6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၄၊ ၂၀၁၈
M-Media

ဒရ်ဂါတွင် ဆုတောင်းနေသူတစ်ဦး

– မန္တလေးမြို့တောင်ဘက် ဆင်ခြေဖုံးမှာရှိတဲ့ နန်းမြို့ဟောင်း အမရပူရက ဗလီတစ်လုံးကို ကျွန်တော်သွားတဲ့အခါ လုံချည်နွမ်းနွမ်း၊ ရှပ်အင်္ကျီနဲ့ လူကြီးတစ်ဦးက ‘ဟယ်လို’ ဆိုပြီး ကွမ်းဂျိုးတက်နေတဲ့သွား ပေါ်တဲ့အထိ ဖော်ဖော်ရွေရွေ လှမ်းနှုတ်ဆက်ပါတယ်။

ဦးညီလှဖြစ်ပြီး အသက် ၇၁ နှစ်အရွယ်ရှိပြီလို့ သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ ပြီးတော့ သူ့ရဲ့ မွတ်စလင်အမည်ကို ပြောဖို့အတွက် မိနစ်အနည်းငယ်လောက် စဉ်းစားခဲ့ရပါတယ်။

“ဘာသာရေးနာမည်ကို ကျွန်တော် သိပ်မမှတ်မိတော့ဘူးဗျ။ အင်း.. အဘ်ဒူလ်ဖြစ်မယ်” လို့ သူက အပြုံးတစ်ပိုင်းနဲ့ ပြောပါတယ်။

မုတ်ဆိတ်မရှိတဲ့ ဦးညီလှဟာ ကုလားပျိုဗလီမှာ ၀တ်ပြုဆုတောင်းမှုကို ဦးဆောင်ရတဲ့ ရှေ့ဆောင်အီမာမ်အဖြစ် တာဝန်ထမ်းဆောင်နေတာ ၁၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

ကုလားပျိုဗလီရဲ့သက်တမ်းဟာ နှစ်ပေါင်း ၂၀၀ ကျော်ရှိပြီး ကုန်းဘောင်မင်းဆက်ဘုရင် ဘိုတော်ဘုရားက သက္ကရာဇ် ၁၇၈၃ ခုနှစ်မှာ အမပူရနန်းမြို့အဖြစ် မြို့သစ်တည်ပြီး သိပ်မကြာခင် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဘိုးတော်ဘုရားဟာ မွတ်စလင်တွေ တည်ရှိမှုကို တော်ဝင်အမိန့်စာချွန်လွှာနဲ့ အသိအမှတ်ပြုခဲ့တဲ့ ပထမဆုံး ဗမာဘုရင်ဖြစ်တယ်လို့ မြန်မာနိုင်ငံ သမိုင်းကော်မရှင်က ၁၉၆၃ ခုနှစ်မှာ ထုတ်ဝေတဲ့ “မြန်မာနိုင်ငံသို့ အစ္စလာမ်သာသနာ ရောက်ရှိလာခြင်း” (The Coming of Islam to Burma down to 1700 A.D) စာအုပ်မှာ ဗိုလ်မှူးဘရှင်က ရေးသားထားပါတယ်။

မန္တလေး-အမရပူရလမ်းပေါ်မှာ တည်ရှိတဲ့ ကုလားပျိုဗလီဟာ တော်ဝင်ကြည်းတပ်မှာ တာဝန်ထမ်းဆောင်တဲ့ လူငယ် မွတ်စလင်စစ်သားတွေအတွက် ဘိုးတော်ဘုရားအမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော် အလုံး ၄၀ ထဲကတစ်ခု ဖြစ်ပါတယ်။

ဂျနယ်လစ်တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက ဗလီတွေကို အကြိမ်များစွာ ၀င်ထွက်သွားလာခဲ့ဖူးပါတယ်။ မွတ်စလင်တစ်ယောက် မဟုတ်တာကြောင့် ဗလီထဲမှာ အမှတ်တမဲ့ အဂါရ၀ဖြစ်မှာ စိုးရိမ်တဲ့အတွက် အမြဲတမ်း ကျွန်တော်ရဲ့အပြုအမူကို ဂရုစိုက်ပါတယ်။

ဒါပေမယ့် ကုလားပျိုဗလီထဲ ၀င်တဲ့အခါမှာတော့ ကျွန်တော်ဟာ ချက်ချင်းဆိုသလို အသားကျသွားပါတယ်။ မြင်ကွင်းအားလုံးကို ရင်းနှီးနေပြီး တကယ်တော့ ဗလီတစ်လုံးဆိုတဲ့ လက္ခဏာမျိုး မတွေ့ရဘဲ ဘုန်းကြီးတစ်ကျောင်းအဖြစ် ထင်မှတ်မှားလောက်ရအောင်ပါပဲ။

