ဖေဖော်ဝါရီ ၂၁၊ ၂၀၁၈
M-Media
– တရုတ်နိုင်ငံရဲ့ Belt and Road စီမံကိန်းဟာ မြန်မာနိုင်ငံက သဘာဝဂေဟသိုက်တွေနဲ့ တိုင်းပြည်လူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ လူ ၂၄ သန်းလောက်ကို အန္တရာယ်ဖြစ်စေမယ်လို့ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ World Wide Fund for Nature က ပြောကြားလိုက်ပါတယ်။
Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် လမ်းဖောက်ပေးမယ့် အစီအစဉ်ဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ထက်ဝက် လူ ၂၄ သန်းလောက် နေထိုင်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ဘေးပတ်ဝန်းကျင်က တောင်တန်းဒေသတွေမှာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦးတွေ ပြည့်စုံလာစေမှာပါ။ အဲဒီလူတွေဟာ သစ်တောတွေ၊ မြစ်တွေ၊ မြေယာတွေ၊ ဇီဝညီညွတ်မှုတွေ အပါအ၀င် သဘာဝဂေဟသိုက်တွေကို မှီခိုနေရတာဖြစ်ပြီး၊ သောက်ရေရရှိမှု၊ သဘာဝဘေးအန္တရာယ်လျော့ပါးမှုတွေလို အကျိုးကျေးဇူးတွေကိုလည်း ခံစားနေရပါတယ်။
“ဂေဟစနစ်တွေကို ဖဲပစ်မယ့်၊ တောရိုင်းတိရစ္ဆာန်တွေကို ထိခိုက်စေမယ့်၊ သစ်တောပြုန်းတီးမှု၊ မြေပြိုမှု၊ လေထုညစ်ညမ်းမှုတွေ ဖြစ်စေမယ့် နည်းလမ်းတွေနဲ့ လမ်းတွေဖောက်မယ်ဆိုရင် BRI လမ်းစီမံကိန်းကြောင့် ရရှိမယ့် အကျိုးအမြတ်တွေဟာ နောက်ပိုင်းဖြစ်လာမယ့် လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေး ဆိုးကျိုးတွေကို ကာမိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပိုမိုကောင်းမွန်တဲ့ ပလန်တွေ၊ ဒီဇိုင်းတွေနဲ့ ဒီအန္တရာယ် တွေကို ရှောင်ရှားတာ၊ ဟန့်တားတာမျိုး လုပ်နိုင်ပါတယ်” လို့ WWF Myanmar ရဲ့ အစိမ်းရောင် စီးပွားရေးစီမံကိန်းနဲ့ ပေါ်လစီမန်နေဂျာ ဟန်နာ ဟဲလ်ဆင်ဂန်က ပြောပါတယ်။
ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ သူတို့အဖွဲ့ရဲ့ အစီရင်ခံစာဟာ Belt and Road စီမံကိန်းကြောင့် မြန်မာနိုင်ငံက သဘာဝဂေဟသိုက်တွေ၊ အဲဒါကို မီခိုနေရသူတွေအပေါ် သက်ရောက်မယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကနဦး သုံးသပ်ထားတာ ဖြစ်ပါတယ်။
Myanmar Centre for Responsible Business က ဒါရိုက်တာဖြစ်သူ ဗစ်ကီ ဘောင်းမန်းက ဆိုးကျိုးတွေကို တားဆီးဖို့၊ လျော့ချဖို့နဲ့ ဟန့်တားဖို့အတွက် ထိရောက်တဲ့ ဆွေးနွေးအကြံပြုမှုတွေ၊ အပြန်အလှန်သုံးသပ်မှုတွေ အပါအ၀င် International Finance Corporation (IFC) အဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တွေက သတ်မှတ်ထားတဲ့ စံနှုန်းနဲ့အညီ လေ့လာမှုတွေလုပ်ကာ မြန်မာနိုင်ငံရဲ့ EIA မူဘောင်အတိုင်း အခြေခံအဆောက်အဦးတွေကို ဆောက်လုပ်မယ်ဆိုရင် ဒီလို ပြဿနာတွေကို ရှောင်ရှားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
