမိုးခဲ့ပြီး စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာ ဖာရိုဘုရင်တွေ အတောင်နဲ့ ပျံသန်းတဲ့ပုံတွေကို ရေးဆွဲပြီး ပျံသန်းချင်တဲ့ သူတို့ရဲ့ စိတ်ဆန္ဒကို နံရံဆေးရေးပန်းချီတွေနဲ့ ဖော်ပြခဲ့ကြပါတယ်။ တရုတ်တွေ၊ ဂရိတွေနဲ့ ပါရှန်တွေမှာလည်း ပျံသန်းမှုနဲ့ ပတ်သက်တဲ့ ရာဇ၀င်တွေ၊ ဒဏ္ဍာရီတွေ ရှိကြပါတယ်။
အဲဒီအထဲက အကျော်ကြားဆုံး ပုံပြင်တစ်ခုကတော့ သက္ကရာဇ် ၁၀၀၀ လောက်မှာ ရေးသားခဲ့တဲ့ အလ်-ဖီရ်ဒေါင်စီ (Al-Firdawsi) ရဲ့ Book of Kings (ရှင်ဘုရင်များအကြောင်း) စာအုပ်မှာ ဖော်ပြထားပါတယ်။ အဲဒါကတော့ ပါရှန်ဘုရင် ကိုင်ကောင်ဝက်စ် (Kai Kawus) ဟာ နတ်ဘုံနတ်နန်းကို သွားရောက်ဖို့ အကြံရလာတာကြောင့် သူ့ရဲ့ ပလ္လင်ကို ပျံသန်းမယ့်ယာဉ်အဖြစ် အသွင်ပြောင်းခဲ့တယ်ဆိုတာပါ။ ပလ္လင်ရဲ့ လေးဘက်လေးလံမှာ တိုင်လေးခုကို ထောင်ပြီး အသားတုန်းတွေတင်ကာ အလွန်ဆာလောင်နေတဲ့ သိန်းငှက်တွေကို တိုင်ရဲ့အောက်ခြေမှာ သံကြိုးနဲ့ချည်ထားပါတယ်။ သိန်းငှက်တွေက အသားတုံးကိုရဖို့ ပျံတက်ရင် ပလ္လင်ပါ လေပေါ်ပျံအောင် ရည်ရွယ်တာဖြစ်ပြီး ငှက်တွေ မောပန်းလာရင်တော့ ပလ္လင်ပျံကြီးလည်း ပျက်ကျမှာ အသေအချာပါပဲ။
အစ္စလာမ်မတိုင်ခင် အာရပ်တွေရဲ့ဒဏ္ဍာရီမှာလည်း မိုးပေါ်ပျံတဲ့ မှော်ဆရာတွေအကြောင်း၊ ငှက်တွေအကြောင်း၊ တန်ခိုးရှင်တွေအကြောင်း၊ နတ်သားတွေအကြောင်း ပုံပြင်တွေ တော်တော်များများ ရှိခဲ့ပါတယ်။ မွတ်စလင်တွေအတွက် ပျံသန်းခြင်းဆိုတာ နာမ်ပိုင်းဆိုင်ရာ အဆင့်အတန်းတစ်ခုပါ။ အကျင့်သီလ စင်ကြယ်စွာနေထိုင်ကာ အချိန်အတိုင်းအတာတစ်ခုအထိ တရားအားထုတ် ကျင့်ကြံပြီးတဲ့နောက် ဒီအဆင့်အတန်းကို ရရှိကာ မိုးပေါ်ပျံတက်နိုင်တာ ဖြစ်ပါတယ်။
တကယ် လေပေါ်မှာပျံနိုင်တဲ့ စက်တစ်ခုကို စတင်တည်ဆောက်ကာ ပျံသန်းပြခဲ့တဲ့ ပထမဆုံး မွတ်စလင်က ၉ ရာစု ကော်ဒိုဘာက အဘတ်စ် အစ်ဗနေ့ ဖီရ်နက်စ် (Abbas ibn Firnas) ဖြစ်ပါတယ်။ သူဟာ ပျံသန်းမှုကို ပထမဆုံးလုပ်တဲ့ လူသားလည်း ဖြစ်ပါတယ်။ ဖီရ်နက်စ်ဟာ သူ့ခေတ် သူ့အခါက စွယ်စုံရ ပညာရှင်တစ်ဦး ဖြစ်ပြီး၊ ထင်ရှားတဲ့ ကဗျာဆရာ၊ နက္ခတ္တဗေဒပညာရှင်၊ ဂီတပညာရှင်နဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ အကြီးမားဆုံး ဂုဏ်သတင်းက လူသားကို လေထဲမှာ ပျံသန်းစေတဲ့ ကိရိယာတစ်ခု ပထမဆုံး တီထွင်နိုင်မှု ဖြစ်ပါတယ်။ သဲထူတဲ့နေရာတွေမှာ အကြိမ်ပေါင်းများစွာ ပျံသန်းကာ သူ့ရဲ့ ကိရိယာကို ပိုမိုကောင်းမွန်အောင် ဖီရ်နက်စ်က ပြင်ဆင်ခဲ့ပြီး ကော်ဒိုဘာမှာ ပြုလုပ်ခဲ့တဲ့ သရုပ်ပြပျံသန်းမှု နှစ်ကြိမ်ကတော့ တော်တော်လေး ထင်ရှားပါတယ်။
