ဇွန် ၆၊ ၂၀၁၈
M-Media
– မြန်မာနိုင်ငံမှာ တရုတ်က ဘာကို ထိပ်တန်းဦးစားပေးထားလဲဆိုတာကို နားလည်ချင်ရင်တော့ တိုင်းပြည်ရဲ့ အရာမထင်သေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘေဂျင်းက ပါဝင်နေမှု၊ လတ်တလော ရပ်ဆိုင်းထားရတဲ့ ကန်ဒေါ်လာ ၃.၉ ဘီလီယံတန် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးစားမှု၊ ဒေသခံတွေက ကန့်ကွက်နေတဲ့ မန္တလေးမြို့အပြင်ဘက် လက်ပံတောင်းမှာ ကြေးနီတူးဖော်ခွင့်ရရေး ကြိုးစားနေမှု ဒါတွေအားလုံးကို မေ့ထားပစ်လိုက်ရပါလိမ့်မယ်။
နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေတစ်ဆင့် အိန္ဒိယသမုဒ္ဒရာမှာ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် ထွက်ပေါက်တစ်ခု ရလိုတဲ့ တရုတ်ရဲ့ အလိုဆန္ဒနဲ့စာရင် အထက်ကဆိုခဲ့တဲ့ အကျိုးစီးပွားတွေဟာ မပြောပလောက်ပါဘူး။ ကျောက်ဖြူဟာ တရုတ်ရဲ့ ကန်ဒေါ်လာ ၁ ထရီလီယံတန် Belt and Road Initiative (BRI) အတွက် အရေးပါတဲ့ ချိတ်ဆက်မှုတစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်ရဲ့ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း မြင်လာရတဲ့အချိန်မှာ ကန်ဒေါ်လာ ၁၀ ဘီလီယံလောက် တန်ကြေးရှိတဲ့ ကျောက်ဖြူစီမံကိန်း သဘောတူထားချက်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အစိုးရရဲ့ ထိပ်တန်းစီးပွားရေးအကြံပေး ရှောင်တာနဲလ်က စီမံကိန်းမှာပါတဲ့ ဆိပ်ကမ်းတန်ဖိုးကို ကန် ဒေါ်လာ ၇.၅ ဘီလီယံ သတ်မှတ်တာဟာ ‘ရူးနှမ်းပြီး’ ‘အဓိပ္ပါယ်မရှိဘူး’ လို့ သိပ်မကြာသေးခင်ကပဲ ပြောထားပါတယ်။
အစိုးရဟာ ဒီစိမံကိန်းကို ပြန်လည်သုံးသပ်နေတယ်လို့ လတ်တလော သတင်းထွက်လာပါတယ်။ ကျောက်ဖြူမှာ ဆိပ်ကမ်းတစ်ခု တည်ဆောက်မယ့်အစီအစဉ်ကို ၂၀၀၇ ခုနှစ်က ကြေငြာခဲ့ပြီး နိုင်ငံရဲ့ အခြေခံအဆောက်ဦးနဲ့ အခြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလွန်လိုအပ်နေတဲ့ အဲဒီအချိန်တုန်းက တရုတ်ရဲ့အကြွေးနွံထဲ နစ်ဆင်းမယ်ဆိုတဲ့ အသိမျိုး မရှိသေးပါဘူး။
ကျောက်ဖြူမှာ လုပ်ငန်းတစ်ချို့ အကောင်အထည်ပေါ်လာကာ တရုတ်ရဲ့ ရည်မှန်းချက်ကြီးတဲ့ အဲဒီ ဧရာမ ရေနက်ဆိပ်ကမ်းကြီး ၁၀ စုနှစ်တစ်ခုကျော် ကြာသွားတဲ့တိုင်အောင် လိပ်ခဲတည်းလည်း ဖြစ်နေတုန်းပါ။
၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံပိုင်လုပ်ငန်း Citic Group ဟာ စီမံကိန်းရဲ့ ၇၀ ရာခိုင်းနှုန်းကို တင်ဒါအောင်ခဲ့ပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို မြန်မာအစိုးရက ရရှိပါတယ်။ ဒါပေမယ့် ပိုက်ဆံမရှိတဲ့ နေပြည်တော်အစိုးရဟာ စီမံကိန်းရှယ်ယာအတွက် ပိုက်ဆံထည့်ဝင်ဖို့ အပြင်ကနေ ကန်ဒေါ်လာ ၂ ဘီလီယံလောက် ချေးရမယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက ခန့်မှန်းပြီး အများစုကို တရုတ်ရင်းမြစ်တွေကနေ ချေးရတာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးအောက် ဆယ်စုနှစ်ချီ ဖယ်ကျဉ်ခံဘ၀ကနေ တိုင်းပြည်က လွတ်မြောက်လာတဲ့အချိန်မှာ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ်ဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် အကြွေးကိစ္စ ပြေလည်သွားမယ်လို့ ထင်နိုင်စရာ ရှိပါတယ်။
ဒါပေမယ့် တိုင်းပြည်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေဟာ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကို တားဆီသလိုဖြစ်နေတာကြောင့် အဲဒီ စီးပွားရေးမျှော်လင့်ချက်တွေ အလျင်အမြန်ပဲ ပျောက်ကွယ်သွားပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ‘အကြွေးထောင်ချောက် ဒီပလိုမေစီ’ ထဲကို သ
က်ဆင်းရမယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရပါပြီ။ ‘အကြွေးထောင်ချောက်’ ဆိုတာ BRI နဲ့ ဆက်နွယ်နေတဲ့ အကြွေးကို ပြန်မဆပ်နိုင်တဲ့အတွက် နိုင်ငံတွေဟာ အချုပ်အခြာအာဏာကို ဖဲ့ပေးရတဲ့ဘ၀မျိုး ရောက်သွားစေတဲ့ နည်းလမ်းဖြစ်ပါတယ်။
အဲဒီအတွက် အထင်သာဆုံးဥပမာကတော့ သီရိလင်္ကာက သက်တမ်း ၇ နှစ်သာရှိသေးတဲ့ Hambntota ဆိပ်ကမ်း ဖြစ်ပါတယ်။ စီမံကိန်းအတွက် တရုတ်အကြွေးတွေကို သီရိလင်္ကာက မဆပ်နိုင်တဲ့အခါ တရုတ်နိုင်ငံပိုင် China Merchants Port Holdings ကုမ္ပဏီကို ဆိပ်ကမ်းပိုင်ဆိုင်မှုရဲ့ ၈၀ ရာခိုင်နှုန်း ပေးဖို့အတွက် ၂၀၁၆ ခုနှစ်မှာ သဘောတူခဲ့ရပါတယ်။
ကုန်သွယ်ရေးသမဂ္ဂနဲ့ နိုင်ငံရေးအတိုက်အခံတွေကြောင့် နောက်ပိုင်းမှာ ပိုင်ဆိုင်မှုကို ၇၀ ရာခိုင်နှုန်းအထိ တရုတ်က လျှော့ချပေးခဲ့ပါတယ်။ အဲဒီဆိပ်ကမ်းဟာ သီရိလင်္ကာအစိုးရနဲ့ ‘ပူးတွဲလုပ်ငန်း’ လို့ လက်ရှိ အမည်ခံထားပေမယ့် တကယ်တမ်း ဘေဂျင်းဟာ မဟာဗျူဟာမြောက်တဲ့ ဒီဆိပ်ကမ်းရဲ့ အချုပ်အခြာအာဏာကို ထိန်းချုပ် ထားတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ တရုတ်က သူတို့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြား စစ်စခန်းဖွင့်ခဲ့တဲ့ အာဖရိကက ဒီဘောက်တီနိုင်ငံမှာလည်း အလားတူအဖြစ်အပျက်မျိုးကို မြင်နိုင်ပါတယ်။ အာဖရိကဦးချိုဒေသ၊ ပင်လယ်နီနဲ့ ဆူးအက်တူးမြောင်းရဲ့ ၀င်ပေါက် စတဲ့မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိနေတဲ့ နိုင်ငံငယ်လေး ဒီဘောက်တီဟာ
အိန္ဒိယသမုဒ္ဒရာရဲ့ ကမ်းရိုးတမ်းတစ်လျှောက်မှာ တရုတ်က တည်ဆောက်နေတဲ့၊ အဆင့်မြှင့်တင်နေတဲ့ ဆိပ်ကမ်းတွေကို ချိတ်ဆက်ပေးဖို့အတွက် အရေးပါတဲ့ ဒေသတစ်ခု ဖြစ်လာပါတယ်။
တိတိကျကျပြောရရင် အမေရိကန်နဲ့ ပြင်သစ်တို့လို နိုင်ငံခြား စစ်စခန်းတွေနည်းတူ တရုတ်ကို စစ်ခန်းချဖို့ နေရာပေးလိုက်ခြင်းက ဒီဘောက်တီအတွက် အလွန်အမင်းလိုအပ်နေတဲ့ နိုင်ငံခြားငွေကြေးကို ရရှိစေပါတယ်။
ဒါပေမယ့် သေးငယ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ ဒီဘောက်တီဟာ ဆိပ်ကမ်းအသစ်တစ်ခု၊ အဲဒီဆိပ်ကမ်းနဲ့ အီသီယိုးပီးယားမြို့တော် အက်ဒစ် အဘာဘာကို ဆက်သွယ်ထားတဲ့ ရထားလမ်း၊ လေဆိပ်သစ်တစ်ခုနဲ့ အီသီယိုးပီးယားက ရေချိုပိုက်လိုင်းတွေအတွက် တရုတ်ဆီကချေးငွေကို ပြန်ပေးရမယ့် ငွေပမာဏဟာ အဆမတန် များပြားလာခဲ့ပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ချေးငွေပမာဏဟာ အနည်းဆုံး ကန်ဒေါ်လာ ၁.၁ ဘီလီယံရှိနေပြီး ဒီဘောက်တီက ပြန်ပေးနိုင်တယ်လို့ ယူဆရတဲ့ ပမာဏထက် များပြားနေတယ်လို့ ဆန်းစစ်လေ့လာရေးအဖွဲ့တွေက သုံးသပ်ပါတယ်။
ပါကစ္စတန်လို သက်တမ်းရင့်မိတ်ဆွေလည်းဖြစ် မဟာမိတ်လည်းဖြစ်တဲ့ နိုင်ငံမှာတောင်မှ တရုတ်က ရင်းနှီးမြှုပ်နှံမှုကို နှစ်ရှည်ချေးငွေတွေ၊ အကြွေးတွေနဲ့ ချည်နှောင်ထားပါတယ်။ သူတို့ဦးစီးတဲ့ စီမံကိန်းတွေအတွက် သူတို့ပစ္စည်းတွေကိုသာ ပါကစ္စတန်ကို တရုတ်က ၀ယ်ခိုင်းပြီး ပါကစ္စတန်ဟာ အကြွေးပေါ် အကြွေးထပ်သွားပါတယ်။
ရလဒ်အနေနဲ့ ပါကစ္စတန်ရဲ့ စုစုပေါင်းအကြွေးဟာ ကန်ဒေါ်လာ ၉၁.၈ ဘီလီယံအထိ မြင့်တက်လာပြီး ဂျီဒီပီနဲ့ အချိုးချရင် ၇၀ ရာခိုင်နှုန်းလောက် ဖြစ်လာတာပါ။ အစောပိုင်း တရုတ်ဆီကယူထားတဲ့ အကြွေး ၃ ပုံ ၂ ပုံဟာ အတိုးအပေါ်အတိုးဆင့်သွားပြီး အိန္ဒိယ လေ့လာဆန်းစစ်သူ မီဟရီ ရှက်မာက တရုတ်ရဲ့ ၇ ရာခိုင်နှုန်း အတိုးဆိုတာ ‘မဟားဒယားအတိုးဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ ပါကစ္စတန်တို့ဟာ နီးကပ်တဲ့ မဟာမိတ်မျိုး ဖြစ်ပြီး နောက်ထပ် အိန္ဒိယလေ့လာသူတစ်ယောက်က ဒါဟာ ‘မိတ်ဆွေအချင်းချင်း လုပ်ရမယ့်ကိစ္စမျိုး’ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပါကစ္စတန် ဂွါဒါဒေသက ဆိပ်ကမ်းကြီးတစ်ခု ဆောက်လုပ်မှုမှာ တရုတ်ကုမ္ပဏီတွေ ပါဝင်နေပါတယ်။ ဒီနေရာက တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ နောက်ထပ်ထွက်ပေါက်တစ်ခုပါ။ ဒါပေမယ့် ကာရာကိုရန် တောင်တန်းတွေကနေတဆင့် ကက်ရှ်ဂါရ်ဒေသအထိ ရှည်လျားကြမ်းတမ်းတဲ့ လမ်းကြောင်းကြောင့် ဒီထွက်ပေါက်ကို အရှေ့အလယ်ပိုင်းကရေနံတွေ တင်ပို့ဖို့ အသုံးပြုမလားဆိုတာ မသေချာပါဘူး။ ရာသီဥတုမကောင်းတာ၊ တောတောင်ထူထပ်တာနဲ့ ဝေးလံခေါင်ဖျားတာတွေကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတောင်မှ အကန့်အသတ် ရှိနေပါတယ်။
ဂွါဒါကဆိပ်ကမ်း အရေးပါတာဟာ နေရာကြောင့်ဖြစ်ပြီး အာရေဗျပင်လယ် ကမ်းရိုးတမ်းမှာ တရုတ်အတွက် နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိစေမှာ ဖြစ်ပါတယ်။ တရုတ်က ဒီဆိပ်ကမ်းအသုံးပြုခွင့်ထဲမှာ အနာဂတ် တရုတ်စစ်သင်္ဘောတွေ ဒေါက်တင်ဖို့အထိပါ ပါဝင်နိုင်ဖွယ်ရှိနေပြီး တရုတ်နဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ ဆိပ်ကမ်းနားမှာ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်တစ်ခု တည်ဆောက်နေပေမယ့် ‘ပါကစ္စတန် စင်္ကြံ’ လို့လည်း ခေါ်တဲ့ အဲဒီ ဂွါဒါဟာ စီပွားရေးထက် မဟာဗျူဟာအရ ပိုပြီး အရေးပါတာ ဖြစ်ပါတယ်။
အိန္ဒိယသမုဒ္ဒရာကိုထွက်မယ့် တရုတ်ရဲ့ လမ်းကြောင်းနှစ်ခုထဲမှာ မြန်မာနိုင်ငံကိုဖြတ်တဲ့ လမ်းကြောင်းဟာ ကုန်သွယ်ရေးအရ ပိုမိုအရေးပါပြီး၊ အရှေ့အလယ်ပိုင်းက ရေနံတင်သွင်းမှုလမ်းကြောင်း၊ အာဖရိက၊ ဥရောပတို့နဲ့ ကုန်သွယ်ရေး အသွားအပြန်လမ်းကြောင်းတွေ လုံခြုံဖို့ လိုအပ်နေတဲ့ တရုတ်ရဲ့ ရေရှည်မဟာဗျူဟာသြဇာအရ ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အရေးပါမှုက ပါကစ္စတန်နောက်ကို မရောက်ပါဘူး။
တရုတ်ဟာ မြန်မာနိုင်ငံကိုဖြတ်ကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တည်ဆာက်ထားပြီး ဒါဟာ စိတ်မချစရာဖြစ်လာနိုင်တဲ့ မလာကာရေလက်ကြားကို ကျော်လွှားနိုင်ခဲ့တဲ့ အရေးပါတဲ့ မဟာဗျူဟာမြောက် လမ်းကြောင်းလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စွမ်းအင်တင်သွင်းမှု ၈၀ ရာခိုင်နှုန်းလောက်ဟာ မလေးရှားနဲ့ အင်ဒိုနီးရှားအကြားမှာရှိတဲ့ မလာကာရေလက်ကြားကို ဖြတ်သန်းရပြီး ပဋိပက္ခဖြစ်လာရင် အမေရိကန်က ဒီရေလက်ကြားကို ပိတ်ဆို့လိုက်မလားဆိုတဲ့ စိုးရိမ်မှုမျိုး တရုတ်မှာ ရှိနေပါတယ်။ ရခိုင်ကမ်းရိုးတန်းကနေ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားတဲ့ ဒီပိုက်လိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဘယ်လောက်များများ သယ်ဆောင်နိုင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် မလာကာရေလက်ကြားကို အသုံးပြုကာ တင်သွင်းရတဲ့ ပမာဏနဲ့ ကာမိအောင် အစကတည်းက ဒီဇိုင်းဆွဲ တည်ဆောက်တာ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံကို ဖြတ်သွားတဲ့ မဟာဗျူဟာမြောက် လမ်းကြောင်းတစ်ခု တည်ဆောက်ရေးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ရည်မှန်းချက်ကြီးတဲ့ BRI စီမံကိန်းထက်အရင် ပေါ်ထွက်လာတဲ့ ပေါ်လစီတစ်ခုပါ။၂၀၁၃ ခုနှစ်မှာ ပေါ်ထွက်လာခဲ့တဲ့ BRI စီမံကိန်းအရ အာရှ-ပစိဖိတ်နဲ့ အဲဒီအလွန်ဒေသတွေမှာ တရုတ်အကူအညီ၊ ချေးငွေတွေနဲ့ အခြေခံအဆောက်အဦးတွေ အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။
တရုတ်နဲ့ကပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်မှာ လူရုပ် ၄ ခုပါဝင်တဲ့ အထိမ်းအမှတ် ရုပ်ထုကြီးတစ်ခု ရှိနေပြီး သူတို့ရဲ့ ပြတ်သားတဲ့ မျက်နှာတွေက တရုတ်နိုင်ငံရဲ့ ပိုင်နက်ငယ်လေးဖြစ်တဲ့ ကျယ်ဂေါင်ဒေသကို ဦးတည်နေတဲ့ ရူလီမြစ်ကူးတံတားရှိရာ တောင်ဘက်ကို လှည့်ထားပါတယ်။
အဲဒီအထိမ်းအမှတ်ရုပ်ထုရဲ့ အောက်ခြေမှာ တရုတ်ဘာသာစကားနဲ့ ရေးထိုးထားတဲ့ စာဟာ “ပေါင်းစည်းမှု၊ မီးတောက်မီးလျှံ၊ လမ်းကြောင်းများ၊ ရှေသို့” လို့ အဓိပ္ပါယ်ရပြီး နယ်စပ်ဒေသမှာနေတဲ့ ဒေသခံတွေကတော့ “အရှေ့တောင်အာရှရေ၊ ငါတို့လာပြီဟေ့” လို့ အဓိပ္ပါယ် ပြန်ကြပါတယ်။
ဒီအထိမ်းအမှတ်ရုပ်ထုကြီးရဲ့ ထူးခြားချက်က တည်ရှိရာနေရာ မဟုတ်ပါဘူး။ မြန်မာပိုင်နက်တွေ ၀ိုင်းရံထားပြီး ၂ စကွဲယားကီလိုမီတာအကျယ်ရှိတဲ့ ကျယ်ဂေါင်ဟာ စီးပွားရေးအချက်အခြာနေရာ၊ မြန်မာနိုင်ငံနဲ့ အခြားဒေသတွေက ဈေးကွက်တွေရဲ့ ဂိတ်ဝ ဖြစ်လာနေတာပါ။
၁၉၉၃ ခုနှစ် နယ်စပ်တံတားတည်ဆောက်ပြီးစအချိန်ကို ကြည့်မယ်ဆိုရင် ကျယ်ဂေါင်ဟာ စပါးခင်းတွေ၊ တဲအိမ်တွေ ဟိုတစ်စု၊ ဒီတစ်စုထက် မပိုပါဘူး။ ၂၅ နှစ်ကြာပြီးတဲ့နောက်မှာတော့ မိုးမျှော်အဆောက်ဦးတွေ၊ ဇိမ်ခံဟို တယ်တွေ၊ ပစ္စည်းစုံတဲ့ စတိုးဆိုင်ကြီးတွေ၊ တရုတ်နိုင်ငံတစ်ဝှမ်းက ၀ယ်လာဘ်တွေ စုဝေးရာ ကျောက်စိမ်းဈေးကွက်တစ်ခုနဲ့ စည်ကားတဲ့နေရာ ဖြစ်လာပါတယ်။
မနက်တိုင်း တရုတ်လုပ်ကုန်ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကုန်ကားတန်းကြီးဟာ ကျယ်ဂေါင်က နယ်စပ်ဂိတ်ကိုဖြတ်သန်းကာ မြန်မာဖက်က နယ်စပ်မြို့ မူဆယ်ကို ၀င်လာကြပါတယ်။ အဲဒီကနေတစ်ဆင့် လားရှိုး၊ မန္တလေး၊ ရန်ကုန်နဲ့ မြန်မာနိုင်ငံက အခြားမြို့ကြီးတွေ၊ မြို့ငယ်တွေကို သွားရောက်ကြပြီး အိန္ဒိယနဲ့ထိစပ်နေတဲ့ တမူးမြို့အထိအောင် ရောက်ရှိကြပါတယ်။
တမူးကနေတစ်ဆင့် အိန္ဒိယနယ်စပ်မြို့ မိုးယေးကို သယ်ဆောင်သွားကြပြီး အင်ဖာလ်၊ ဒီမာပူရ်၊ ကိုဟီမာနဲ့ ဂူဝါဟာတီတို့လို အိန္ဒိယကမြို့တွေဆီ ပို့ဆောင်ကြပါတယ်။ မြန်မာနိုင်ငံတင်မကဘဲ အိန္ဒိယနိုင်ရဲ့ အရှေ့မြောက်ပိုင်းအထိ ဈေးချိုတဲ့ တရုတ်လုပ်ကုန်ပစ္စည်းတွေ စီးဆင်းနေကြပါပြီ။
တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ မြန်မာနိုင်ငံအနောက်ပိုင်း ကျောက်ဖြူမြို့ဟာ တရုတ်က အမြန်ရထားလမ်းဖောက်လုပ်ချင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ တရုတ်နဲ့ မြန်မာတို့ဟာ ကန်ဒေါ်လာ ၂၀ ဘီလီယံလောက်ကုန်ကျမယ့် ရထားလမ်းဖောက်လုပ်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
တရုတ်ရဲ့ ရည်ရွယ်ချက်တွေ၊ အကြွေးနွံနစ်မယ့်အခြေအနေတွေကို ရိပ်မိလာတာကြောင့် ဦးသိန်းစိန်အစိုးရဟာ နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ရက်လွန်ခံခဲ့ပါတယ်။ ဒါဟာ ကန်ဒေါ်လာ ၃.၉ ဘီလီယံတန်ဖိုးရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းပြီး ၃ နှစ်အကြာမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့် မြစ်ဆုံမှာ သူတို့ရင်းနှီးထားတဲ့ ကန်ဒေါ်လာ သန်း ၈၀၀ ကို မြန်မာနိုင်ငံက ပြန်ပေးရမယ်လို့ တရုတ်နိုင်ငံပိုင် လုပ်ငန်းက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက လေ့လာဆန်းစစ်သူတွေက တရုတ်ဟာ ကျောက်ဖြူကိုရဖို့အတွက် ဒီပျော့ကွက်ကို အသုံးချကာ အပေးအယူလုပ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
သူတို့ဆီကနေ လယ်ယာသုံး ယာဉ်တွေ၊ စက်ကိရိယာတွေကို ၀ယ်ယူဖို့အတွက် ၂၀၁၃ ခုနှစ်မှာ တရုတ်ဟာ မြန်မာကို ကန်ဒေါ်လာ သန်း ၂၀၀ နှစ်ရှည်ချေးငွေ ထပ်တိုးပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအခြေစိုက် စီးပွားရေးသမားတစ်ဦးက ဒီချေးငွေရဲ့ တစ်ပြားတစ်ချပ်မှ နယ်စပ်ဖြတ်ကျော် ရောက်မလာခဲ့ဘူးလို့ Asia Times ကို ပြောကြားခဲ့ပါတယ်။ အဲဒီငွေတွေအားလုံးကို တရုတ်ဆီကနေ စက်ပစ္စည်းတွေဝယ်ဖို့ အသုံးပြုလိုက်ရပြီး၊ ၀ယ်ထားတာတွေကလည်း ဘာမှ အသုံးမ၀င်ဘူးလို့ သူက ဆိုပါတယ်။
အဲဒီအကြွေးတွေကို မြန်မာနိုင်ငံက ပေးဆပ်နေရတုန်းပါ။ တရုတ်က ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဖြစ်အောင်လုပ်မယ့် ကျောက်ဖြူစီမံကိန်း စီစဉ်ထားတဲ့အတိုင်း ဆက်သွားမယ်ဆိုရင် တရုတ်နိုင်ငံအတွက်သာ ပိုပြီးအကျိုးရှိမယ့် ဒီစီမံကိန်းအတွက် မြန်မာနိုင်ငံဟာ အကြွေးနွံ ထပ်နစ်တော့မှာ ဖြစ်ပါတယ်။
အာဏာပိုင်တွေက သူတို့ဟာ ဒီစီမံကိန်းရဲ့ အခြေအနေတွေ၊ ကုန်ကျစားရိတ်တွေကို လက်ရှိမှာ ပြန်လည်သုံးသပ်နေတယ်လို့ ပြောပေမယ့် တရုတ်ရဲ့ စီပွားရေးအင်အားတောင့်တင်းမှု၊ နိုင်ငံရဲ့ အကြွေးထူနေတဲ့ပျော့ကွက် အကိုင်ခံထားရမှုကို ကျော်လွန်ပြီး မြန်မာအစိုးရက လွတ်လမ်းရှာ စဉ်းစားနိုင်မလားဆိုတာ မသေချာမရေရာတဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။
Ref: Asia Times
(Asia Times တွင်ဖော်ပြထားသည့် Myanmar risks falling into a China debt trap ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments