ဧပြီ ၂၉၊ ၂၀၁၈
M-Media
– အိန္ဒိယမှာ ဘာသာရေးအုပ်စုတွေဟာ မကြာခဏ ပဋိပက္ခတွေဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အကြမ်းဖက်မှုအသွင် ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ရွာတစ်ရွာက အံ့သြမှင်သက်ဖွယ်ကောင်းတဲ့ အနေအထားတစ်ခုကတော့ ဘာသာစုံ၊ လူမျိုးစုံ သဟဇာတဖြစ်မှုကို အားပေးနေပါတယ်။
ပန်ဂျဘ်ပြည်နယ် ရွာတစ်ရွာက ရှီးဗားဘုရားကျောင်း ဆောက်လုပ်ရေးမှာ အင်တိုက်အားတိုက် ကြိုးစားနေတာက ပန်းရံဆရာ နာဇင် ရာဂျာခန်း ဖြစ်ပါတယ်။
မွတ်စလင်တစ်ယောက်ဖြစ်တဲ့သူဟာ ဟိန္ဒူဘုရားကျောင်းတစ်ခု ဆောက်လုပ်ပေးနေပေမယ့် အနီးအနားမှာ သူ ဘုရားဝတ်ပြုနိုင်မယ့် ဗလီတော့ မရှိပါဘူး။
“ဘုရားဝတ်ပြုလို့ရမယ့်နေရာ ကျွန်တော်တို့မှာ မရှိပါဘူး။ ဒီလိုဆိုတော့ အမျိုးတွေလာလည်ရင် အဆင်မပြေဘူးပေါ့ဗျာ” လို့ အသက် ၄၀ အရွယ် သူက ပြောပါတယ်။
နိုင်ငံမြောက်ပိုင်း သူနေထိုင်ရာ မွမ်းရွာလေးမှာ ဒီအခက်အခဲ ရှည်ကြာလာတဲ့အခါ နာဇင်တစ်ယောက် လူ ၄၀၀ လောက်ရှိတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်ကို ဆင်းရဲနေတာကြောင့် ဘယ်သူမှ ဗလီအတွက် မြေမလှူနိုင်ပါဘူး။
မြေနည်းနည်းလောက်မျှပါ
အဲဒီရွာက မွတ်စလင်အများစုဟာ ပန်းရံ၊ လက်သမားလို ကျပန်းလုပ်သားတွေ ဖြစ်ပါတယ်။ ရွာထဲက ဟိန္ဒူ ၄၀၀ လောက်နဲ့ ဆစ်ခ်လူမျိုး ၄၀၀၀ လောက်ကတော့ တော်တော်လေး ပြေလည်ကြပါတယ်။
၁၈ လလောက် ကြိုးစားမှုရလဒ်အဖြစ် ဟိန္ဒူဘုရားကျောင်းတည်ဆောက်မှု လက်စသတ်ကာနီးမှာပါပဲ ရာဂျာဟာ ထူးထူးခြားခြားအလုပ်တစ်ခု စလုပ်ခဲ့ပါတယ်။
အခုနှစ်အစောပိုင်းမှာ သူဟာ ဘုရားကျောင်း ဂေါပကအဖွဲ့ကို ချဉ်းကပ်ကာ “ခင်ဗျားတို့ ဟိန္ဒူတွေ မကြာခင်မှာ ဘုရားကျောင်းတစ်ခု ရတော့မယ်။ ခင်ဗျားတို့မှာ အရင်က အဟောင်းတစ်ကျောင်းလည်း ရှိတယ်။ ဒါပေမယ့် မွတ်စလင်တွေက ၀တ်ပြုရာနေရာမရှိဘူး၊ မြေ၀ယ်ဖို့လည်း မတတ်နိုင်ဘူး။ ခင်ဗျားတို့မြေ နည်းနည်းလောက် ကျွန်တော်တို့ကို ပေးပါလား” လို့ ပြောကြားခဲ့ပါတယ်။
နောက်တစ်ပတ်အကြာမှာတော့ နာဇင်တစ်ယောက် အဖြေရခဲ့ပါတယ်။ ဂေါပကအဖွဲ့ဟာ သူတို့ဘုရားကျောင်းအနီးက စကွဲယားပေ ၉၀၀ လောက်ရှိတဲ့ မြေတစ်ကွက်ကို ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“နှလုံးပီတိ ဂွမ်းဆီထိရပါတယ်။ ကျေးဇူးတင်ကြောင်း ပြောဖို့ စကားလုံးတောင် ရှာမရပါဘူး” လို့ ရာဂျာက ပြောပါတယ်။