အစ္စလာမ့်ကောက်ကြောင်း

ဦးပိန်အုတ်ဂူ

မြန်မာနိုင်ငံက မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းတွေကို ပိုမို လေ့လာသိရှိနိုင်ဖို့အတွက် ကျွန်တော်ဟာ မန္တလေးမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီလိုသွားရောက်ရာမှာ မွတ်စလင်တွေဟာ သဘောထားတင်းမာတဲ့ အမျိုးသားရေးသမားတွေရန်ကို ကြောက်ရွံ့နေရပြီး သောကပင်လယ်ဝေကာ နေထိုင်နေရတဲ့ လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဖော်ပြမှု၊ ဗုဒ္ဓဘာသာကို အနီးကပ်ဆုံး ခြိမ်းခြောက်မှုအဖြစ် အမျိုးသားရေးသမားတွေက ရှုမြင်နေမှု စတဲ့ သမရိုးကျအမြင်တွေဟာ ချက်ခြင်းဆိုသလို ပျောက်ကွယ်သွားပါတယ်။ လူအဖွဲ့အစည်းမှာ ထဲထဲဝင်ဝင်ရှိပြီး၊ တစ်သားတည်ဖြစ်ကာ ငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ စိတ်ဝင်စားစရာ လူ့အဖွဲ့အစည်းကို တွေ့မြင်လိုက်ရလို့ ဖြစ်ပါတယ်။

အမရပူရဟာ ကျွန်တော့်ခရီးစဉ်ရဲ့ မူလဘူတ ဖြစ်ပါတယ်။ အမရပူရနန်းမြို့မှာ ကုလားပျိုဗလီအပြင် ဘိုးတော်ဘုရားရဲ့အမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ နောက်ထပ် ဗလီဝတ်ကျောင်းတော်တွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ ငလျင်ဒဏ်ကြောင့် ပျက်ဆီးနေတဲ့ အိုးတော်ဗလီနဲ့ ကိုယ်ရံတော်ဗလီတွေလည်း ပါဝင်ပါတယ်။ အိုးတော်ဗလီရဲ့ ပြတင်းပေါက်တွ၊ မုခ်ဦးတွေနဲ့ ၀တ်ပြုရာနေရာတွေကို မြန်မာ့ကနုတ်ပန်းလက်ရာတွေရဲ့ ချယ်မှုန်းထားပါတယ်။

အာဖဂန်နစ္စတန်ကနေ လာရောက်တယ်လို့ ယုံကြည်ရပြီး မွတ်စလင်လူ့အဖွဲ့အစည်းက ပြဿနာတွေကို တရားစီရင်ဖြတ်ထုံးပေးဖို့အတွက် ဘိုးတော်ဘုရားရဲ့ ခန့်အပ်တာဝန်ပေးမှုကို ခံခဲ့ရတဲ့ မွတ်စလင်ပညာရှိ အာဘစ်ရှားဟူစိန်နီရဲ့ ဒရ်ဂါဂူဗိမာန်တစ်ခုလည်း အမရပူရမှာ ရှိနေပါတယ်။

ဟူစိန်နီ ဂူဗိမာန်ပရ၀ုဏ်အတွင်းမှာ နောက်ထပ်ရှိနေတဲ့ ဂူဗိမာန်တစ်ခုကတော့ မွတ်စလင်မင်းမှူထမ်းတစ်ဦးဖြစ်ခဲ့တဲ့ ဦးပိန်ရဲ့ ဂူပါ။ သူဟာ တောင်တမန်အင်းကိုဖြတ်ကာ ကျွန်းသစ်နဲ့ နာမည်ကျော်တံတားတစ်စင်း တည်ဆောက်ခဲ့ပြီး သူရဲ့အမည်အတိုင်း ဦးပိန်တံတားလို့ တွင်ပါတယ်။ ကုန်ဘောင်မင်းဆက်ရဲ့ န၀မမြောက်ဘုရင် ပုဂံမင်း (၁၈၄၆-၁၈၅၂) လက်ထက်မှာ ဦးပိန်နဲ့ အမရပူရက ထင်ရှားတဲ့ မွတ်စလင်တစ်ဦးဖြစ်သူ အမရပူရမြို့စား ဘိုင်ဆပ်တို့ဟာ ကွပ်မျက်ခံခဲ့ရပါတယ်။

အမရပူရက အစ္စလာမ့်အမွေအနှစ်တွေဟာ လစ်လျူရှုခံထားရတယ်ဆိုတာကို သိသာနေပြီး ဒီလို လစ်လျူခံထားရတာမှာ အစိုးရရဲ့ ပယောဂါလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်ရာနေရာဖြစ်တဲ့ ဦးပိန်တံတားရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ ဦးပိန်ရဲ့ဂူဗိမာန် ပြင်ဆင်မှုကို ၂၀၀၇ ခုနှစ်မှာ တားမြစ်ခဲ့တာမျိုးပါ။

မင်းတုန်းမင်းက နေပြည်တော်ကို မန္တလေးရွှေ့တဲ့အချိန်မှာ လူတော်တော်များများဟာ အမရပူရကနေ ပြောင်းသွားကြပါတယ်။ ပတ်ဝန်းကျင်က အခြားဗလီတွေဟာ အရမ်းကို အိုမင်းဟောင်းနွမ်းနေကာ အသုံးပြုလို့မရတာကြောင့် ဒီဒေသမှာ ကုလားပျိုဗလီတစ်လုံးကိုသာ အသုံးပြုနေရပြီး သောကြာနေ့ဝတ်ပြုသူဟာ အယောက် ၅၀ လောက်ရှိတယ်လို့ ဦးညီလှက ပြောပါတယ်။

ဗလီတစ်ဝိုက်ကို ကြည့်ရှုပြီး စကားပြောတဲ့အခါမှာ ဦးညီလှက အတိတ်ကို မြင်ယောင်ကြည့်သလို အဝေးတစ်နေရာကိုလှမ်းကြည့်နေပါတယ်။

“မင်းတုန်းမင်းဟာ နေပြည်တော်ကို မန္တလေးရွှေ့တဲ့အချိန်မှာ ဒီနေရာတစ်ဝိုက်မှာ မွတ်စလင်တွေတော်တော်များများ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မွတ်စလင်တွေဟာ အခြားနေရာတွေကို ပြောင်းရွှေ့သွားကြတယ်။ နောက်ပိုင်းတော့ အားလုံးပြောင်းလဲသွားတယ်ဗျ။ ဟုတ်တယ် အားလုံးပြောင်းလဲသွားတယ်” လို့ သူက ပြောပါတယ်။

လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးနှင့် တင်းမာမှုများ

တောင်ဘလူဗလီတွင် ၀တ်ပြုနေကြသူများ

ဦးညီလှဟာ မြန်မာနိုင်ငံမှာ မျိုးဆက်များစွာ နေထိုင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်ခဲ့တဲ့ သမရိုးကျ မွတ်စလင်တွေရဲ့ ပြယုဂ်ပါ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်းငါးဆယ် နှစ်သိန်းခုနှစ်သောင်း ကိုးထောင့် ကိုးရာမှာ မွတ်စလင်အရေအတွက်ဟာ ၂.၃ ရာခိုင်နှုန်းတစ်သန်း တစ်သိန်း လေးသောင်း ခုနှစ်ထောင့် လေးရာ ကိုးဆယ့်ငါးဦး ရှိနေပါတယ်။

ရခိုင်ပြည်နယ်က တစ်သန်းကိုးသောင်းသော မွတ်စလင်တွေကတော့ ဘင်္ဂါလီလို့ထည့်ဖို့ ငြင်းဆိုတဲ့အတွက် သန်းခေါင်းစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ သူတို့သာပါဝင်မယ်ဆိုရင် မွတ်စလင်တွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄.၃ ရာခိုင်နှုန်း ရှိမှာဖြစ်ပြီး ၁၉၈၃ ခုနှစ်က သန်းခေါင်စာရင်းကောက်ယူမှုမှာ တွေ့ရတဲ့ ၃.၉ ရာခိုင်နှုန်းထက် နည်းနည်းလေး မြင့်တက်လာတာ ဖြစ်ပါတယ်။

တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းမှာ မွတ်စလင်လူ့အဖွဲ့အစည်းက တစ်ခုသာပါဝင်ပါတယ်။ သူတို့တွေက ကမန်လူမျိုးတွေဖြစ်ပြီး နိုင်ငံတစ်ဝှမ်း လူဦးရေ ၄၅၀၀၀ ၀န်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

ကျန်တဲ့မွတ်စလင်တွေကတော့ အမည်အမျိုးမျိုး တွင်ပါတယ်။ လူတွေတော်တော်များများ သိကြတာက ရိုဟင်ဂျာဖြစ်ပြီး အစိုးရနဲ့ မြန်မာနိုင်ငံသားအများစုက ဘင်္ဂါလီလို ခေါ်တွင်ကြပါတယ်။ ဒါပေမယ့် တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေနဲ့ နွယ်တဲ့လူ တော်တော်များများ ရှိပါတယ်။ တစ်ချို့တွေမှာ ထူခြားတဲ့ လူမျိုးအမည်နာမတွေ ရှိပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ တောင်ပိုင်းဇာတိ ပန်းသေးလို၊ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်က တမီလ်စကားပြောတဲ့ ကျိုလီယာလူမျိုးတွေပါ။ ကျန်တဲ့ အခြားမွတ်စလင်တွေကတော့ သူတို့ကိုယ်သူတို့ မြန်မာ၊ ဗမာ၊ ဒါမှမဟုတ် ဗမာမွတ်စလင်လို့ ခေါ်ဆိုကြပါတယ်။

သန်းခေါင်စာရင်းအရ ရန်ကုန်၊ မန္တလေးနဲ့ မွန်ပြည်နယ်တို့မှာ မွတ်စလင်တွေ အများဆုံး နေထိုင်ကြတယ်လို့ တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ မွတ်စလင် ၃၄၅၆၁၂ ဦးရှိပြီး (စုစုပေါင်းလူဦးရေရဲ့ ၄.၇ ရာခိုင်နှုန်း)၊ မန္တလေးတိုင်းဒေသကြီးမှာ ၁၈၇၇၈၅ ဦး (၃ ရာခိုင်နှုန်း)၊ မွန်ပြည်နယ်မှာ ၁၁၉၀၈၆ ဦး (၅.၈ ရာခိုင်နှုန်း) ရှိပါတယ်။