“ဥပဒေမှာ ဟာကွက်တွေက ကျိန်းသေရှိနေပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဆောက်လုပ်ရေးဆိုင်ရာ စံနှုန်းတွေ ပြည့်ပြည့်၀၀ မရှိဘူး။ ဇီဝညီညွတ်မှု မျှတဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေလည်း မရှိပါဘူး။ ဒါပေမယ့် တစ်ချို့လုပ်ငန်းရှင်တွေက နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း စီမံကိန်းတွေကို
ဆောင်ရွက်ကြတယ်။ တစ်ချို့တွေကတော့ အစိုးရ ဒါမှမဟုတ် အခြားအဖွဲ့တွေက မပြောမချင်း ခိုတာမျိုး၊ မပါမဖြစ်လောက်ကိုသာ ထည့်တာမျိုး လုပ်ပါတယ်” လို့ ဘောင်းမန်းက ရှင်းပြပါတယ်။
မြန်မာနိုင်ငံက BRI လမ်းကြောင်း
“ဆောက်ပေးမယ်လို့ တရုတ်ကပြောထားတဲ့ အရှေ့-အနောက် လမ်းကြောင်း၊ တောင်-မြောက်လမ်းကြောင်းတွေဟာ မြန်မာနိုင်ငံ ရှေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အခြေခံကျတဲ့ သဘာဝဂေဟသိုက်တွေကို ဘယ်လို မှီခိုနေလဲ၊ ဘယ်လို ထိခိုက်နိုင်မလဲ ဆိုတာကို WWF ရဲ့ အစီရင်ခံစာမှာ အဓိကထား ဖော်ပြထားတာပါ ” လို့ အဖွဲ့ရဲ့ အစိမ်းရောင်စီးပွားရေးဆိုင်ရာ တာဝန်ရှိသူ စိုင်းနေ၀န်းမြင့်က ထပ်ပြောပါတယ်။
တရုတ်ရဲ့ Belt and Road စီမံကိန်းမှာ အဓိကအပိုင်းက လမ်းပန်းဆက်သွယ်ရေး တိုးတက်ဖို့၊ ကုန်သွယ်ရေး တိုးတက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် စီးပွားရေးဆိုင်ရာ လမ်းကြောင်းတွေ ဖန်တီးပေးဖို့ဖြစ်ပါတယ်။ ကျွဲကူးရေပါဆိုသလို ဒါတွေဟာ ၀န်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းတွေကိုလည်း အထောက်အကူဖြစ်စေမှာပါ။
ပြီးခဲ့တဲ့နှစ် PwC Growth Markets Centre က ထုတ်ပြန်ခဲ့တဲ့ Repaving the ancient Silk Routes အစီရင်ခံစာမှာ တရုတ်ရဲ့ အကြံကြီးတဲ့ ဒီစီမံကိန်းက စီးပွားရေးလမ်းကြောင်း ၆ ခုအတွင်း မြန်မာနိုင်ငံဟာ ကုန်းလမ်းရေလမ်း နှစ်ခုလုံးပါမယ့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) လမ်းကြောင်း၊ တရုတ်-အင်ဒိုချိုင်းနားရေလမ်းကြောင်း စတဲ့ လမ်းကြောင်းနှစ်ခုမှာ ဘယ်လို ပါဝင်နေလဲဆိုတာကို ဖော်ပြထားပါတယ်။
BCIM လမ်းကြောင်းဟာ ယူနန်ပြည်နယ်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေအကြား ဆက်သွယ်မှု ခိုင်မာအောင်၊ ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း စီးပွားရေးပေါင်းစည်းမိအောင် ရည်ရွယ်တာဖြစ်ပါတယ်။ ဒုတိယလမ်းကြောင်းမှာတော့ အာဆီယံဒေသအတွင်း တရုတ်ရဲ့ လမ်းဖောက်ရေးစီမံကိန်း တော်တော်များများ ပါဝင်ပါတယ်။
