ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
M-Media
– ပဲရစ်မြို့လယ်ကောင်က Auchan လို့ခေါ်တဲ့ စူပါမားကတ်မှာ မဂ်ဒါလီနာ ဒေါ့စ် ဆန်းတို့စ်ဟာ မနက်တိုင်း ‘ပြင်သစ် ရိက္ခာဘဏ်’ က ကားဆရာ အဟ်မဒ် ဒူဒူ ဂျာဘရာနီနဲ့ တွေ့ဆုံပါတယ်။
စူပါမားကတ်ရဲ့ ပို့ဆောင်ရေးပိုင်းကို တာဝန်ယူရတဲ့ ဒေါ့စ်ဆန်းတို့စ်ဟာ မားကတ်ရဲ့ အစားအသောက် လှူဒါန်းမှုကိုလည်း ကြီးကြပ်ပါတယ်။ သူမဟာ မကြာခင် သက်တမ်းကုန်တော့မယ် ချက်ပြုတ်ပြီးသား အစားအသောက်တွေကို ဖယ်ထားပါတယ်။
ဒေါ့စ်ဆန်းတို့စ်တစ်ယောက် ဧရာမ ရေခဲသေတ္တာကြီးကို ဖွင့်လိုက်ပြီးတဲ့နောက် လှူဒါန်းမယ့် ဒိန်ချဉ်တွေ၊ ပီဇာတွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ချီးစ်တွေကို ပြသပါတယ်။
ပြင်သစ်မှာ မကုန်ဘဲကျန်ရစ်တဲ့ အစားအသောက်တွေကို လှူဒါန်းတာမျိုးဟာ စေတနာသဒ္ဒါတရား သက်သက်မဟုတ်ဘဲ စားလို့ရသေးတဲ့ အစားအစာတွေ လွှင့်ပစ်တာကို ပိတ်ပင်ထားတဲ့ ၂၀၁၆ ခုနှစ် ဥပဒေအရ လုပ်နေတာလည်း ဖြစ်ပါတယ်။
မကုန်ဘဲကျန်တဲ့ အစားအသောက်ကို လွှင့်ပစ်မယ်ဆိုရင် တစ်ခုစီတိုင်းအတွက် စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေဟာ ကန်ဒေါ်လာ ၄၅၀၀ ဒဏ်ငွေပေးဆောင်ရမှာပါ။
အစားအသောက်တွေ အလဟသဖြစ်မှုဟာ ကမ္ဘာနဲ့ချီတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ထုတ်လုပ်တဲ့အဆင့်မှာပဲ အစားအသောက်တွေ ပျက်ဆီးတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ စားသုံးတဲ့ အချိန်မျိုးမှာ လွှင့်ပစ်ကြပါတယ်။ အစားအသောက် အလဟသဖြစ်မှု အများစုဟာ အစားအသောက်အရောင်းဆိုင်
တွေမှာ ဖြစ်နေကြတာပါ။ ပြင်သစ်ကတော့ ဒီအခြေအနေကို ၂ နှစ်သက်တမ်းရှိတဲ့ ဥပဒေနဲ့ ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။
စူပါမားကတ်မှာ အစားအသောက်တွေပေးတဲ့နေရာ ရောက်တာနဲ့ ဂျာဘရာနီဟာ အပူချိန်တိုင်း ကိရိယာကိုထုတ်ပြန်ပြီး ဒိန်ချဉ်ထဲကို နှစ်ကြည့်ပါတယ်။
“နို့ထွက်ပစ္စည်းတွေကို အအေးခန်းထဲမှာ သိမ်းထားလားဆိုတာကို သိရအောင် ကျွန်တော် အပူချိန် တိုင်းတာပါ” လို့ သူက ပြောပါတယ်။
ဂျာဘရာနီဟာ အစားအသောက်တွေကို သူ့ရဲ့ ဗင်ကားပေါ်တင်ပြီး မြို့ပြင်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကိုပို့ဆောင်ပေးပါတယ်။ အဲဒီဘုရားကျောင်းမှာ ချို့တဲ့တဲ့ မိသားစုတွေကို ပြန်လည်ဝေငှပါတယ်။