မွတ်စလင်ဘော်ဒါကျောင်းက ကျောင်းသား ၃၀ နဲ့ လူအများအပြား အသတ်ခံခဲ့ရတဲ့ ၂၀၁၃ ခုနှစ် မိတ္ထီလာက တိုက်ခိုက်မှုအပါအ၀င် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနောက်ဆက်တွဲအဖြစ် နိုင်ငံတစ်ဝှမ်းြ ပန့်နှံ့ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုမှုတွေနောက်ပိုင်း လူ့အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးဟာ အဖုအထစ် တွေ ဖြစ်လာခဲ့ပါတယ်။

ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ပေါ်ထွန်းလာမှုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာခဲ့တဲ့ ဒီအကြမ်းဖက်မှုဟာ အရင်ကရှိခဲ့တဲ့ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးအကြား အရင်ကရှိခဲ့တဲ့ သဟဇာတဖြစ်နေတဲ့ ဆက်ဆံရေးကို ဖျက်ဆီးလိုက်သလို ဖြစ်ခဲ့ပါတယ်။

ရန်ကုန်နဲ့ မိတ္ထီလာလို မြန်မာနိုင်ငံအလယ်ပိုင်းက မြို့ကြီးတွေမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မွတ်စလင်ဆိုင်မှာ ရှိနေတာ၊ မွတ်စလင်တစ်ယောက် ဗုဒ္ဓဘာသာဆိုင်မှာရှိနေတာတွေကို မြင်ရတာ နည်းလာပါတယ်။

ဒါပေမယ့် မန္တလေးနဲ့ အနီးအနားတစ်ဝိုက်ကတော့ ခြွင်းချက်ဖြစ်ပြီး အဲဒီမှာ လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးဟာ နွေးထွေးကြပါတယ်။ ရန်ကုန်မှာ ဗမာသင်္ဘောကျင်းလုပ်သားတွေနဲ့ အိန္ဒိယ အလုပ်သမားတွေကြား ၁၉၃၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆိုးဆိုးရွားရွားအဓိကရုဏ်းလို တင်းမာမှုမျိုးလည်း မန္တလေးမှာ သမိုင်းအစဉ်အအဆက် မရှိခဲ့ပါဘူး။

၂၀၁၄ ခုနှစ် ဇူလိုင်လမှာ လူ ၂ ဦးသေဆုံးခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပေမယ့် တော်တော်များများကတော့ ဒီအဖြစ်အပျက်ဟာ မန္တလေးမြို့က လူမှုသဟဇတဖြစ်မှုကို မီးမောင်းထိုးပြနေတဲ့ အဖြစ်အပျက်တစ်ခုလို့ ဆိုကြပါတယ်။ ဦးဝီရသူရဲ့ ဆိုရှယ်မီဒီယာက သွေးထိုးလှုံ့ဆော်မှုနောက်ပိုင်း ဒေသခံမဟုတ်သူေ
တွက အဓိကရုဏ်းဖြစ်အောင် ဆွပေးဖို့ ကြိုးစားခဲ့တယ်လို့ဆိုတဲ့ အဲဒီအဖြစ်အပျက်ကို တွန်းလှန်ဖို့နဲ့ တင်းမာမှုလျော့ကျရေးအတွက် လူထုအခြေပြုအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြို့နေပြည်သူတွေဟာ အားထုတ်ကြိုးပမ်းခဲ့ကြပါတယ်။ ဦးဝီရသူရဲ့ပို့စ်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မွတ်စလင်က ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်တယ်လို့ စွပ်စွဲရေးသားခဲ့ပြီး အဲဒီစွပ်စွဲချက်ဟာ မှားယွင်းကြောင်း နောက်ပိုင်းမှာ သိခဲ့ရပါတယ်။

“မန္တလေးမှာ ဖြစ်ခဲ့တဲ့ကိစ္စရဲ့ ဇာတ်ညွှန်းက အရင်ဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ ပုံစံအတူတူပါပဲ။ ဒါပေမယ့် အရေးပါသွားတဲ့ ခြားနားချက်တစ်ခုက ဒေသခံတွေဟာဆူပူမှုမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့တာပါ” လို့ ဇူလိုင်လ ၁-၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ် မတ်လမှာ ထုတ်ပြန်တဲ့ အမေရိကန်အခြေစိုက် Justice Trust ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆူပူသူတွေဟာ သန်းခေါင်ကျော်နောက်ပိုင်း ဘုန်းကြီးကျောင်းနှစ်ခုကို သွားရောက်ကာ ဘုန်းကြီးတွေ သူတို့ကိစ္စမှာ ပါဝင်ဖို့ ဆွယ်ခဲ့ပေမယ့် ၀ါတော်ကြီးတဲ့ ဘုန်းကြီးတွေက လက်မခံခဲ့ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

“အဲဒီအချိန်မှာ မန္တလေးငြိမ်းချမ်းရေးကော်မတီလို့ခေါ်တဲ့ ဘာသာပေါင်းစုံမဟာမိတ်အဖွဲ့က တက်ကြွလှုပ်ရှားသူတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များသမဂ္ဂက ဘုန်းတော်ကြီးတွေဟာ အခြေအနေကို လျင်လျင်မြန်မြန်ပဲ ထိန်းသိမ်းခဲ့ပြီး သူတို့ရဲ့ ကွန်ယက်အဖွဲ့တွေကို အသိပေးတာ၊ လမ်းတွေပေါ် သွားရောက်ထိန်းသိမ်းတာတွေနဲ့ ထိခိုက်မှုပမာဏနည်းအောင် ကူညီပေးခဲ့ကြပါတယ်”

၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ ပဋိပက္ခဖြစ်အောင်လှုံ့ဆော်သူတွေ ရှိခဲ့ပေမယ့် မန္တလေးမြို့တွင်း အကြမ်းဖက်မှု မပြန့်နှံ့အောင် တားဆီးခဲ့တဲ့ မန္တလေးဒေသခံတွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဦးသိန်းစိန်က မန္တလေးဟာ ‘ငါတို့အားလုံး မန္တလေးသူ မန္တလေးသားတွေ ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့’ ဆယ်စုနှစ်ပေါင်းများစွာ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ‘စံပြလူ့အဖွဲ့အစည်းတစ်ခု’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပဋိပက္ခကြောင့် ‘မန္တလေးပြည်သူတွဟာ လူ့အဖွဲ့အစည်းတွေအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှုတွေကို ပြသနိုင်ခဲ့တယ်’ လို့လည်း ဦးသိန်းစိန်က ဆိုပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လက အဲဒီအဖြစ်အပျက်မှာ တည်ငြိမ်အောင် ထိန်းသိမ်းခဲ့သူတွေထဲက တစ်ယောက်ဟာ မန္တလေးချက်မြှုပ်ဖြစ်တဲ့ စီးပွားရေးသမား ကိုသန်းဆွေဖြစ်ပါတယ်။ လူတွေ တည်ငြိမ်လာအောင် သူဟာ ဘုန်းကြီးတွေ၊ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ အခြားခေါင်းဆောင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

ရန်ကုန်လို ဘာသာတစ်ခုထဲကလူတွေ စုနေကြတဲ့ ရပ်ကွက်တွေ၊ မြို့နယ်မျိုးတွေ မန္တလေးမှာမရှိဘဲ ဘာသာစုံကလူတွေ အတူနေထိုင်ကာ၊ ပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတဲ့အချက်က ဒီလိုတည်ငြိမ်အောင်ဆောင်ရွက်ဖို့ ပိုမိုလွယ်ကူစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ဘ၀တစ်လျှောက်လုံး ဘုန်းကြီးကျောင်းတွေမှာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့တာပါ။ ဘုန်းကြီးကျောင်းတွေမှာ ကျွန်တော်တို့ ဆော့ကစားခဲ့ကြပြီး မန္တလေးက အခြားသော မွတ်စလင်တွေလိုပဲ ဗုဒ္ဓဘာသာနဲ့ ကျွန်တော်တို့ ရင်းနှီးခဲ့ပါတယ်”

မန္တလေးက သည်းခံနိုင်စွမ်းနဲ့ တစ်သားတည်းဖြစ်မှုသမိုင်းဟာ ကုန်းဘောင်ခေတ် မင်းဆက်တွေလက်ထက်ကတည်းက ရှိခဲ့တဲ့ သမိုင်းအမွေအနှစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

သက္ကရာဇ် ၁၈၅၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးနေပြည်တော် မန္တလေးကို တည်ခဲ့ပြီး ခေတ်အမြင်ရှိကာ ပြည်သူတွေက ကြည်ညိုကြတဲ့ မင်းတုန်းမင်းဟာ နန်းတွင်းမှာ ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ခွင့်ပြုခဲ့ကာ မြန်မာနိုင်ငံကမွတ်စလင်တွေ မက္ကာမြို့သွားရောက် ဟဂ်ျပြုတဲ့အခါ တည်းခိုနိုင်အောင်လို့ ဆော်ဒီမှာ ဇရပ်တစ်ဆောင်ကို ငွေကြေးစိုက်ထုတ် ဆောက်လုပ်ပးခဲ့ပါတယ်။

မန္တလေးက ဗလီတွေ၊ တရုတ်ဘုံကျောင်းတွေနဲ့ ဟိန္ဒူဘုရားကျောင်း တော်တော်များများဟာ မင်းတုန်းမင်း နန်းစံတဲ့ ၁၈၅၃ ခုနှစ်ကနေ ၁၈၇၈ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပုဂံမင်း ပြုတ်ကျသွားပြီး မင်းတုန်းမင်း ဘုရင်ဖြစ်လာခဲ့တဲ့ မင်းတုန်းမင်းနဲ့ နောင်တော် ကနောင်မင်းသားတို့ရဲ့ ပုန်ကန်မှုမှာ အကူအညီပေးခဲ့တဲ့ မွတ်စလင်နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဦးဘို ဆောက်လုပ်ခဲ့တဲ့ ၂၇ လမ်းက ဂျွန်းဗလီဟာလည်း ဒီအဆောက်အဦးတွေထဲမှာ ပါဝင်ပါတယ်။ အခြားမွတ်စလင်တစ်ဦးဖြစ်တဲ့ ဦးရွက်ကတော့ ရွှေနန်းတော်ရဲ့ စားဖိုတော်ဆောင် အကြီးအကဲ ဖြစ်ခဲ့ပါတယ်။

တောင်ဘလူဗလီတွင် သောကြာနေ့ဝတ်ပြုရန်အတွက် ကိုလက်သန့်စင်နေသူတစ်ဦး

အသက် ၇၈ နှစ်အရွယ်ရှိတဲ့ ဦးလှဝင်းဟာ သစ္စာရှိစွာ အမှုတော်ထမ်းခဲ့တဲ့ ကုလားပျိုတပ်သားတွေထဲက တစ်ဦးရဲ့ အဆက်အနွယ်ဖြစ်ပါတယ်။ သူ့ရဲ့မိခင်ဖက်က ဘေးတော်စပ်သူဟာ အမြှောက်တပ်မှာ ဗိုလ်မင်းအဖြစ် အမှုထမ်းခဲ့သူပါ။ အာဏာရှင်ဦးနေ၀င်းလက်ထက် မြို့နယ်တရားသူကြီးအဖြစ် အချိန်ပိုင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးလှဝင်းဟာ မွတ်စလင်အမည်မရှိတဲ့ သက်သက်လွတ်သမားဖြစ်ပြီး ဘာသာရေးယုံကြည်မှုမှာလည်း အလယ်အလတ်ကျပါတယ်။

“ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်သခင်နဲ့ တမန်တော်မြတ်ကြီး မိုဟမ္မဒ်သခင်တို့ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အမိန့်ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်သူပါ။ ဒါပေမယ့် ဒီနေ့ခေတ် မွတ်စလင်တစ်ချို့ရဲ့ လုပ်ရပ်တွေကို ကျွန်တော် မကြိုက်ပါဘူး” လို့ သူက ကျွန်တော့်ကို ပြောပါတယ်။

ကျွန်တော်တို့အရှင်က စွမ်းတယ်

ဒရ်ဂါတွင် ဆုတောင်းနေသည့် အမျိုးသမီးတစ်ဦး

ဗုဒ္ဓဘာသာဝင်တွေမှာလိုပဲ မွတ်စလင်တွေမှာလည်း ယုံကြည်ချက် ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ သီရိလင်္ကာတို့မှာ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားပြီး၊ အာရှမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မဟာယနလွှမ်းမိုးကာ တိဘက်မှာတော့ တိဘက်ဗုဒ္ဓဘာသာလို့ခေါ်တဲ့ (မဟာယနဂိုဏ်းခွဲ) Vajrayana ၀ါဒ အားကောင်းပါတယ်။

ကုရ်အာန်မှာ လူတွေရဲ့ ရုပ်ပုံတွေနဲ့ အခြား သက်ရှိတွေ ကိုးကွယ်ဆည်းကပ်တာကို တားမြစ်ထားပေမယ့် မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက အလယ်အလတ် မွတ်စလင်တွေကတော့ ဒရ်ဂါဂူဗိမာန်တွေကို သွားရောက်ပြီး ၀တ်ပြုဆုတောင်းတာတွေ လုပ်ကြပါတယ်။

“ကျွန်တော်တို့ရဲ့ အရှင်သခင်က စွမ်းတာကြောင့် လူတော်များများ ဒီမှာလာပြီး ဆုတောင်းကြတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ခရစ်ယာန်တွေတောင် ပါပါတယ်” လို့ လူရှားဒရ်ဂါတော်ရဲ့ ဂေါပကဥက္ကဌ အသက် ၅၁ နှစ်အရွယ် ဦးအေးကိုက ပြောပါတယ်။ သူ့ရဲ့ အစ္စလာမ့်ဘွဲ့အမည်ကတော့ မိုဟာမက် အာဘီရှားဖြစ်ပါတယ်။

မတ်လအတွင်း ကျွန်တော်သွားလည်တုန်းက ဗုဒ္ဓဘာသာဝင်ကလေးငယ်တွေဟာ သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ ဒရ်ဂါပရ၀ုဏ်က အရိပ်ကျတဲ့နေရာမှာ ကစားနေတာကို တွေ့ခဲ့ရပါတယ်။ ဂူဗိမာန်ရဲ့အရှေ့မှာတော့ အမျိုးသမီးတစ်ယောက်ဟာ ဆုတောင်းနေပြီး၊ ဒီအမျိုးသမီးဟာ မျက်နှာ ဒါမှမဟုတ် ဆံပင်ကို မဖုံးထားတာကြောင့် ကျွန်တော်တောင် အံ့သြမှင်သက်ခဲ့ရပါတယ်။

ဥက္ကဌ ဦးအေးကိုက ဒရ်ဂါနဲ့ပတ်သက်ပြီး တိကျတဲ့အချက်အလက်တွေကို မပြောနိုင်ပေမယ့် ဒီနေရာဟာ ၁၉ ရာစုအလယ်ပိုင်း ဒါမှမဟုတ် အစောပိုင်းလောက်က အလယ်အာရှကနေရောက်လာတဲ့ မွတ်စလင် သာသနာပြုပုဂ္ဂိုလ်ကြီး လူရှားသခင်ရဲ့အမည်ကို မှည့်ခေါ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ ဒရ်ဂါမှာ လာရောက်ဆုတောင်းရင် ပြည့်ဝတယ်လို့ ယုံကြည်ကြသူတွေ ရှိပါတယ်။

(ဘာသာပြန်သူ၏ ဖြည့်စွက်ချက် – ဒရ်ဂါဆိုသည်မှာ သီလသမာဓိရှိသည့် ပုဂ္ဂိုလ်မွန်ကြီးများ ကွယ်လွန်သေဆုံးသွားပြီးနောက် မပုမ်မသိုး ရုပ်ကလပ်ကို နှောင်းလူများက တွေ့ရှိကာ ဂူဗိမာန်အဖြစ် အမှတ်တရ ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ကွယ်လွန်သူ၏အမည်ဖြင့် ဂူဗိမာန်ကို မှည့်ခေါ်လေ့ရှိသည်။ အဆိုပါ ဒရ်ဂါသို့ သွားရောက်၍ ထိုသူတော်စင်ကြီးများကို အမှီသဟဲပြု၍ ရည်စူးခြင်း၊ ဆုတောင်းခြင်းတို့ ပြုလုပ်ပါက ပြည့်တတ်သည်ဟု အဆိုရှိသည်။)

ဦးအေးကိုနဲ့ တစ်ဘက်ဆွဲရွာက အခြား ဗမာမွတ်စလင် လူကြီးသူမတွေဟာ ဗမာလူမျိုးတွေလိုပဲ ၀တ်စားဆင်ယင်ပါတယ်။ သူတို့တွေမှာ မုတ်ဆိတ်မရှိကြသလို တောင်အာရှက မွတ်စလင်တွေ ၀တ်လေ့ဝတ်ထရှိတဲ့ ရိုးရာအင်္ကျီဖြစ်ပြီး ကုရ်သာလို့ခေါ်တဲ့ ကော်လံကတုံး အင်္ကျီရှည်ကိုလည်း မ၀တ်ကြပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း ကျွန်တော့်ရဲ့ခရီးစဉ်အတွင်းမှာ မြင်ခဲ့ရတဲ့ အကြီးဆုံးမွတ်စလင်အဆောက်အဦးတွေထဲက တစ်ခုဖြစ်တဲ့ လူးရှားဒရ်ဂါရဲ့ ၀င်ပေါက်မုခ်ဦးကို ဗမာမှုလက်ရာ ကနုတ်ပန်းတွေနဲ့ ထွင်းထု ချယ်မှုန်းထားပါတယ်။

တစ်ဘက်ဆွဲရွာမှာ ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်အိမ်ခြေပေါင်း ၁၀၀၀ ရှိပြီး နှစ်ဖက်လူ့အဖွဲ့အစည်းဟာ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ကြေပါတယ်။ ညနေခင်းတစ်ခုမှာ ကျွန်တော် အဲဒီရွာကို သွားလည်တဲ့အချိန် ဗလီက၀တ်ပြုဖို့ နှိုးဆော်သံနဲ့ ဘုန်းကြီးကျောင်းကဖွင့်ထားတဲ့ ဘုန်းကြီးတရားသံတို့ ရောထွေးယှက်နွယ်တာကိုလည်းကြားခဲ့ရပါတယ်။

“ဘာသာတရားဆိုတာကို ဒီမှာ ဘာတရားလို့ပဲ သဘောထားတယ်ဗျ။ (ဗလီဝင်းထဲမှာ) ဗုဒ္ဓဘာသာကလေးတွေဆော့ကစားကြပြီး၊ မွတ်စလင်တွေကလည်း ဘုန်းကြီးကျောင်းမှာ ပွဲတစ်ခုခုရှိရင် သွားလှူကြပါတယ်” လို့ ဦးအေးကိုက ပြောပါတယ်။

“နိုင်ငံအတွင်းက အခြားနေရာတွေမှာ လူမျိုးရေးပဋိပက္ခဖြစ်ပေမယ့် ကျွန်တော်တို့ရွာကို ဘယ်တော့မှ မရိုက်ခတ်ခဲ့ဘဲ ဘယ်တော့မှလည်း ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး”

ဗမာမွတ်စလင်များဖြစ်ကြသည်

ဦးအောင်အောင်သန်း

မဆိုစလောက်ပမာဏကလွဲလို့ မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာမွတ်စလင်တွေဟာ ဗမာ့ယဉ်ကျေးမှုကို လက်ခံကျင့်သုံးတာကြောင့် သူတို့ရဲ့ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ကြပါတယ်။ ဒါပေမယ့် အိန္ဒိယတိုက်ငယ်နဲ့ အရှေ့အလယ်ပိုင်းက ရှေးရိုးပိုဆန်တင်းကြပ်တဲ့ သဘောထား လွှမ်းမိုးလာတာကို လူကြီးသူမတွေက စိုးရိမ်နေကြပါတယ်။ အဲဒီလိုလွှမ်းမိုးမှုကြောင့် ရှေးရိုးစွဲအစ္စလာမ်ကို လက်ခံကျင့်သုံးမှု မြင့်တက်လာပြီး ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ကြီးထွားလာမှုနဲ့အတူ လတ်တလောပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေမှာ ဒီအချက်က အကြောင်းခံတစ်ခု ဖြစ်နေလားဆိုတာ လူကြီးတွေက သံသယမကင်း ဖြစ်နေကြပါတယ်။

“ရန်ကုန်က မွတ်စလင်များတဲ့ မြို့နယ်တစ်ချို့မှာ ပြောင်းလဲနေတာကို တွေ့ရတယ်” လို့ စာရေးဆရာနဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ မန္တလေးဒေသခံ ဦးအောင်အောင်သန်းက ပြောကြားခဲ့ပြီး နိုင်ငံအလယ်ပိုင်း ဒေသအများစုက မွတ်စလင်လူ့အဖွဲ့အစည်းဟာ တစ်သားတည်းဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

“အထက်ပိုင်းက မွတ်စလင်တွေဟာ ဗမာလူမျိုး မွတ်စလင်တွေပါ။ ကျွန်တော်တို့ ဗမာ့ယဉ်ကျေးမှုကို ချစ်တယ်၊ တစ်ချိန်တည်းမှာပဲ အလ္လာဟ်အရှင်မြတ်သခင်ကို ကိုးကွယ်ဆည်းကပ်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အဆုံးအမအတိုင်း နေထိုင်ပါတယ်”

မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေထိုင်ခဲ့တဲ့ ၃ ပတ်တာကာလအတွင်းမှာ ကျွန်တော်ဟာ ‘ဗမာမွတ်စလင်’ လို့ ဂုဏ်ယူစွာ မိတ်ဆက်ခဲ့တဲ့ လူတွေကို ဒါဇင်နဲ့ချီ တွေ့ခဲ့ပါတယ်။ အငြိမ်းစား တရားသူကြီးတစ်ဦးဖြစ်တဲ့ ဦးလှဝင်းက “ဘာသာတရားဆိုတာ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး မွတ်စလင်ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် လူဆိုတာ အားလုံးအတူတူပဲလို့ မြေးတွေကို ကျွန်တော်ပြောပြတယ်။ ဒါပေမယ့် ပြင်ပက ၀င်ရောက်စွက်ဖက်မှုကြောင့် မွတ်စလင်တွေရဲ့ အမူအကျင့်တွေ ပြောင်းလဲသွားမှာကိုတော့ ကျွန်တော် စိုးရိမ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံအလယ်ပိုင်းက ကျွန်တော့်ရဲ့ခရီးစဉ်ဟာ အဆုံးသတ်ဖို့ တစ်ဖြည်းဖြည်း နီးလာခဲ့ပေမယ့် ကျွန်တော်ရဲ့ နောက်ဆုံးအင်တာဗျူးတွေက တစ်ခုကတော့ အံ့သြစရာအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ရှေ့ဆောင်အီမာမ် ဦးတိုးမိုးအောင်ကို အင်တာဗျူးဖို့အတွက် မန္တလေးက တောင်ဘလူဗလီကို သွားရောက်ခဲ့ပါတယ်။ ဗလီကလူတိုင်းဟာ သူ့ကို ဒီနာမည်နဲ့ ညွှန်းကြပါတယ်။ သူ့ရဲ့ မွတ်စလင်အမည်ဟာ နေဇာမွဒ်ဒင်းဖြစ်တယ်ဆိုတဲ့ နောက်ပိုင်း ကျွန်တော်မေးတော့မှ သူက ပြောပြပါတယ်။

ဒီဗလီမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ အတူတကွ ၀တ်ပြုလို့ရတာကြောင့် မန္တလေးက ဗလီတွေထဲမှာ ထူးထူးခြားခြားပါ။ ဒါပေမယ့် အမျိုးသမီးတွေအတွက် သီးသန့်ဝတ်ပြုဆောင်တစ်ခုကို ထားပေးထားပါတယ်။

ဗမာအမျိုးသားတွေ ပွဲလမ်းသဘင်မှာဝတ်တတ်တဲ့ ရခိုင်လုံချည်ကို ဦးတိုးမိုးအောင်တစ်ယောက် ၀တ်ထားပါတယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်မေးတဲ့အခါ သူက “ကုရ်အာန်ထဲမှာ ဘယ်ဝတ်စုံကိုဝတ်ပါလို့ မပါပါဘူး။ အ၀တ်အစားဆိုတာ ကိုယ်နေထိုင်ရာဒေသနဲ့ ‘ကိုက်ညီပြီး သက်တောင့်သက်သာရှိတာမျိုး’ ဖြစ်သင့်တယ်လို့သာ မိန့်ထားတာပါ”

ဒါဟာ မြန်မာနိုင်ငံအလယ်ပိုင်းက မွတ်စလင်တော်တော်များများရဲ့ နှလုံးသဲပွတ်ထဲမှာ စွဲထင်နေတဲ့ သင်ကြားမှု တစ်ခုပဲ ဖြစ်ပါတယ်။

Ref : Frontiermyanmar

(ဆောင်းပါးရှင် မြတ်ကျော်သူက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး Frontier Myanmar ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသည့် The Burmese Muslims of central Myanmar: No beards, no kurtas ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများသည့် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

Comments are closed.