ဟိန္ဒူဘုရားကျောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တိုင်းရင်းဆေးဆရာ ပါရှိုတန်လာလ်က သူတို့အားလုံးဟာ အေးအတူ ပူအမျှ နေလာခဲ့တဲ့လူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒါဟာ တောင်းဆိုသင့်တဲ့အရာဗျ။ ကျွန်တော်တို့အားလုံး ကောင်းအတူ၊ ဆိုးအဖက်၊ အေးအတူပူအမျှ နေထိုင်လာခဲ့ကြပေမယ့် မွတ်စလင်တွေမှာ ဗလီတစ်လုံး မရှိဘူးဆိုတာကတော့ မတရားရာကျပါတယ်”
ရာဂျာနဲ့ အခြား ပန်းရံသမားတွေဟာ သူတို့ ၀တ်ပြုဆုတောင်းနိုင်မယ့် နေရာလေးကို တည်ဆောက်နေတာ နှစ်လလောက်တောင် ရှိနေပါပြီ။
ဆစ်ခ်လူမျိုးတွေက ဗလီဆောက်ဖို့ ငွေကြေးထောက်ပံ့ကြပြီး သူတို့ရဲ့ဘုရားကျောင်းကိုလည်း အသုံးပြုခွင့်ပေးပါတယ်။ ဒါဟာ လူနည်းစုတွေ ဓားစာခံ ဖြစ်နေတယ်လို့ မကြာခဏကြားနေရတဲ့ တိုင်းပြည်မှာ ဘာသာတရားသုံးခုအကြား တွေ့ရခဲတဲ့ ညီညွတ်မှု ဥပမာကောင်းတစ်ခု ဖြစ်ပါတယ်။
ကန့်သတ်မှုများ
ဟိန္ဒူလက်ရာစွန်း အစိုးရ ကြီးထွားလာမှုအတွက် ပြီးခဲ့တဲ့နှစ်တွေမှာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အစိုးရဟာ ဟိန္ဒူတွေနဲ့ မွတ်စလင်တွေအကြားမှာ ကြောက်ရွံ့မှုတွေ မယုံကြည်မှုတွေကို ဖန်တီးနေတယ်လို့လည်း တော်တော်များများက ပြောကြားခဲ့ကြပါတယ်။
ဒါပေမယ့် မွမ်းဆိုတဲ့ရွာလေးမှာတော့ လူ့အဖွဲ့အစည်း ၃ ခုဟာ ချစ်ကျည်စွာ နေထိုင်ကြပါတယ်။ သူတို့ကြားထဲမှာ တင်းမာမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းမျိုးမရှိဘဲ ဘယ်သူတွေရဲ့ ၀တ်ပြုရာနေရာကိုမဆို အားလုံး လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်ပါတယ်။
ဟိန္ဒူအများစုဟာ ဆစ်ခ်ဘုရားကျောင်းတွေကို သွားကြပြီး၊ တစ်ချို့တွေဆိုရင် ဆစ်ခ်တွေဝတ်တဲ့ ခေါင်းပေါင်းတွေတောင် ၀တ်ကြပါတယ်။ ဘာသာရေးပွဲတော်တွေ၊ လူမှုရေးကိစ္စတွေအတွက် ရွာသားတွေဟာ တစ်ဦးအိမ်ကို တစ်ဦး ၀င်ထွက်သွားလာကြပါတယ်။
ဆစ်ခ်ဘုန်းကြီး ဂျီယာနီ ဆူရ်ဂျီတ် ဆင်းက ဟိန္ဒူတွေရဲ့ ဂီတာလို ပွဲတော်မျိုးကို ဆစ်ခ်ခန်းမမှာ ကျင်းပလေ့ရှိတယ်လို့ ဆိုပါတယ်။
“လူတွေက ဒါကို ဆစ်ခ်ဘုရားကျောင်းလို့ မမြင်ပါဘူး။ သူတို့ရဲ့ လူမှုရေးဆိုင်ရာ ဆုံမှတ်တစ်ခုအဖြစ် မြင်ကြတာပါ”
ဘုရားကျောင်းကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်လေ့ရှိပြီး ကျောင်းဆရာတစ်ဦးလည်းဖြစ်တဲ့ ဘာရတ် ရမ်က “လူ့အဖွဲ့အစည်းတွေကြားထဲမှာ သွေးခွဲပြီး အမြတ်ထုတ်တတ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ကျွန်တော်တို့မှာ မရှိတာက ကျွန်တော်တို့အတွက် ကံကောင်းခြင်းတစ်မျိုးပါ” လို့ ပြောကြားခဲ့ပါတယ်။
“ဒီရွာကလူတွေကြားထဲမှာ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်ပဲရှိပါတယ်။ ဒါဟာ ဟိုးအရင်ကတည်းက ရှိလာတာပါ။ ဒါ့ကြောင့်ပဲ ဗလီဆောက်ဖို့ ချက်ခြင်း မြေပေးလိုက်တာပေါ့”
နိုင်ငံရေးစနက်တွေသာမပါရင် ပါကစ္စတန်နဲ့ အိန္ဒိယက ပြည်သူတွေမှာ ရန်ညှိုး ရှိကြမှာမဟုတ်ဘူးလို့လည်း ရမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဗလီဆောက်ဖို့ မြေပေးလိုက်ရတဲ့အတွက်၊ ငွေကြေးတွေ စိုက်ထုတ်ပေးလိုက်ရတဲ့အတွက် ဘယ်သူကမှ မတွန့်တိုကြပါဘူး။ တကယ်တော့ ဟိန္ဒူနဲ့ ဆစ်ခ်တွေက ဗလီဝတ်ကျောင်းတော်ဟာ မွတ်စလင်တွေသာမဟုတ်ဘဲ ‘ရွာသားအားလုံးအတွက်ဖြစ်တယ်’ လို့ သဘောထားကြတာပါ။
ဒါပေမယ့် ဒီလို တစ်သွေးတစ်သားတည်းဖြစ်မှုမှာ ကန့်သတ်မှုတွေတော့ ရှိနေပါတယ်။ သူတို့ရဲ့ သားသမီး မြေးမြစ်တွေဟာ အခြားလူ့အဖွဲ့အစည်းက လူတွေနဲ့ ထိမ်းမြားလက်ထပ်တာမျိုးကို မြင်ချင်လားလို့ မေးတဲ့အခါမှာ တော့ အံ့သြမှင်သက်သွားခဲ့ကြပါတယ်။
“ညီရင်းအစ်ကို မောင်ရင်းနှမဖြစ်တာက တစ်ခုပါ။ ဆစ်ခ်တွေနဲ့ မွတ်စလင်တွေဟာ ဘာသာမတူကြဘူး။ ဒီလို ဘာသာမတူ လက်ထပ်တာကို ဒီရွာမှာ လက်မခံပါဘူး” လို့ ရွာက ဆစ်ခ်လူမျိုးများကောင်စီရဲ့ အဖွဲ့ဝင် ချုဒ်ဆင်းက ပြောပါတယ်။
ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဟိန္ဒူဘုရားကျောင်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ ဘာရတ် ရှရ်မာကလည်း ဒီလိုပဲ ပြောပါတယ်။
“ဒါမျိုး အရင်ကလည်း မဖြစ်ခဲ့သလို၊ နောက်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး”
ဒါဟာ အိန္ဒိယနိုင်ငံသားတွေရဲ့ ဘုံသဘောထားပါ။ ဟိန္ဒူဘာသာဝင်ဖြစ်ပေမယ့် ဇာတ်မတူတဲ့သူတွေ အိမ်ထောင်ပြုတာကိုတောင်မှ မိသားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင်လေ့ ရှိပါတယ်။
ဒါပေမယ့် လူမျိုးစုအကြား တင်းမာမှုတွေများတဲ့ အနောက်ဘန်ဂေါလ်လို အိန္ဒိယက အခြားသောဒေသတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ပန်ဂျဘ်ပြည်နယ်က ဒီ မွမ်းရွာလေးဟာ လောကနိဗ္ဗာန်ပါပဲ။
“ဆစ်ခ်ဘုရားကျောင်း၊ ဗလီနဲ့ ဟိန္ဒူဘုရားကျောင်း ဘယ်နေရာပဲဖြစ်ဖြစ် ဘုရားသခင်ဆိုတာ နေရာတိုင်းမှာ ရှိနေတာပါ” လို့ မစ္စတာ ရှရ်မာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref : BBC
(BBC သတင်းဌာနတွင် ဖော်ပြထားသည့် Crossing Divides: Hindus and Sikhs help build a mosque in India ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments