ဇူလိုင် ၂၀၊ ၂၀၁၈
M-Media
– နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီ NIS က ငွေတွေ ပျောက်ဆုံးမှု၊ ၂၀၁၆ ခုနှစ် လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် သမ္မတဟောင်း ပက်ဂျုံဟေးကို တောင်ကိုရီးယားက ဒီကနေ့မှာ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ထပ်မံ ချမှတ်လိုက်ပါတယ်။
ပက်ဂျုံဟေးဟာ ဧပြီလတုန်းက ခြစားမှုစွဲချက်တွေနဲ့ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။
ဆိုးလ်ခရိုင်တရားရုံး တရားသူကြီး ဆွန်ချန်ဟိုက ပက်ဂျုံဟေးဟာ NIS အကြီးအကဲ ၃ ယောက်စီက ၃ နှစ်အတွင်း ၀မ် ၃ ဘီလီယံကို ရယူခဲ့ပြီး တိုင်းပြည်ဘဏ္ဍာတွေကို အများအပြား ဆုံးရှုံးစေခဲ့တယ်လို့ အမိန့်ချမှတ်မှုမှာ ပြောကြားခဲ့ပါတယ်။
ထောက်လှမ်းရေးအကြီးအကဲ ၃ ဦးကလည်း သူတို့ဟာ ပက်ဂျုံဟေးရဲ့ အမိန့်နဲ့ ငွေတွေ ပေးခဲ့ရတယ်လို့ တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ပါတယ်။
ပက်ဂျုံဟေးကတော့ စွဲဆိုချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ် အာဏာရ Saenuri ပါတီက လွှတ်တော်ရွေးကောက်ပွဲဝင်မယ့်သူတွေကို ရွေးချယ်ရာမှာ ၀င်ရောက်စွက်ဖက်မှုနဲ့လည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီကနေ့ ထောင်ဒဏ် ၈ နှစ် ထပ်မံချမှတ်ခံခဲ့ရတာကြောင့် ပက်ဂျုံဟေးရဲ့ ထောင်ဒဏ်ဟာ စုစုပေါင်း ၃၂ နှစ် ရှိလာပြီဖြစ်ပါတယ်။
သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းကာ ခြစားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပက်ဂျုံဟေးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ လွှတ်တော်မှာ အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချခံလိုက်ရပြီး ၃ လအကြာ အခြေခံဥပဒေ ခုံရုံးကို သူမကို တရားဝင် ရာထူးက ဖယ်ရှားခဲ့ပါတယ်။
သူမဟာ ခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုခံရတဲ့ ၃ ဦးမြောက် တောင်ကိုရီးယား သမ္မတဟောင်းလည်း ဖြစ်ပါတယ်။
Ref: Aljazeera
Comments