အစီရင်ခံစာမှာ လေ့လာတင်ပြထားတဲ့ လမ်းကြောင်းနှစ်ခုက မန္တလေးနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကနေတစ်ဆင့် တရုတ်နဲ့ တောင်အာရှကိုဆက်မယ့် အရှေ့-အနောက် လမ်းကြောင်းဖြစ်ပြီး၊ ဒုတိယတစ်ခုဖြစ်တဲ့ တောင်-မြောက်လမ်းကြောင်းက အရှေ့-အနောက် လမ်းကြောင်းကနေ ခွဲထွက်ကာ ရန်ကုန်ကနေတစ်ဆင့် အိန္ဒိယသမုဒ္ဒရာထဲထွက်မယ့် လမ်းကြောင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အခွင့်အလမ်းများ
BRI ရဲ့ အရှေ့-အနောက်၊ တောင်-မြောက် လမ်းကြောင်းတွေကို ဆောက်လုပ်မှုဟာ မြန်မာနိုင်ငံရဲ့ လူမှု-စီးပွားရေးနဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးကို တော်တော်လေး အထောက်အကူဖြစ်စေမှာပါ။ ဒီလမ်းကြောင်းတွေက လမ်းတွေဟာ နိုင်ငံတစ်ဝှမ်းက မြို့ပြတွေ၊ လူ့အဖွဲ့အစည်းတွေကို အိမ်နီးချင်းနိုင်ငံတွေ
အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ အိန္ဒိယတို့က အဓိကမြို့တွေ၊ ဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးဆဲ နိုင်ငံတွေက အတွေ့အကြုံတွေအရ BRI လမ်းကြောင်း စီမံကိန်းကြောင့် အလုပ်အကိုင်ရရှိမှု၊ ပညာရေးအခွင့်အလမ်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေမယ့် အလားအလာတွေ ရှိနေပြီး၊ ထုတ်ကုန်တိုးမြင့်မှု၊ ၀င်ငွေတိုးတက်မှု၊ ကုန်သွယ်ရေး ကုန်ကျစားရိတ် သက်သာမှုနဲ့ အတားအဆီးများ လျော့ပါးမှု၊ စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍတွေမှာ လျင်လျင်မြန်မြန်တိုးတက်မှု စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
သဘာဝ ဂေဟသိုက်များအား ထိခိုက်နိုင်မှု
ဒါပမယ့် BRI ရဲ့ လမ်းစီမံကိန်းဟာ သဘာဝဂေဟသိုက်တွေ၊ အဲဒီကနေတစ်ဆင့် လူတွေ ရရှိနေတဲ့ -မြေပြိုမှု၊ ရေကြီးမှု၊ ရေထုညစ်ညမ်းမှု သိပ်မဖြစ်တာလို – အကျိုးကျေးဇူးတွေကို ထိခိုက်စေနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ BRI လမ်းကြောင်းရဲ့ ခိုင်ခံ့မှု၊ ကြာရှည်ခံမှုဟာ ရေကြီးမှု၊ ကမ်းပြိုမှု လျော့နည်းတာလို ‘ဂေဟစနစ်ရဲ့ အကျိုးကျေးဇူးတွေ’ တွေအပေါ် ဘယ်လောက် မှီခိုနေလဲဆိုတာကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
BRI လမ်းကြောင်းတွေဟာ ပြည်သူ ၂၄ သန်းလောက်နေကြတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ဖြတ်သွားမှာ ဖြစ်ပါတယ်။ ဒီလူတွေဟာ သောက်ရေ၊ ခြောက်သွေ့ရာသီမှာ မပြတ်ရနေတဲ့ ရေအရင်းမြစ်တွေအတွက် သဘာဝ ဂေဟသိုက်တွေအပေါ် မှီခိုနေရပြီး၊ ဘသာဝဘေးအန္တရာယ် လျော့ပါးနေတာ
ကလည်း အရေးပါတဲ့ မှီခိုမှုတွေထဲက တစ်ခုဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်၊ တောင်းရိုင်းတိရစ္ဆာန်နဲ့ လူ့အဖွဲ့အစည်းတွေအပေါ် အဲဒီအရာတွေရဲ့ သက်ရောက်မှုတွေကို ထည့်မတွက်ဘဲ လမ်းတွေကို ဖောက်လုပ်မယ်ဆိုရင် BRI စီမံကိန်းရဲ့ ရလဒ်တွေက လူမှု-စီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးတွေကို သိသိသာသာ ထိခိုက်လာနိုင်ပါတယ်။
အကြံပြုချက်များ
စိုင်းနေ၀န်းမြင့်က ဒီဇိုင်းမှန်မှန်တဲ့ ပလန်ကောင်းကောင်းချဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
“လမ်းတွေနဲ့ အခြား စီမံကိန်းတွေကို ဒီဇိုင်းဆွဲပြီး ပလန်ချတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားတာက ပိုကောင်းပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေကို အမှန်တကယ် ရှောင်ရှားဖို့ ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ။ စီမံကိန်း နောက်ပိုင်းရောက်မှ ဆိုးကျိုးတွေ မဖြစ်အောင် လုပ်ရတာထက်စာရင် ဒါက ငွေရေးကြေးရေးအရလည်း ကုန်ကျမှု နည်းပါတယ်” လို့ စိုင်းနေ၀န်းမြင့်က ဆိုပါတယ်။
အစီရင်ခံစာ၏ အကြံပြုချက်များ
၁။ တရုတ် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားသည့် ‘Guidance on the Building of the Green Belt and Road’ လမ်းညွှန်ချက်ပါ စံချိန်စံညွှန်းများ၊ ရေရှည်တည်တံ့ရေး ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ သို့မဟုတ် ရေရှည်တည်တံ့သော အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံနှုန်းများကို အသေအချာ လိုက်နာရန်
၂။ ရေကြီးမှု၊ ကမ်းပြိုမှု၊ ဇီဝညီညွတ်မှုတို့ကဲ့သို့ ဆက်စက်နေသည့် အန္တရာယ်များကို ပိုမိုနားလည်အောင် ဆောင်ရွက်ရန်၊ ရရှိထားသည့် အချက်အလက်များကို လမ်းဖောက်လုပ်မည့် စီမံကိန်းများနှင့် ဒီဇိုင်းများတွင် ထည့်သွင်းရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ သုံးသပ်မှုနှင့် သဘာဝန်ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များ (EIAs) ကို စံချိန်မီအောင် ဆောင်ရွက်ရန်
၃။ လမ်းအူကြောင်းနေရာနှင့် စီမံကိန်းကြောင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို သုံးသပ်ကာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကို ရှောင်ရှားဆောင်ရွက်ရန်
၎။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်များနှင့် ဘေးမဲ့တောများ ထားပေးခြင်း၊ ဆုံးရှုံးသွားသည့် သစ်ပစ်များအား ပြန်စိုက်ခြင်းတို့ အပါအ၀င် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ တိုးပွားစေမည့် BRI ဒီဇိုင်းမျိုး ဖြစ်ရန်
၅။ လှုမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ရှောင်ရှားနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် BRI စီမံကိန်းမှ အကျိုးကျေးဇူးများကို မျှဝေခံစားနိုင်ရေးအတွက် စီမံကိန်းဆောင်ရွက်မှု အဆင့်တိုင်းတွင် မြန်မာ့လူ့အဖွဲ့အစည်းက ပူးပေါင်းပါဝင်ရန်
(Myanmar Times တွင် ဖော်ပြထားသည့် Belt and Road road corridors put half of Myanmar’s population at risk ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments