သြဂုတ် ၁၆၊ ၂၀၁၈
M-Media
– ပထမဆုံး ဆိုမာလီ-အမေရိကန် ပြည်နယ်လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ မွတ်စလင်အမျိုးသမီး အီလ်ဟမ် အိုမာရ်ဟာ အမေရိကန်နိုင်ငံရေးသမိုင်းမှာ နောက်ထပ် သမိုင်းသစ်ရေးထိုးဖို့ နီးစပ်လာပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ မင်နီဆိုတာပြည်နယ်က ခရိုင်တစ်ခုကို ကိုယ်စားပြုဖို့အတွက် အင်္ဂါနေ့က ဒီမိုကရက်တစ်ပါတီအတွင်း အမတ်လောင်းရွေးချယ်ပွဲမှာ အီလ်ဟမ်တစ်ယောက် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် အောက်လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ သူမသာ အရွေးခံရမယ်ဆိုရင် အောက်လွှတ်တော်မှာ အမတ်ဖြစ်လာမယ့် ပထမဆုံး ဆိုမာလီ-အမေရိကန်အဖြစ်မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
“လူ့အဖွဲ့အစည်း ညီညွတ်ဖို့၊ စွမ်းဆောင်ရည်မြင့်ဖို့အတွက် ကျွန်မတို့ ကြိုးစားခဲ့တာတွေဟာ ဒီကနေ့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ကျွန်မတို့ အောင်နိုင်ပါတယ်။ ကျွန်မရဲ့ မဲဆွယ်ရေးအဖွဲ့တွေ၊ စေနတနာ့ဝန်ထမ်းတွေ၊ ကျွန်မတို့ခရိုင်က ပြည်သူတွေဟာ ပိုမိုတရားမျှတပြီး၊ တန်းတူညီတဲ့ လူ့အဖွဲ့အစည်းကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီအတွက် နေ့စဉ်တိုက်ပွဲဝင်နိုင်ဖို့ တွန်းအားတွေ ဖြစ်ပါတယ်” လို့ အီလ်ဟမ် အိုမာရ်က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
မီချီဂန်ပြည်နယ်က ဒီထရွိုက်ခရိုင်အတွက် ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရာမှာ ပါလက်စတိုင်းနွယ်ဖွား ရာရှီဒါ တလာအစ် အနိုင်ရရှိခဲ့ပြီး နိုဝင်ဘာ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ သူ့ခရိုင်က နောက်ထပ် ပြိုင်ဘက်မရှိတာကြောင့် ရရှီဒါဟာ အမေရိကန်မှာ ပထမဆုံး မွတ်စလင်အမျိုးသမီး အောက်လွှတ်တော်အမတ် ဖြစ်လာမှာ ဖြစ်ပါတယ်။
“ရှင်နဲ့ လက်တွဲပြီး အမေရိကန်အောက်လွှတ်တော်ကို ၀င်ရောက်ဖို့အတွက် ကျွန်မ မစောင့်နိုင်တော့ပါဘူး။ ရှင့်အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်” လို့ ရရှီဒါက အီလ်ဟမ် အိုမာရ်ကို ရည်ညွှန်းပြီး Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အီလ်ဟမ်ဟာ ၂၀၁၆ ခုနှစ်က မင်နီဆိုတာပြည်နယ်လွှတ်တော်ရဲ့ အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး အမေရိကန်သမိုင်းမှာ ပြည်နယ်လွှတ်တော်အမတ်ဖြစ်လာတဲ့ ပထမဆုံး ဆိုမာလီနွယ်ဖွားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နိုဝင်ဘာမှာ ကျင်းပပြုလုပ်မယ့် ဖက်ဒရယ်လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ အနည်းဆုံး မွတ်စလင်ကိုယ်စားလှယ်လောင်း ၉၀ လောက်က ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
Ref: Aljazeera
Comments