News @ M-Media

ရိုက်နှက်မှုကို မဟန့်တားဘဲ ရပ်ကြည့်နေသည့် အိန္ဒိယရဲများ တာဝန်မှ ရပ်စဲခံရ

စက်တင်ဘာ ၁၇၊ ၂၀၁၈
M-Media

ဇူလိုင်လက မွတ်စလင်တစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံရမှု မြင်ကွင်းတစ်ခု

– မွတ်စလင်အမျိုးသားတစ်ယောက် ရိုက်နှက်ခံနေရမှုကို ရပ်ကြည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို အိန္ဒိယက မနေ့မှာ ရာထူးကနေ ရပ်စဲခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ် မြို့တော် အင်မ်ဖာမှာ ကြာသာပတေးနေ့က စီးပွားရေးဘွဲ့ရ မွတ်စလင်ကျောင်းသားတစ်ဦးကို လူတစ်စုက ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့ပြီး ဒီအဖြစ်အပျက် ဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ပါတယ်။

အခင်းဖြစ်ပွားနေတဲ့အချိန် ရဲတပ်ဖွဲ့ဝင်လေးဦးဟာ အနီးအနားမှာရှိနေပေမယ့် ၀င်ရောက်ဟန့်တားခြင်းမရှိဘဲ ရပ်ကြည့်နေတာကိုလည်း ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့အပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် တပ်ဖွဲ့ဝင် ၄ ဦးဟာ ရာထူးကနေ ရပ်စဲခံခဲ့ရပါတယ်။

အင်ဖာလ်ရဲတပ်ဖွဲ့တာဝန်ရှိသူ Jogeshchandra Haobijam က အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကလည်း အိန္ဒိယနိုင်ငံအနောက်ပိုင်း ပြည်နယ်တစ်ခုမှာ မွတ်စလင် အသားကုန်သည်တစ်ဦးကို ဟိန္ဒူလုပ်အုပ်စုက ရိုက်နှက်နေတဲ့အချိန် ရဲတပ်ဖွဲ့က ၀င်ရောက်ဟန့်တားခြင်း မရှိတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ရိုက်နှက်ခံရသူဟာ နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် သေဆုံးသွား ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ မြင့်တက်လာခဲ့ပါတယ်။

Ref: Daily Mail