ပထမဆုံးပျံသန်းမှုကို သက္ကရာဇ် ၈၅၂ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး သစ်သားဖရိန်နဲ့ လုပ်ထားတဲ့ ပိုးဝတ်ရုံကို ခန္ဓာကိုယ်မှာချည်ကာ ကော်ဒိုဘာ ဂျာမေဗလီကြီးရဲ့ မင်နာရတ်မျှော်စင်ကနေ ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။ ဒီပျံသန်းမှုဟာ မအောင်မြင်ခဲ့ဘဲ အကျတော်တာကြောင့် ဖီရ်နက်စ်ဟာ အသက်ဘေးက လွတ်ခဲ့ပြီး ဒဏ်ရာအနည်းသာ ရခဲ့ပါတယ်။ ဒါဟာ အစောဆုံး လေထီးခုန်မှုတွေထဲက တစ်ခုအဖြစ် မှတ်ယူခံခဲ့ရပါတယ်။ အနောက်တိုင်းရင်းမြစ်တွေက ဖီရ်နက်စ်ကို လက်တင်နာမည်မှားနဲ့ အာရ်မင် ဖီရ်မန်လို့ ဖော်ပြခဲ့ပါတယ်။
အစ်ဗ်နေ့ ဖီရ်နက်စ်ဟာ အတွေ့အကြုံကနေ ကောင်းမွန်စွာ သင်ယူနိုင်သူတစ်ယောက်ပါ။ သူ့ရဲ့ နောက်ထပ်ဒီဇိုင်းကို ပိုကောင်းအောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့တီထွင်မှုကို ကိုယ်တွေ့ကြုံသူတွေရဲ့ ဖောက်သည်ချမှု၊ အလယ်ခေတ်မှတ်တမ်းတွေမှာ ဖော်ပြထားမှုတွေအရ ဖီရ်နက်စ်ရဲ့ လေပေါ်ဝဲ ကိရိယာမှာ တောင်ပံကြီးနှစ်ခု ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နှစ်ပေါင်း ၁၂၀၀ အရင်က အသက် ၇၀ နီးပါးရှိနေပြီဖြစ်တဲ့ အဘိုးအို ဖီရ်နက်စ်ဟာ ပျံသန်းတဲ့ အစီအနင်းတစ်ခုကို ပိုးထည်၊ သိန်းငှက်အမွှေးတွေနဲ့ ပြုလုပ်ခဲ့တယ်ဆိုတာ သိရှိရပါတယ်။
ဒုတိယအကြိမ် သရုပ်ပြပျံသန်းမှုကို ဖီရ်နက်စ်ဟာ ကော်ဒိုဘာဆင်ခြေဖုံး ရူဆာဖာဒေသက တောင်တစ်ခုပေါ်ကနေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပိုးပိတ်စပေါ်မှာ သိန်းငှက်အမွှေးတွေနဲ့ စီရင်ထားတဲ့ ငှက်တောင်ပံဝတ်စုံကို ခန္ဓာကိုယ်မှာ ပိုးကြိုးတွေနဲ့ ခိုင်ခံ့အောင်ချည်ထားပြီး တောင်ပေါ်တက်သွားတဲ့ ဖီရ်နက်စ်ကို လူအုပ်ကြီးက မျှော်တလင့်လင့်နဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ ပထမဆုံး သူ့ရဲ့ လက်နှစ်ဖက်မှာ တပ်ဆင်ထားတဲ့ တောင်ပံတွေနဲ့ ဘယ်လို ပျံသန်းမလဲဆိုတဲ့ အစီအစဉ်ကို ဖီရ်နက်စ်က လူထုကို ရှင်းခဲ့ပါတယ်။
“မကြာခင်မှာ ကျွန်တော်ဟာ ခင်ဗျားတို့ကို အံ့သြမှင်သက်စေမှာပါ။ ဒီတောင်ပံတွေကို တစ်ဖျတ်ဖျတ်ခတ်ပြီး ငှက်တစ်ကောင်လို ပျံဝဲဆင်းသက်မှာ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်ဆိုရင်တာ့ အချိန်အတိုင်းအတာတစ်ခုအထိ လေပေါ်မှာ ၀ဲပျံကာ အန္တရာယ်ကင်းကင်းနဲ့ ခင်ဗျားတို့ဆီကို ပြန်လာနိုင်မှာ ဖြစ်ပါတယ်”
ဖီရ်နက်စ်ဟာ တော်တော်မြင့်မြင့်မှာ ၁၀ မိနစ်လောက် ပျံသန်းနိုင်ခဲ့ပေမယ့် မြေပြင်ပေါ်အဆင်းမှာ တစ်ရှိန်ထိုးကျခဲ့ပြီး တောင်ပံတွေ ပျက်ဆီးကာ ခါးရိုးနုတစ်ခုလည်း ကျိုးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက် နောက်ပိုင်းမှာ ဖီရ်နက်စ်က အမြီးရဲ့ အခန်းကဏ္ဍကို နားလည်သွားပြီး ငှက်တွေ မြေပြင်ကိုဆင်းတဲ့အခါ အမြီးအားပြု ဆင်းတာဖြစ်ကာ သူ့မှာ ဒီလို အမြီးမပါတဲ့အတွက် ပျက်ကျခဲ့တာလို့ မိတ်ဆွေတွေကို ပြောပြခဲ့ပါတယ်။
ခေတ်သစ် လေယာဉ်တွေအားလုံးဟာ မြေပြင်ပေါ်ဆင်းတဲ့အခါမှာ နောက်ဘီးကို အရင်ချပြီး ဒါဟာ ဖီရ်နက်စ်ရဲ့မှတ်ချက်ကို သက်သေပြနေတာလည်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ကြုံတွေ့လိုက်ရတဲ့တစ်ယောက်က “သူဟာ ငှက်တစ်ကောင်လို တော်တော်ဝေးဝေး ပျံသန်းနိုင်ခဲ့ပေမယ့် စပျံတဲ့နေရာကို တစ်ရှိန်ထိုးပြန်ကျခဲ့ပြီး ခါးလည်း တော်တော်ထိသွားပါတယ်။ ငှက်တွေဟာ မြေပေါ်ကို အမြီးအားပြုပြီး သာသာလေးဆင်းတယ်ဆိုတာ သူ မသိခဲ့တာကြောင့် အမြီးထည့်ဖို့လည်း မေ့သွားခဲ့ပါတယ်” လို့ ရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။
ဖီရ်နက်စ်ရဲ့ ဒီကြိုးပမ်းဟာ လီယိုနာဒို ဒါဗင်ချီက ပျံသန်းနိုင်တဲ့စက်တစ်ခုကို ပုံဖော်ရေးဆွဲမှု၊ ရိုက်ညီနောင်ရဲ့ ပထမဆုံး လေယာဉ်တီထွင်မှု မတိုင်ခင် ရာစုနှစ်ချီအရင်က ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ကံမကောင်းတာက ဒီပျံသန်းမှုမှာ ဒဏ်ရာရသွားတာကြောင့် ဖီရ်နက်စ်ဟာ နောက်ပိုင်းမှာ စမ်းသပ်မှုတွေ ထပ်မလုပ်နိုင်တော့တာပါ။ ဒါပေမယ့် သူဟာ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး သူ့အလုပ်သင်တွေထဲက တစ်ယောက်ယောက်ကို ပိုကောင်းတဲ့တစ်ခု ဖန်တီးဖို့ လမ်းညွှန်ခဲ့ပါတယ်။
ဖီရ်နက်စ်ရဲ့ ဒီပျံသန်းတဲ့ကိရိယာကို ရော်ဂျာ ဘေကွန် (Roger Bacon) က သူ့ရဲ့စာအုပ်မှာ အော်နီသိုပတာ (Ornithopter) လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ၁၂၆၀ ခုနှစ်မှာ ဘေကွန်ဟာ On the Marvelous Powers of Art and Nature (အနုပညာနှင့် သဘာဝ၏ အံ့ချီးဖွယ် စွမ်းအားများဖြင့်) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပြီး လူသားတွေ ပျံသန်းနိုင်မယ့် နည်းလမ်း ၂ မျိုးကို ဖော်ပြခဲ့ပါတယ်။ တစ်မျိုးကတော့ နောက်ပိုင်းမှာ အော်နီသိုပတာလို့ သိကြတဲ့ ကိရိယာအကြောင်း အကြမ်းဖျင်းဖြစ်ပါတယ်။ နောက်တစ်မျိုးက ပုံမှန်မဟုတ်တဲ့လေ ဖြည့်ထားတဲ့ ဘောလုံးအကြောင်းဖြစ်ပြီး တော်တော်အသေးစိတ် ရေးထားတာပါ။ ဘေကွန်ဟာ ဖီရ်နက်စ်ရဲ့ဇာတိ ကော်ဒိုဘာမှာ ပညာသင်ယူခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် အော်နီသိုပတာနဲ့ပတ်သက်ပြီး ခေတ်ပြိုင် မွတ်စလင်သိပ္ပံကျမ်းတွေကို မှီညမ်းရေးထားတာမျိုး ဖြစ်ဖွယ်ရှိပါတယ်။ အော်နီသိုပတာနဲ့ပတ်သက်ပြီး မွတ်စလင်သိပ္ပံကျမ်းတွေကတော့ အဲဒီကတည်းက ပျောက်ပျက်သွားခဲ့ပါတယ်။
အစ်ဗနေ့ ဖီရ်နက်စ်ဟာ သက္ကရာဇ် ၈၈၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ ရေးသားမှုတွေ တစ်ခုမှ ဒီနေ့အချိန်မှာ မရှိတော့ပါဘူး။ သူ့ခေတ်တုန်းက အသက်ရှင်သူတစ်ချို့ရဲ့ ရေးသားမှတ်တမ်းတင်မှုတွေ၊ ရာဇ၀င်ဆရာတွေရဲ့ ဖော်ပြမှုတွေကနေတစ်ဆင့် သူ့ရဲ့အကြောင်းကို ပြန်လည် စုစည်းရတာ ဖြစ်ပါတယ်။
အစ်ဗနေ့ ဖီရ်နက်စ်နောက်ပိုင်းမှာ မွတ်စလင်ရော၊ မွတ်စလင်မဟုတ်သူတွေပါ လေပေါ်ပျံသန်းနိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြပြီး၊ စမ်းသပ်ပျံသန်းမှု တော်တော်များများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ၁၀၀၂ ခုနှစ်မှာ တူရကီ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ အလ်-ဂျူဟာရီ (Al-Juhari) ဟာ သစ်သားနဲ့ ကြိုးတွေအသုံးပြုပြီး ဖန်တီးထားတဲ့ တောင်ပံကိုသုံးကာ အူလူဗလီ (Ulu Mosque) ရဲ့ မင်နာရတ်မျှော်စင်ပေါ်ကနေ ခုန်ချပျံသန်းပြခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ မြေပြင်ပေါ်ပျက်ကျ သေဆုံးခဲ့ပါတယ်။ သက္ကရာက် ၁၁ ရာစု အင်္ဂလိပ် ခရစ်ယာန်ဘုန်းတော်ကြီး အီလ်မာ အော့ဖ် မာလ်မက်စ်ဘူရီ (Eilmer of Malmesbury) ဟာ ၁၀၁၀ ခုနှစ်မှာ တာဝါတစ်ခုပေါ်ကနေ ပျံသန်းပြကာ ပေ ၆၀၀ လောက် အကွာအဝေးကို ရောက်ခဲ့ပေမယ့် အမြီးမပါတဲ့အတွက် တစ်ရှိန်ထိုးပြုတ်ကျကာ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားခဲ့ပါတယ်။
အဲဒီကြိုးပမ်းမှုတွေနောက်ပိုင်းမှာ လူသားရဲ့ လေကြောင်းသမိုင်းဟာ ခေတ္တငြိမ်သက်ခဲ့ပြီး နာမည်ကျော် ဖလော့ရင့် အနုပညာရှင်နဲ့ သိပ္ပံပညာရှင် လီယိုနာဒိုဒါဗင်ချီရဲ့ လက်ထက်ရောက်မှ ပြန်လည်တစ်ခေတ်ဆန်းခဲ့ပါတယ်။
လီယိုနာဒို ဒါဗင်ချီဟာ လူသားတွေ ပျံသန်းနိုင်ဖို့ ကြိုးစားမှုမှာ လက်တွေ့ကျတဲ့ သိပ္ပံဆိုင်ရာ အယူဆကို သွတ်သွင်းပေးခဲ့ပါတယ်။ ကိုယ်တိုင် မပျံသန်းခဲ့ပေမယ့် သူဟာ လူတွေရဲ့ ကျောကုန်းမှာ တပ်ဆင်ပျံသန်းရတဲ့ အော်နီသိုပတာလို့ခေါ်တဲ့ ငှက်အတောင်ပံ အပါအ၀င် လေယာဉ်ပျံ၊ ပျံသန်းမှုဆိုင်ရာနဲ့ ဆက်စပ်တဲ့ အကြောင်းတွေကို ပုံတွေ၊ စာတွေနဲ့တကွ တော်တော်များများ ရေးသားခဲ့ပါတယ်။ ဂလိုက်ဒါလို ယာဉ်မျိုး ရေးဆွဲထားတာတွေလည်းရှိပြီး တစ်ချို့က ဒါကို ဟယ်လီကော်ပတာလို့တောင် ခေါ်ဆိုကြပါတယ်။
၁၆၆၃ ခုနှစ်မှာ လာဂါရီ ဟာဆန် ဆီလီဗီ (Lagari Hasan Celebi) ဆို့တဲ့ တာ့ခ်လူမျိုးတစ်ယောက်ဟာ လောင်စာအဖြစ် ယမ်းမှုန့် ပေါင် ၃၀၀ ကို အသုံးပြုပြီး လူစီးတဲ့ ဒုံးပျံကို ပထမဆုံး တီထွင်ပစ်လွှတ်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ပန်းချီဆရာတစ်ယောက်က ရေးဆွဲ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ၀ီလီယံ အီး ဘာရိုး (William E.Burrows) က သူ့ရဲ့ The New Ocean: The Story of the First Space Age (သမုဒ္ဒရာသစ် – အာကာသခေတ်သစ်အကြောင်း) စာအုပ်မှာ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
“လာဂါရီ ဟာဆန် ဆီလီဘီ ဆိုတဲ့ တာ့ခ်လူမျိုးတစ်ယောက်ဟာ ဆူလ်တန် မူရဒ် ၄ (Sultan Murad IV) ရဲ့ သမီး ကာယာ ဆူလ်တန် (Kaya Sultan) မွေးဖွားတဲ့အထိမ်းအမှတ်အဖြစ် ယမ်းမှုန့် ၅၄ ပေါင်ကို အသုံးပြုပြီး ကောင်းကင်ပေါ်ကို ပစ်ဖောက်ခဲ့ပါတယ်။ ဒီဒုံးပျံက ဆီလီဘီကို လေထဲ ခေါ်ဆောင်သွာပြီး ခပ်မြင့်မြင့်ရောက်တဲ့အခါ သူဟာ တောင်ပံတွေကိုဖြန့်ကာ နန်းတော်ရဲ့အရှေ့မှာ အန္တရာယ်ကင်းစွာ ဆင်းပြနိုင်ခဲ့ပါတယ်။ ဆီလီဘီဟာ ရွှေတုံးတစ်အိတ် ဆုလာဘ်အဖြစ် ရခဲ့ပြီး မြင်းတပ်အရာရှိလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ခရိုင်းမီးယားတိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ပြောစမတ်ရှိပါတယ်”
၁၇ ရာစုမှာ နောက်ထပ် တာ့ခ်လူမျိုးတစ်ဦးဖြစ်တဲ့ ဟာဇာဖန် အဟ်မဒ် ဆီလီဘီ (Hazaren Ahmed Celebi) ဟာ တောင်ပံမှာ သိမ်းငှက်အမွှေးတွေကိုချည်ကာ ပျံသန်းဖို့ ကြိုးစားခဲ့ပါတယ်။ စမ်းသပ်မှု ၉ ကြိမ်ပြုလုပ်ပြီးနောက်ပိုင်းမှာ တောင်ပံနောက်ဆုံးဒီဇိုင်းကို ဟာဇာဖန်က ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံး ပျံသန်းမှုက ၁၆၃၈ ခုနှစ် အစ္စတန်ဘူလ်မြို့က ဘော့စ်ပိုရက်စ်ရေလက်ကြားအနီး ဂါလာတာတာဝါက ပျံသန်းမှုဖြစ်ပြီး ရေလက်ကြားရဲ့တစ်ဖက်ကို အောင်မြင်စွာ ဆင်းပြနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကိုယ့်တွေ့ကြုံခဲ့တဲ့ တူရကီသမိုင်းပညာရှင် အီဗ်လီယာ ဆီလီဘီက ‘နာမည်ကျော် တူရကီ ပျံသန်းရေးသမားဟာ သိန်းငှက်တွေရဲ့ ပျံသန်းမှုကို လေ့လာမှုကနေ ထွက်လာတဲ့ အလ်-ဂျူဟာရီ (Al-Juhari) ရဲ့ တွက်ချက်မှုကို ပြင်ဆင်၊ ချိန်ညှိကာ အသုံးပြုခဲ့ပါတယ်။ ဟာဇာဖန်ဟာ သူ့ရဲ့အောင်မြင်မှုအတွက် လာဘ်လာဘအဖြစ် ရွှေတုံးတော်တော်များများ ရရှိခဲ့ပြီး သူ့ရဲ့ သမိုင်းဝင်ပျံသန်းမှုကို ဂုဏ်ပြုတဲ့အနေနဲ့ တူရကီ စာတိုက်တံဆိပ်ခေါင်းမှာလည်း သူ့ပုံကို ရိုက်နှိပ်ခဲ့ပါတယ်’ လို့ သူ့ရဲ့ A Book of Travel (ခရီးသွားမှတ်တမ်း) မှာ ဖော်ပြထားပါတယ်။
ဘော့စ်ပိုရက်စ် ရေလက်ကြားကို ဖြတ်ပြီး ပျံသန်းခဲ့ပြီးတဲ့နောက်ပိုင်း မီးပုံးပျံနဲ့ လေပေါ်ပျံမယ့် အစီအစဉ်ကို လူသိရှင်ကြား ဆောင်ရွက်ခဲ့သူကတော့ မွန့်ဂိုလ်ဖိုင်ယာ (Montgolfier) ညီအစ်ကို ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီပျံသန်းမှုမှာ သိုးတစ်ကောင်၊ ဘဲတစ်ကောင်နဲ့ ကြက်ဖတစ်ကောင်တို့ကို တင်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သီတင်းပတ်အနည်းငယ်အကြာမှာတော့ သိပ္ပံဆရာတစ်ဦးဖြစ်တဲ့ ဂျန် ဖရန်ကိုအစ် ပီလဲထရီ ဒီ ရိုဇီယာ (Jean Francois Pilatre de Rozier) နဲ့ စစ်တပ်အရာရှိ မားကွစ် ဒီ အာလန်ဒက်စ် (Mrquis d’rlandes) တို့ဟာ မီးပုံပျံနဲ့ ပဲရစ်မြို့ပေါ်မှာ ၉ ကီလိုမီတာ (၅.၆ မိုင်) လောက် ပျံသန်းပြခဲ့ပြီး ကမ္ဘာ့ ပထမဆုံး လေကြောင်းခရီးသွားတွေ ဖြစ်ခဲ့ပါတယ်။
၁၉ ရာစု လေကြောင်းနယ်ပယ်မှာ ထင်ရှားသူက ဂျာမန်နိုင်ငံသား အိုတို လီလီယန်သဲလ် (Oto Lilienthal) ဆိုသူဖြစ်ပြီး မြေပြင်က ပင့်တက်အား၊ အသုံးအ၀င်ဆုံး တောင်ပံအကွေးပုံစံ၊ တောင်ပံရဲ့ မတူညီတဲ့ ထောင့်ချိုးတွေကြောင့် ဖိအားပြောင်းလဲပြီး ရွေ့လျားမှု စတာတွေကို လေ့လာခဲ့ပြီး ဒါတွေဟာ လေယာဉ်တစ်ခု တည်ငြိမ်ဖို့အတွက် အရေးကြီးတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ သူ့မှာ လက်နဲ့ ချိတ်လိုက်ရတဲ့ ဂလိုက်ဒါကောင်းကောင်းတစ်ခု ရှိခဲ့ပေမယ့် ၁၈၉၆ ခုနှစ် ဘာလင်က တောင်းကုန်းတွေပေါ်မှာ ပျံသန်းစဉ် လေတစ်ချက်အဝှေ့မှာ ဂလိုက်ဒါက တစ်ရှိန်ထိုး ကျဆင်းပြီး ပြန်မထိန်းချုပ်နိုင်တာကြောင့် ပျက်ကျသေဆုံးခဲ့ပါတယ်။
၁၉၀၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ ရိုက်ညီနောင် လုပ်ခဲ့တဲ့ ပျံသန်းမှုဟာ လူတွေသိထားတဲ့ လေကြောင်းသမိုင်းမှာ အကျော်ကြားဆုံး ဖြစ်ပါတယ်။ ၀ီလ်ဘာ ရိုက် (Wilbur Wright) ဟာ အစ်ဗနေ့ ဖီရ်နက်စ်လို ငှက်တွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ ငှက်တွေဟာ ဘေးဟန်ချက် ထိန်းတဲ့အခါမျိုး၊ ဘေးလှည့်တဲ့အခါမျိုးမှာ တောင်ပံကို ကွေးပြီး လှည့်တယ်ဆိုတာ ၀ီလ်ဘာ ရိုက်က သတိထားမိခဲ့ပြီး ဒီလို ရွေ့လျားမှုစနစ် ပါဝင်တဲ့ စွန်တစ်ခုကို တီထွင်ကာ စမ်းသပ်ခဲ့ပါတယ်။
စက်အားနဲ့သွားတဲ့ လေယာဉ်ကို မတီထွင်ခင်မှာ ရိုက်ညီနောင်ဟာ ဂလိုက်ဒါတွေကို အသုံးပြု ပျံသန်းခဲ့ပြီး ‘မတော်တဆဖြစ်ရပ်မျိုးကို ရှောင်ရှားဖို့၊ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေရဖို့’ ရည်ရွယ်တာဖြစ်ပါတယ်။ လေယာဉ်ကို ကွေ့တဲ့အခါမှာ ပိုမိုညင်သာဖို့အတွက် သူတို့နှစ်ယောက်ဟာ အမြီးပိုင်းနဲ့ တောင်ပံတွေမှာ တက်မတွေ တပ်ဆင်ကာ ပေါင်းစပ်အသုံးပြုတဲ့ အရေးပါတဲ့ နည်းလမ်းတစ်ခုကိုလည်း ဖော်ထုတ် အသုံးပြုနိုင်ခဲ့ပါတယ်။ ၁၉၀၈ ခုနှစ်မှာ ၀ီလ်ဘာ ရိုက်ဟာ ပြင်သစ်မှာ သူတို့ရဲ့လေယာဉ်ပျံကို ပထမဆုံး ပျံသန်းပြခဲ့ပြီး တစ်နှစ်အတွင်း ဟင်နရီ ဖာမန် (Henri Farman) နဲ့ လူးဝစ် ဘလီရီယော့တ် (Bleriot) တို့ကလည်း ပျံသန်းမှုတွေကို တိုးချဲ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို လေကြောင်းသမိုင်း၊ အာကာသအထိ ခရီးပေါက်မှုတွေဟာ လေပေါ်ပျံတက်ဖို့ဆိုတဲ့ စိတ်ကူးကို သိန်းငှက်အမွှေး၊ ပိုးပိတ်စတွေနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ အစ်ဗနေ့ ဖီရ်နက်စ်ဆိုတဲ့ လူတစ်ယောက်ကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်
Comments