မတ် ၂၆၊ ၂၀၁၈
M-Media
– သမိုင်းပညာရှင်ဖြစ်တဲ့ ကျော်လှမောင်တစ်ယောက် အဖမ်းခံရမှာကို ကြောက်ရွံ့ပြီး သူ့ရဲ့ အင်္ကျီလက်ရှည်ကို ခေါက်တင်တာမျိုး၊ လက်ဖျံကို ပြတာမျိုး နှစ်တော်တော်ကြာ မလုပ်ခဲ့ပါဘူး။ သူ့ရဲ့ လက်တစ်ခုလုံးမှာ ရခိုင်လူမျိုးတွေရဲ့ ရှေးဟောင်း ဗြဟ္မီအက္ခရာတွေနဲ့ အစက်အပျောက်တွေကို၊ အလျားလိုက်၊ ဒေါင်လိုက်၊ ထောင့်ဖြတ်အလိုက် မင်ကြောင်ထိုးထားလို့ ဖြစ်ပါတယ်။
“ကျွန်တော် အင်္ကျီလက်ရှည်ပဲ ၀တ်ရတယ်ဗျ။ ပူအိုက်နေတာတောင်မှ အဖမ်းမခံရအောင် အင်္ကျီလက်ရှည် ၀တ်ထားရတာ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းမှာ ပါဝင်တဲ့ ရခိုင်လူမျိုးတွေဟာ ၁၉၆၂ ခုနှစ် ကတည်းက စတင်ခဲ့တဲ့ ‘သွတ်သွင်းမှု’ ပေါ်လစီအောက်မှာ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကား ပြောဆိုမှု၊ သူတို့ရဲ့ ကိုယ်ပိုင်သမိုင်းကြောင်း လေ့လာမှုတွေ တားမြစ်ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်ကစလို့ တစ်ချို့ကျောင်းတွေမှာတော့ တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကားကို ဒုတိယဘာသာစကားအနေနဲ့ သင်ကြားခွင့် ရခဲ့ပါတယ်။
ဒါ့ကြောင့် ကျော်လှမောင်ဟာ သူသင်ကြားခဲ့ရတဲ့ ဗြဟ္မီစာပေရဲ့ ဗျည်းတွေ၊ သရတွေကို စာရွက်မှာ မှတ်တမ်းမတင်ဘဲ အသားမှာ ရေးထိုးထားတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း သတင်းခေါင်းကြီးပိုင်းတွေမှာ ရခိုင်ပြည်နယ်အကြောင်း လှိုင်လှိုင်ဖော်ပြခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ၀င်ရောက်လာသူတွေလို့ ရခိုင်လူမျိုးတွေက ယူဆကြပြီး ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတစ်ချို့မှာ ရခိုင်တွေ ပါဝင်ခဲ့တာလည်း ရှိပါတယ်။
ဒါပေမယ့် ‘ဗမာဇာတ်သွင်းမှု’ လို့ခေါ်တဲ့ ဗမာလူမျိုးတွေရဲ့ ယဉ်ကျေးမှုကို တိုင်းပြည်အတွင်းက အခြား တိုင်းရင်းသားတွေအပေါ် အဓမ္မသွတ်သွင်းနေတဲ့ စစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုကို ရခိုင်လူမျိုးတွေကိုယ်တိုင် ခံနေရတယ်ဆိုတာကိုတော့ သိရှိသူ နည်းပါတယ်။ ဗြိတိသျှထံကနေ လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသားတော်တော် များများဟာ ဗဟိုအစိုးရနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။
ဗမာဇာတ်သွင်းမှု ပေါ်လစီ
ကျော်လှမောင်ဟာ ရခိုင်ပြည်နယ်သမိုင်း သင်ကြားမှု၊ ရခိုင်ဘာသာစာပေ လေ့လာမှုတွေကို ပြန်လည်ရှင်သန်စေချင်သူ တစ်ယောက်ပါ။
ပြည်နယ်အတွင်း မတူညီတဲ့လူမျိုးတွေ၊ ဘာသာတရားတွေအကြောင်း လေ့လာသင်ယူမှုဟာ ငြိမ်းချမ်းရေးတည်ဆောက်မှု အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အရေးပါတဲ့ကိစ္စလို့ အသက် ၆၄ နှစ်အရွယ်ရှိတဲ့ သူက ယုံကြည်နေပါတယ်။
ကျော်လှမောင်ဟာ သမိုင်းပညာရှင်ဆိုတာထက် ရော့ကာတစ်ယောက်နဲ့ ပိုတူပါတယ်။ အပြာရင့်ရောင်ရှပ်အင်္ကျီနဲ့ ခေါင်းလောင်းဘာင်းဘီဝတ်ထားတဲ့ သူဟာဟာ ရှေးခေတ် ရခိုင်ဘုရင့်နိုင်ငံဖြစ်ခဲ့တဲ့ မြောက်ဦးမြို့မှာ ခရီးသွားလမ်းညွှန်အဖြစ် လုပ်ကိုင်နေသူပါ။
ရခိုင်ဘာသာစကားကို လက်ရှိမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုအသုံးပြုနေကြပေမယ့် ရခိုင်စာပေသင်ကြားတဲ့ ဆရာတွေဟာ အစိုးရကျောင်းချိန်အပြီး ဘာသာစကားအတန်းတွေမှာ စေတနာ့ဝန်ထမ်း သင်ပေးရတာ ဖြစ်ပါတယ်။ အစိုးရကျောင်းတွေနဲ့ ကောလိပ်တွေမှာတော့ ဗမာဘာသာစကားတစ်ခုတည်းကို အသုံးပြုရပါတယ်။
စစ်အစိုးရအောက် ‘ဗမာဇာတ်သွင်းမှု’ ကြောင့် ဗမာဘာသာစကားဟာ ရုံးသုံးဘာသာစကားဖြစ်လာပြီး နိုင်ငံတစ်ဝှမ်းက စာသင်ကျောင်းတွေဟာလည်း ဒီပေါ်လစီကို အကောင်အထည်ဖော်ခဲ့ရပါတယ်။ အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကားတွေ သင်ကြားမှုကိုတော့ ဆယ်စုနှစ်နဲ့ချီ ပိတ်ပင်ခဲ့ပါတယ်။
ကျော်လှအောင်က သူဟာ ဖခင်၊ သမိုင်းပညာရှင်ဖြစ်တဲ့ သူ့ရဲ့ အဖိုး ဦးသာထွန်းထံကနေ ရခိုင်ဘာသာစကားနဲ့ သမိုင်းကျောင်းတွေကို သင်ယူတက်မြောက်ခဲ့တယ်လို့ ပြောပါတယ်။ ဦးသာထွန်းကိုတော့ ‘ဆရာကြီး’ လို့ သူက ဂုဏ်ပေး ခေါ်ဝေါ်ပါတယ်။
“ရဲတွေ၊ စစ်သားတွေရောက်လာရင် ပြဿနာတက်နိုင်တာကြောင့် ကျွန်တော်ဟာ တောနက်နက်ထဲသွားပြီး သင်ခဲ့ရပါတယ်” လို့ သူက ပြောပါတယ်။
ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နဲ့ မြောက်ဦးခေတ် စတဲ့ ရခိုင်သမိုင်းက ခေတ်ကြီးတွေရဲ့ သမိုင်းကြောင်းတွေ၊ ‘ဗုဒ္ဓပူဇနိယ’ လို ရိုးရာဓမ္မပူဇာတေးတွေနဲ့ ရခိုင်ထီးနန်းကို စိုးစံခဲ့ကြတဲ့ ဘုရင်တွေအကြောင်းပြောပြနေတဲ့ ကျောက်စာတွေကို ဖတ်တတ်ဖို့အတွက် ယိုယွင်းနေတဲ့ မြောက်ဦးမြို့နဲ့ သိပ်မဝေးတဲ့ တောထဲမှာ သူဟာ သင်ကြားခဲ့ရတာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ် ဦးသာထွန်း အဖမ်းခံရပြီးတဲ့နောက် သင်ကြားမှုဟာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဦးသာထွန်းလည်း စစ်တွေထောင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဗမာအစိုးရလက်အောက်မှာ ရခိုင်လူမျိုးတွေ ဖိနှိပ်ခံရမှုအကြောင်း ဟောပြောမှုအတွက် ဆရာဖြစ်သူ ဖမ်းဆီးခံခဲ့ရတာလို့ ကျော်လှမောင်က ယုံကြည်နေပါတယ်။
ဗြဟ္မီဘာသာစကား
အဖိုးဖြစ်သူ ဦးသာထွန်း ကွယ်လွန်သွားပြီးတဲ့နောက် သင်ထားတာတွေ မေ့မှာစိုးရိမ်တဲ့အတွက် ကျော်လှမောင်ဟာ သူ့ရဲ့လက်မှာ ဗြဟ္မီအက္ခရာတွေကို မင်ကြောင်ထိုးခဲ့ပါတယ်။
ရခိုင်မင်းဆက်တွေအုပ်ချုပ်တဲ့ ခေတ်လေးခေတ်ရဲ့ ပထမခေတ်ဖြစ်တဲ့ အေဒီ ၄ ရာစုအလယ် ဓည၀တီခေတ်မှာ အသုံးပြုခဲ့တဲ့ ဒီအက္ခရာတွေဟာ မြောက်ဦး ရှေးဟောင်းသမိုင်းဝင်ဇုန်တစ်ဝိုက်မှာရှိတဲ့ ကျောက်စာတွေကို ဖတ်ရှုဖို့အတွက် အဓိကကျတဲ့ စာပေ ဖြစ်ပါတယ်။
မြောက်ဦးဘုရင့်နိုင်ငံဟာ ရခိုင်သမိုင်းမှာ ရွှေရောင်လွှမ်းတဲ့ ခေတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစုကနေ ၁၈ ရာစုအထိ ရှည်ကြာခဲ့တဲ့ ဒီခေတ်မှာ ဘာသာစုံ၊ လူမျိုးစုံရှိတဲ့ ရပ်ဝန်းတွေ ထွန်းကားခဲ့ပါတယ်။ မြို့တော် မြောက်ဦးဟာ ပေါ်တူဂီတွေ၊ ဒက်ခ်ျတွေ၊ အာမေးနီးယန်းတွေ၊ အာရပ်တွေနဲ့ ပါရှန်ကုန်သည်တွေ မကြာခဏ လာရောက်ကြတဲ့ အရေးပါတဲ့ ကုန်သွယ်ရေးဗဟိုချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ပင်လယ်တစ်ဖက်ကမ်းက ဘင်္ဂလားရဲ့သြဇာကလည်း ဗုဒ္ဓဗိသုကာနယ်ပယ်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုကို ဖြစ်စေခဲ့ပြီး မြောက်ဦးဘုရင်တွေဟာ ဒင်္ဂါးတွေကို အာရဘီ၊ ရခိုင် နှစ်ဘာသာနဲ့ သွန်းလောင်းမှုတွေ ရှိခဲ့ပါတယ်။
မြောက်ဦးအင်ပါယာကို ကုန်းဘောင်မင်းဆက် ဗမာဘုရင်က ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ၁၈ ရာစုနှောင်းပိုင်းအထိ ရခိုင်လူမျိုးတွေဟာ သာယာဝပြောမှု၊ ကြွယ်ဝမှုတွကို ရရှိခံစားခဲ့ရပါတယ်။ သိမ်းပိုက်ခံရပြီးနောက်ပိုင်း ရခိုင်လူမျိုးတော်တော်များများဟာ သုံ့ပန်းတွေအဖြစ် ပါသွားခဲ့ပါတယ်။
၁၉ ရာစု ဗြိတိသျှက မြန်မာနိုင်ငံကို ရောက်လာတဲ့အချိန်မှာ လယ်ယာလုပ်ဖို့အတွက် ဘင်္ဂလားကနေ ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ခေါ်လာခဲ့ပြီး ရခိုင်ပြည်နယ်က ဒေသခံပြည်တွေနဲ့ တင်းမာမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သမိုင်းပညာရှင်တွေကတော့ ရိုဟင်ဂျာတွေရဲ့ သမိုင်းဟာ ၈ ရာစုလောက်ကနေစတယ်လို့ ပြောကြပါတယ်။
ရခိုင်ပြည်နယ်က အခြားသော ဒေသတွေထက်စာရင် မြောက်ဦးမြို့ဟာ တော်တော်လေး ငြိမ်းချမ်းတဲ့ ဒေသတစ်ခု ဖြစ်ပြီး လူများစု ဗုဒ္ဓဘာသာဝင်တွေဟာ အခြားဘာသာဝင်တွေ၊ လူမျိုးတွေနဲ့ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။
ရခိုင်နဲ့ ရိုဟင်ဂျာတွေအပြင် ရခိုင်ပြည်နယ်အတွင်း မြို၊ ချင်း၊ ဒိုင်းနက်၊ သက်နဲ့ အခြားလူနည်းစု လူမျိုးတွေ တော်တော်များများဟာ ရာစုနှစ်နဲ့ချီ နေထိုင်ခဲ့ကြပါတယ်။