ဂီလိုင်နီ ဒီမြူလက်စ်ဆိုတဲ့ အမျိုးသမီးဟာ St. Vincent de Paul အလှူဒါနအဖွဲ့မှာ စေတနာ့ဝန်ထမ်း ပါဝင်နေသူတစ်ယောက် ဖြစ်ပါတယ်။ အပတ်စဉ် အစားအသောက်ဝေငှပေးတဲ့အစီအစဉ်အတွက် သူမ အဆင်သင့်ဖြစ်နေပါပြီ။
“ဒီနေ့ သူတို့လာပေးသွားတာထဲက စွပ်ပြုတ်တွေ၊ ငါးသေတ္တာဘူးတွေနဲ့ လတ်ဆတ်တဲ့အရာတွေကို မနက်ဖြန်ကျရင် ကျွန်မတို့ ဝေပေးသွားမှာပါ။ သူတို့ဘာယူလာမလဲဆိုတာကို ကျွန်တို့ ကြိုမသိပါဘူး”
ပြင်သစ်နိုင်ငံတစ်ဝှမ်းမှာ ရိက္ခာဘဏ်ကွန်ယက်ကို မှီခိုနေရတဲ့ ပရဟိတအဖွဲ့ ၅၀၀၀ လောက် ရှိနေပါတယ်။ ရိက္ခာဘဏ်တွေကတော့ သူတို့ရဲ့ လှူဒါန်းမှု ထက်ဝက်လောက်ကို အစားအသောက် အရောင်းဆိုင်တွေကနေ ရရှိတယ်လို့ ပြင်သစ်အခြေစိုက် ရိက္ခာဘဏ်ကွန်ယက် Banques Alimentaires ရဲ့ အကြီးအကဲ ဂျာကက်စ် ဘိုင်လတ်က ပြောပါတယ်။ အစားအသောက်တွေ အလဟသ မလုပ်ပစ်ရဘူးဆိုတဲ့ ဥပဒေအသစ်က လှူဒါန်းမှု ပမာဏအရရော၊ အရည်အသွေးကိုပါ တိုးလာစေကာ သက်တမ်းတော်တော်ကျန်သေးတဲ့ အစားအသာက်တွေကို ပိုရလာပါတယ်။
ဘိုင်လတ်က စူပါမားကတ်တွေနဲ့ အစားအသောက်ထုတ်လုပ်သူတွေကြားမှာ ရှိနေတဲ့ တင်းကြပ်တဲ့ သဘောတူညီချက်တွေကို လျှော့ချခြင်းအားဖြင့်လည်း အစားအသောက်တွေ အလဟသမဖြစ်အောင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
“စူပါမားကတ်တစ်ခုအတွက် သူတို့ထုတ်လုပ်တဲ့ အသားညှပ်မုန့်ကို လှူတန်းခွင့်မပေးတဲ့ စက်ရုံတစ်ခု ရှိခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ဆီကနေ တစ်လကို အသားညှပ်မုန့် ၃ သောင်းလောက် ကျွန်တော်တို့ ရပါတယ်။ အဲဒီမုန့်တွေကို အရင်က အမြဲလိုလို လွှင့်ပစ်ရတာပါ” လို့ ဘိုင်လတ်က ပြောပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ထုတ်လုပ်တဲ့ အစားအသောက်တွေရဲ့ ၃ ပုံ ၁ ပုံဟာ အလဟသ အမြဲဖြစ်နေပြီး ပြင်သစ်မှာ တစ်နှစ်ကို လူတစ်ယောက်ဟာ အစားအစာ ၆၆ ပေါင်လောက် စွန့်ပစ်နေပါတယ်။ အမေရိကန်မှာတော့ နှစ်စဉ် အစားအစာ ပေါင် ဘီလီယံ ၂၀၀ လောက် အလဟသ ဖြစ်နေပါတယ်။ အဲဒီပမာဏဟာ လူပေါင်း ၉ သောင်းလောက်ကို နေ့စဉ် ကျွေးမွေးနိုင်တဲ့ ပမာဏဖြစ်တယ်လို့ အမေရိကန်မှာ အစားအသောက် အလဟသဖြစ်မှုအကြောင်း ရေးသားထားတဲ့ American Wasteland စာအုပ်ရဲ့ စာရေးဆရာ ဂျိုနသန် ဘလွန်းက ဆိုပါတယ်။ ဒီလို အလဟသဖြစ်မှုကို လျှော့ချဖို့နည်းလမ်းတွေ အများကြီးရှိတယ်လို့လည်း သူက ပြောပါတယ်။
ဘလွန်းက ပြင်သစ်ရဲ့ဥပဒေဟာ ကောင်းမွန်ပြီး အမေရိကန်မှာလည်း ဒီလိုအပြောင်းအလဲမျိုး မြင်ချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေမျိုးမှာ ဒါဟာ ခက်ခဲမှုတွေရှိကြောင်း၊ အစိုးရက ဘာလုပ်ရမယ်လို့ ပြောတာမျိုးကို အမေရိကန်တွေက သိပ်ဂရုမစိုက်တာကို သူသိကြောင်း ဘလွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ပြင်သစ်က ဒီဥပဒေဟာ ဆိုရှယ်လစ်သိပ်ဆန်တယ်။ ဒါပေမယ့် ချို့တဲ့သူတွေကို စားလို့ရတဲ့ အစားသောက်တွေ ပေးတာ၊ အစားအသောက်တွေကို မြေပြင်မှာပစ်တာကြောင့် အန္တရာယ်ရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဒါက လျှော့ချပေးတာလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေရဖို့ စူပါမားက တ်တွေအတွက် လမ်းကြောင်းတစ်ခု ဖော်ပေးတာမျိုး ဖြစ်တာကြောင့် ဒါဟာ တော်တော်ကို ကောင်းတဲ့ကိစ္စလို့ ပြောရမှာပါ”
ပြင်သစ်က ဒီဥပဒေဟာ အစားအသောက်အရောင်းဆိုင်တွေ သူတို့ရဲ့ ကုန်စည်တွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲကာ၊ အစားအသောက် အလဟသဖြစ်မှုကို လျော့ကျစေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကောင်းကျိုးကို ရှေးရှုတဲ့ ဥပဒေမျိုးလည်း ဖြစ်ပါတယ်။
ဥပဒေကို ရေးဆွဲခဲ့တဲ့ ပြင်သစ်လွှတ်တော်အမတ် ဂီလူမီ ဂါရော့က အစားအသောက် အလဟသဖြစ်မှုကို ဆန့်ကျင်တာဟာ ကားမောင်းရင် ခါးပတ်ပတ်ခိုင်းသလိုမျိုး တစ်နိုင်ငံလုံးနဲ့ဆိုင်ပြီး အလေးထားသင့်ကိစ္စမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဂါရော့က ကမ္ဘာတစ်ဝှမ်း ဒါမျိုးလုပ်ချင်တဲ့သူ တော်တော်များများဟာ သူ့ကို ဆက်သွယ်ကြတယ်လို့လည်း ပြောပါတယ်။
“ဒါဟာ စူပါမားကတ်တွေရဲ့ လုပ်နည်းလုပ်ဟန်ကို ပြောင်းလဲပေးပါတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်ကို ပိုပြီး အာရုံထားလာက ပိုပြီး လှူဒါန်းလာကြပါတယ်”
ဒါပေမယ့် အရေးအကြီးဆုံး အချက်တစ်ခုက စူပါမားကတ်တွေကို အကျိုးအမြတ်ရှာတဲ့ နေရာတစ်ခုအဖြစ်ထက် လူသားဆန်တဲ့ နေရာတစ်ခုအဖြစ် အမြင်ပြောင်းသွားတာ ဖြစ်တယ်လိုပလည်း ဂါရော့က ပြောကြားခဲ့ပါတယ်။
Ref: npr.org
Comments