ဧပြီ ၁၅၊ ၂၀၁၈
M-Media

– လွန်ခဲသည့်တစ်နှစ်က ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲမှု၊ အဓမ္မကျင့်မှုတို့ဖြင့် အာဏာရပါတီ BJP မှ အမတ်တစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာခဲ့သည်။
အူတာပရာဒက်ရှ်ပြည်နယ် လွှတ်တော်အမတ် အသက် ၅၀ အရွယ် ကူလ် ဒီပ် ဆင်း ဆန်ဂါဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ၎င်းကမူ ထိုကိစ္စကို ငြင်းဆိုခဲ့ကာ နိုင်ငံရေးတိုက်ခိုက်မှုဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ အိုပီ ဆင်းက ဆန်ဂါကို သောကြာနေ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
အဓမ္မကျင့်ခံရသည်ဆိုသည့် အမျိုးသမီးငယ်မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက အမှုဖွင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဖခင်ဖြစ်သူမှာ ဖမ်းဆီးခံခဲ့ရကာ ဆန်ဂါ၏ ညီဖြစ်သူက အချုပ်ထဲတွင် လာရောက်ရိုက်နှက်သောကြောင့် တနင်္လာနေ့တွင် သေဆုံးခဲ့သည်။
မိန်းကလေးငယ်မှာ အမှုဖွင့်၍ မရသောကြောင့် ဧပြီလ ၈ ရက်နေ့တွင် လူမြင်ကွင်း၌ သေကြောင်းကြံစည်ခဲ့ပြီးသည့်နောက် ပြည်သူများမှာ ထိုကိစ္စအပေါ် အာရုံစိုက်လာကြပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက်တွင်မှ ရဲတပ်ဖွဲ့မှာ ဆန်ဂါအပေါ် အမှုဖွင့်ခဲ့ပြီး အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်၏ ပြောကြားချက်များမှာ ရှေ့နောက်မညီသောကြောင့် စောစောပိုင်းတွင် အမှုမဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုကိစ္စကို အိန္ဒိယ၏ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်သည့် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ကိုင်တွယ်နေသည်။
Ref : Aljazeera