News @ M-Media

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို ကြိုးဝိုင်းအတွင်းသို့ ပြန်လာမည်

ဧပြီ ၁၈၊ ၂၀၁၈
M-Media

– တစ်နှစ်ကျော်ကြာ အနားယူနေတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်မယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားက WBA ၀ယ်သာဝိတ်ချိန်ပီယံ လူးကက်စ် မက်သိုင်ဆီနဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ထိုးသတ်မှာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော့်ခေတ် မကုန်သေးပါဘူး။ ဒါကို ဇူလိုင်လ ၁၅ ရက်နေ့မှာ သက်သေပြဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော် မခန့်မှန်းတတ်ဘူး။ ဒါပေမယ့် အလဲထိုးအနိုင်ရအောင် ကျွန်တော် အကောင်းဆုံး လုပ်သွားမှာပါ” လို့ အသက် ၃၉ နှစ်အရွယ် ပက်ကွီအိုက ပြောကြားခဲ့ပါတယ်။

ပက်ကွီအိုရဲ့ နောက်ဆုံးပွဲဟာ လွန်ခဲ့တဲ့ ၉ လက သြစတေးလျ ဘောက်ဆာသမား ဂျက်ဖ်ဟွန်းနဲ့ ထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပြီး ပက်ကွီအိုက အံ့ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ် မေလမှာလည်း အမေရိကန်လက်ဝှေ့သမား ဖလွိုဒ် မေ၀ယ်သာကို ရှုံးနိမ့်ခဲ့ပါတယ်။ ပက်ကွီအိုနဲ့ မေ၀ယ်သာတို့ရဲ့ပွဲဟာ ကမ္ဘာ့လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံး ပွဲတွေထဲက တစ်ပွဲအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

ပက်ကွီအိုဟာ လက်ရှိမှာ ဖိလစ်ပိုင် လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

Ref: Aljazeera