ဒီနေ့ခေတ်မှာတော့ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်ပြီး လူမျိုးရေးတင်းမာမှုတွေ၊ ‘လူမျိုးစုံတဲ့ ရခိုင်လူထုရဲ့ ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရရေး’ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပါအ၀င် ပဋိပက္ခတွေ ဖြစ်ပွားရာနေရာလည်း ဖြစ်နေပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှု
ကျောက်ဖြူက ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းလို ဧရာမ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေ စီစဉ်ဖော်ဆောင်တာတွေမှာ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ နိုင်ငံရေးသမားတွေက ပူးပေါင်းဆောင်ရွက်တာမျိုး မရှိပါဘူး။ Arakan Watch လို့ခေါ်တဲ့ အသိပညာပေးအဖွဲ့တစ်ခုက ဒီစီမံကိန်းတွေကလာမယ့် အကျိုးအမြတ်တွေဟာ ဒေသခံပြည်သူတွေထက် ဗဟိုအစိုးရဆီသာ သွားတယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ခံရပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး ရရှိခံစားခွင့်တွေကို တားမြစ်ပိတ်ပင်ခံထားရတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းက တစ်ချို့ဟာ စစ်တပ်လက်အောင် နှစ်ပေါင်းများစွာ ညှင်းပမ်းနှိပ်စက်ခံရပြီးတဲ့နောက် လက်နက်ကိုင်တိုက်ခိုက်တာတွေ လုပ်လာပါတယ်။
သြဂုတ်လက ရိုဟင်ဂျာတိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကို မြန်မာစစ်တပ်က တုန့်ပြန်မှုအတွင်း အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက် အသတ်ခံရပြီး၊ ရွာလုံးကျွတ် မီးရှို့ခံရမှုတွေလည်း ရှိခဲ့ပါတယ်။ ဘင်္လားဒေ့ရှ်ဖက်ကို ထွက်ပြေးလာသူတွေထဲမှာ ရက်ရက်စက်စက် တိုက်ခိုက်ခံရမှုတွေကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေကို ဆရာဝန်တွေက ကုသခဲ့ရပြီး၊ ရိုဟင်ဂျာအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အဓမ္မကျင့်ခံရမှု တော်တော်များများကိုလည်း တွေ့ခဲ့ရပါတယ်။
ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ်ဟူစိန်က ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘက်မလိုက်ဘဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ နိုင်ငံတကာရဲ့ ဆော်သြတိုက်တွန်းမှုတွေကို နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရက အခုအချိန်အထိ လစ်လျူရှုထားတုန်းပါ။
သူ့ရဲ့ပြည်နယ်မှာ ဒီလို ကြမ်းကြုတ်တဲ့ ပဋိပက္ခတွေ ဖြစ်နေတာကို မြင်ရတဲ့အတွက် ကျော်လှမောင်က စိတ်မကောင်း ဖြစ်နေပါတယ်။
“ရိုဟင်ဂျာတွေဟာ လူသားတွေဖြစ်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရှိတယ်ဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ အချိန်တော်တော်ကြာကတည်းက ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြလို့ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
“ဒါတွေ(ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ) ကို မြင်ရတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ရခိုင်ပြည်နယ်ကို မငြိမ်းချမ်းစေချင်တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဒါတွေကို လုပ်နေကြတာပါ” လို့ ကျော်လှအောင်က ပြောကြားခဲ့ပြီး စစ်တပ်ဟာ ရခိုင်လူမျိုးတွေကို ဆက်လက်ဖိနှိပ်နေဆဲဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
၁၇၈၄ ခုနှစ်က ရခိုင်ဘုရင့်နိုင်ငံကျဆုံးမှု အောက်မေ့ဖွယ်အခမ်းအနားနဲ့ ပတ်သက်ပြီး သိပ်မကြာသေးခင် ဇန်န၀ါရီ ၁၆ ရက်နေ့က မြောက်ဦးမြို့ဆန္ဒပြမှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်လို့ ဆန္ဒပြသူ ၇ ဦး သေဆုံးခဲ့ပါတယ်။
ကျော်လှမောင်ကတော့ အဲဒီသွေးလွှမ်းတဲ့ တိုက်ခိုက်မှုဟာ ရခိုင်ယဉ်ကျေးမှုနဲ့ သမိုင်းကို ချေမှုန်းမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရခိုင်လူမျိုးတွေဟာ သူတို့ရဲ့ယဉ်ကျေးမှု၊ သမိုင်းနဲ့ သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရဘူးလို့လည်း သူက ပြောပါတယ်။
“ကျွန်တော်တို့ သမိုင်းကြောင်းကို ပြန်လည်ရှာဖွေဖော်ထုတ်ဖို့ လိုပါတယ်”
မိသားစု လက်ဆင့်ကမ်း ပြောကြားလာမှုနဲ့ ကျောက်စာတွေကိုလေ့လာမှု ပေါင်းထားတဲ့ စာအုပ်တစ်အုပ်ကို ကျော်လှမောင်တစ်ယောက် မကြာသေးခင်ကဘဲ အကြမ်းရေးလို့ ပြီးစီးခဲ့ပါတယ်။ ဒေသရဲ့သမိုင်းကြောင်းကို ပြန်လည်ဖေါ်ထုတ်ရေး၊ မတူညီတဲ့ လူနည်းစုတွေအကြားမှာ တည်ရှိနေတဲ့ များပြားလှတဲ့ ဘာသာပြန်ဆိုဖော်ပြမှုတွေကို လက်ခံရေးတွေနဲ့ပတ်သက်ပြီး ရခိုင်လူ့အဖွဲ့အစည်းအတွင်းမှာ အနည်းဆုံး ဆွေးနွေးမှုလေးတစ်ခု စတင်နိုင်မယ်လို့ သူက မျှော်လင့်နေပါတယ်။
“ဒါ(ဒေသသမိုင်း) ကို မေ့ထားလို့ မရပါဘူး။ သမိုင်းဆိုတာ ပျောက်သွားတာမျိုးမဟုတ်ဘဲ အစိုးရက ဖျောက်ထားလို့ မှေးမှိန်နေတာမျိုးပါ” လို့ ကျော်လှမောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: Aljazeera
(အလ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည့် One man’s mission to save Rakhine culture and history ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများသည့် ဆောင်းပါးရှင်၏ ရေးသားချက်များသာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)
Comments