အောက်တိုဘာ ၁၄၊ ၂၀၁၈
M-Media
– ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေအပေါ် တရုတ်ဇာတ်သွင်းမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တိုင်းရင်းသားညီညွတ်မှုနဲ့ ဘာသာရေးသဟဇာတဖြစ်ဖို့ ရည်ရွယ်တယ်လို့ ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ယူချွမ်က ပြောကြားလိုက်ပါတယ်။
ယိုချွမ်ဟာ ကွန်မြူနစ်ပါတီက တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ ကြီးကြပ်မှုဌာန United Front Work ရဲ့ အကြီးအကဲဖြစ်ပြီး အခုတစ်ပါတ်အတွင်း ရှင်ကျန်းပြည်နယ်ကို သွားရောက်လည်ပတ်ရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ဘာသာရေးဆိုင်ရာမှာ ပါတီရဲ့ခေါင်းဆောင်မှု ဆက်ရှိသွားမှာပါ။ ဘာသာရေးအစွန်းရောက်ဝါဒ စိမ့်ဝင်မှုကို စောင့်ကြည့် ဆန့်ကျင်ရပါမယ်”
တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ ၀ီဂါနဲ့ အခြားမွတ်စလင် ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးကာ အယူတိမ်းအောင် ဆောင်ရွက်နေတယ်၊ ညှင်းပမ်းနှိပ်စက်နေတယ်လို့ သတင်းထွက်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တရုတ်ကတော့ ထိန်းသိမ်းထားတာကို ၀န်ခံခဲ့ပေမယ့် ညှင်းပမ်းတယ်ဆိုတဲ့ သတင်းတွေကိုတော့ ငြင်းဆိုခဲ့ပြီး ရှင်ကျန်းပြည်နယ်ဟာ အစ္စလာမ့်မစ်စစ်သွေးကြွတွေ၊ ခွဲထွက်ရေးသမားတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
ယူချွမ်က ဘာသာရေးအသိုင်းအ၀ိုင်းကလူတွေအနေနဲ့ တိုင်းပြည်နဲ့ ဘာသာတရားကို ချစ်မြတ်နိုးစိတ်ဆိုတဲ့ ဓလေ့ထုံးတမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းတာဟာ ဘာသာတရားကို ဥပဒေနဲ့အညီ မှန်မှန်လိုက်နာကျင့်သုံးမှုဆီ ဦးတည်စေနိုင်ပြီး၊ အစ္စလာမ်သာသနာ ထွန်းကားဖွံ့ဖြိုဖို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ယူဟာ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ အရေးပါတ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
Ref: CNA
Comments