စက်တင်ဘာ ၁၃၊ ၂၀၁၈
M-Media

– နိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မိမိတို့အနေနဲ့ အတည်တကျ အခြေချနေထိုင်ခွင့်ပေးမှာမဟုတ်ဘဲ သူတို့ဟာ မြန်မာနိုင်ငံသားတွေသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူလ်ဟက်က မနေ့မှာ ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လကနေစပြီး ရိုဟင်ဂျာ ၇ သိန်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
ဒီလူတွေကို ၂ လအတွင်း နေရပ်ပြန်လည်ပို့ဆောင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သဘောတူညီချက်တစ်ခု ရရှိခဲ့ပေမယ့် အစီအစဉ်ကိုတော့ မစနိုင်ခဲ့ပါဘူး။
“ဘင်္ဂလားဒေ့ရှ်မှာ သူတို့ကို အမြဲတမ်း လက်ခံသွားဖို့ ကျွန်တော်တို့ စဉ်းစားမထားပါဘူး။ သူတို့ဟာ မြန်မာနိုင်ငံပါ” လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူလ်ဟက်က ပြောကြားခဲ့ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားမှု အခြေခံကာ ပိုမိုခေါ်ယူဖို့လည်း သူက တိုက်တွန်းခဲ့ပြီး၊ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်တဲ့အထိ၊ ဒါမှမဟုတ် တစ်ခြားနိုင်ငံမှာ အခြေချတဲ့အထိ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ်သာ နေထိုင်သွားရမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒုက္ခသည်တွေကို လူမနေတဲ့ ကျွန်းတစ်ခုကို ပို့ဆောင်ဖို့ ပြင်ဆင်နေပါတယ်။
နိုင်ငံခြားရေးဝန်ကြီးက ဘာဆန်ချားလို့ခေါ်တဲ့ ဒီကျွန်းဟာ လအနည်းငယ်အတွင်း အဆင်သင့်ဖြစ်မှာဖြစ်ပြီး ဒီနေ့မှာ သူတို့ကို ခဏသာ ထားရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီကျွန်းဟာ ရေကြီးရေလျှံလေ့ရှိတဲ့အတွက် ဒုက္ခသည်တွေအတွက် အန္တရာယ်ရှိတယ်လို့ ဝေဖန်ပြောကြားထားပါတယ်။
Ref: Reuters