6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၅၊ ၂၀၁၈
M-Media

ဆင်သားရေများ

– တရုတ်နိုင်ငံက ဆင်သားရေ၀ယ်လိုအားကြောင့် ဆင်တွေကို သတ်ဖြတ်မှုဟာ ဆင်စွယ်ကုန်သွယ်မှုထက်ပိုပြီး အာရှဆင်တွေ တည်ရှိမှုကို ခြိမ်းခြောက်လာတယ်လို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံက တောတွေထဲမှာ ဆင်သားရေအလိပ်တွေ၊ အသတ်ခံထားရတဲ့ ဆင်တွေကို တွေ့ရှိခဲ့ရမှုဟာ တိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေကို တုန်လှုပ်စေခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆင်တွေရဲ့ အဓိကဈေးကွက်ဟာ တရုတ်နိုင်ငံဖြစ်ပြီး အဲဒီမှာ ဆင်သားရေကို အစာအိမ်နဲ့ အရေပြားရောဂါတွေကို ကုသရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင် ပုတီးတွေ၊ နားစွဲတွေ ပြုလုပ်ကာ အဆင်တန်ဆာအဖြစ်လည်း ရောင်းချပါတယ်။

ဗြိတိန်အခြေစိုက် ဆင်စောင့်ရှောက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Elephant Family က ဆင်သားရေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေကို အင်တာနက်မှာ ကျယ်ကျုယ်ပြန့်ပြန့် ကြော်ငြာရောင်းချနေကြပြီး ဒါဟာ ဆင်စွယ်ရောင်းချမှုထက် ဆင်တွေတည်ရှိမှုကို ပိုပြီး ခြိမ်းခြောက်နေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဒီခြိမ်းခြောက်မှုဟာ တော်တော့်ကို ကြီးမားနေပမယ့် ဈေးကွက် ထပ်ပြီး ကောင်းလာမယ်ဆိုရင် အာရှဆင်တွေ ကျက်စားရာ ဒေသတစ်ဝက်လောက်က ဆင်တွေ မျိုးတုန်းသွားနိုင်တယ်လို့လည်း ဒီအဖွဲ့က ထုတ်ပြန်တဲ့ Skinned: The growing appetite for Asian Elephants အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သားရေကိုလိုချင်တာကြောင့် ဆင်မုဆိုးတွေဟာ အစွယ်ရှိတဲ့ဆင်မှမဟုတ်ဘဲ ဘယ်လိုဆင်မျိုးကိုမဆို သတ်ဖြတ်ကြတာကြောင့် ဒီကိစ္စဟာ ဆင်စွယ်ကုန်သွယ်မှုအတွက် ပိုအန္တရာယ်ရှိတယ်လို့ ပြောရတာဖြစ်ကြောင်း Elephant Family က ထောက်ပြခဲ့ပါတယ်။

“ဒါက ဘယ်ဆင်မှ လုံခြုံမှုမရှိဘူးဆိုတာကို ပြသနေပါတယ်။ မြန်မာနိုင်ငံဟာ အချိန်တိုတိုအတွင်းမှာ ဆင်တွေအများအပြားကို ဆုံးရှုံးနေပါတယ်” လို့ အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဘီလင်ဒါ စတီးဝပ်-ကော့စ်က ပြောကြားခဲ့ပါတယ်။

Elephant Family ဟာ အင်တာနက်က ဆင်သားရေရောင်းဝယ်တဲ့ ဖိုရမ်တော်တော်များများကို ၀င်ရောက် စောင့်ကြည့်တာ၊ ကုန်သည်တွေနဲ့ ဆက်သွယ်တာတွေကနေတစ်ဆင့် ဈေးကွက်အနေအထားကို လေ့လာခဲ့ကြပါတယ်။

အွန်လိုင်းမှာ ဆင်သားရေရောင်းသူ ၁၁ ဦးကို မေးမြန်းရာမှာ ၉ ဦးက သူတို့ရဲ့ ဆင်သားရေဟာ မြန်မာနိုင်ငံကဖြစ်ပြီး ၂ ယောက်ကတော့ လာအိုနိုင်ငံကဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဆင်သားရေနဲ့လုပ်ထားတဲ့ ပုတီးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်အခြေစိုက် ကုန်သည်တစ်ဦးက သူဟာ မြန်မာနိုင်ငံ နယ်စပ်မြို့က ဆင်သားရေတွေကို မပြတ်ရနေတယ်လို့ ပြောကြားခဲ့ကြောင်း Elephant Family က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ဆင်ပေါင်း ၂၀၀၀ လောက် အသတ်ခံရတယ်လို့ ခန့်မှန်းတွက်ချက်မှုတွေအရ သိရပြီး ဒါဟာ ထိုင်းနိုင်ငံပြီးရင် အရေအတွက်အများဆုံး ဖြစ်ပါတယ်။

စောင့်ကြည့်မှုအားနည်းတာနဲ့ နယ်စပ်ဒေသတွေမှာ ဗဟိုအစိုးရရဲ့ အာဏာသက်ရောက်မှု မရှိတာတွေကြောင့် သားရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်မှာ မြန်မာနိုင်ငံဟာ အဓိကနေရာ ဖြစ်လာပါတယ်။

၂၀၁၀ ခုနှစ်မှာ သတ်ဖြတ်ခံထားရတဲ့ ဆင်ပေါင်း ၄ ကောင်သာ တွေ့ခဲ့ရပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ဆင်အသေ ၅၉ ကောင်တွေ့ခဲ့ရတယ်လို့ မြန်မာအစိုးရရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

တရုတ်နိုင်ငံက ဆင်သားရေ၀ယ်လိုအား တက်လာမှုနဲ့ မြန်မာနိုင်ငံမှာ ဆင်အမဲလိုက်မှုတွေ တိုးလာမှု ဆက်စပ်နေတယ်ဆိုတာ တိတိကျကျ သက်သေပြဖို့ ခက်တယ်လို့လည်း Elephant Family က ပြောပါတယ်။

တရုတ်နိုင်ငံအတွင်း တိုင်းရင်းဆေးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ဆင်သားရေအမှုန့်တွေ ထည့်သွင်းအသုံးပြုတယ် ဆိုတာကိုလည်း ဒီအဖွဲ့က မှတ်တမ်းတင်ထားနိုင်ပြီး ဒီပစ္စည်းတွေမှာ အာရှကဆင်တွေနဲ့ အာဖရိကက ဆင်သားရေတွေကို အသုံးပြုလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

Ref: Dailymail

Comments are closed.